ကားတွေမှာ တပ်ဆင်တဲ့ ဖောင်းကြွနံပါတ်ပြားများ ပြောင်းလဲလာပုံ အဆင့်ဆင့်


မော်တော်ယာဉ် နံပါတ်ပြားအား ယခင်က ဆေးဖြင့်သာ ရေးသားခဲ့ပြီး ၁၉၉၉ ခုနှစ်မှ စတင်၍ မြန်မာ အက္ခရာဖောင်းကြွ နံပါတ်ပြားများအဖြစ် စတင် ပြောင်းလဲ တပ်ဆင်ခဲ့သည်။ 

 

(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲ ကျင်းပစဉ် ကာလအတွင်း ပို့ဆောင်ရေးကဏ္ဍကို အထောက်အကူ ပြုနိုင်စေရန်အတွက် မော်တော်ယာဉ်များ၏ ဖောင်းကြွနံပါတ်ပြားများတွင် မြန်မာအက္ခရာ ဂဏန်းများအစား အင်္ဂလိပ်အက္ခရာ ဂဏန်းများသို့ ပြောင်းလဲခြင်းကို ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလမှ စတင်၍ ပြောင်းလဲ ကျင့်သုံးခဲ့သည်။ 

 

၂၀၁၉ ခုနှစ်တွင် နောက်တွဲယာဉ်များနှင့် စက်ယန္တရားများမှအပ မော်တော်ယာဉ် အမျိုးအစားအားလုံးတွင် လုံခြုံရေးဆိုင်ရာ အချက်အလက် (Security Features) များ ထပ်မံ ထည့်သွင်းထားသည့် အင်္ဂလိပ်အက္ခရာ ဖောင်းကြွနံပါတ်ပြားများကို ပြောင်းလဲ ဆောင်ရွက်ခဲ့သည်။ 

 

ထို့နောက် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင် နောက်တွဲယာဉ်များကိုလည်း အဆိုပါ အင်္ဂလိပ်အက္ခရာ ဖောင်းကြွနံပါတ်ပြားများအဖြစ် ပြောင်းလဲ တပ်ဆင်ခဲ့သည်။

 

မော်တော်ယာဉ်မှတ်ပုံတင် နံပါတ်ပြားများကို အခြားတရားမဝင်ယာဉ်များတွင် တပ်ဆင် အသုံးပြုမှုကို ထိန်းချုပ် တားဆီးနိုင်ရန်၊ မော်တော်ယာဉ်တွင် တပ်ဆင်ထားသော ယာဉ်နံပါတ်နှင့် မော်တော်ယာဉ်တို့ ကိုက်ညီ မှန်ကန်မှု ရှိစေရန်အတွက် မော်တော်ယာဉ် တည်ရှိသည့် မြို့နယ်ကိုယ်စားပြု ဂဏန်းဖော်ပြချက်နှင့် မော်တော်ယာဉ် အမျိုးအမည် ဖော်ပြချက်တို့ ပါရှိသော အင်္ဂလိပ်အက္ခရာ မော်တော်ယာဉ် ဖောင်းကြွနံပါတ်ပြား ပုံစံအသစ်ကို ၂၀၂၁ ခုနှစ်တွင် ထပ်မံ ပြောင်းလဲ ဆောင်ရွက်ခဲ့သည်။

 


မော်တော်ယာဉ်နံပါတ်ပြား၏ အရောင်များအား ယာဉ်များကို အသုံးပြုသည့် လုပ်ငန်းအမျိုးအစားနှင့် အဖွဲ့အစည်းပေါ် မူတည်၍ ဖေါင်းကြွနံပါတ်ပြား အမျိုးအစားများ ခွဲခြား သတ်မှတ်ပေးထားသည်။

 

သံရုံး/အဖွဲ့အစည်းပိုင်ယာဉ်    
အောက်ခံအရောင် အဖြူ၊     စာလုံးအရောင် အနက်

သာသနာပိုင်ယာဉ်    
အောက်ခံအရောင် အဝါ၊ စာလုံးအရောင် အနက်

ခရီးသွားလုပ်ငန်းယာဉ်    
အောက်ခံအရောင် အပြာ၊ စာလုံးအရောင် အဖြူ

ကိုယ်ပိုင်ယာဉ်/ ဆိုင်ကယ်/ ယန္တရား    
အောက်ခံရောင် အနက်၊ စာလုံးအရောင် အဖြူ

အငှါးယာဉ်/နောက်တွဲယာဉ်    
အောက်ခံရောင် အနီ၊ စာလုံးအရောင် အဖြူ

လှူဒါန်းယာဉ်    
အောက်ခံရောင် အစိမ်း၊ စာလုံးအရောင် အဖြူ

နိဗ္ဗာန်ယာဉ်    
အောက်ခံရောင် နီညို၊ စာလုံးအရောင် အဖြူ

Read 333 times