မော်တော်ယာဉ် စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအကြောင်း သိကောင်းစရာ


ယာဉ်စစ်ဆေးရေးဌာန၏ လုပ်ငန်းတာဝန်များမှာ မော်တော်ယာဉ် မှတ်ပုံတင်ခြင်းဆိုင်ရာ ယာဉ်နှင့်ပတ်သက်သော လိုအပ်သည့် အချက်အလက်များ ရယူ စစ်ဆေးခြင်း၊ အများပြည်သူဆိုင်ရာ လမ်းများပေါ်တွင် အန္တရာယ်ကင်းရှင်းစွာ မောင်းနှင် သွားလာနိုင်မှု ရှိမရှိ စစ်ဆေးခြင်းနှင့် မော်တော်ယာဉ်များ ဘေးအန္တရာယ် ကင်းရှင်းရန် စံနှုန်းသတ်မှတ်ခြင်းတို့ ဖြစ်သည်။

ယာဉ်စစ်ဆေးရေးဌာနတွင် လူစီးယာဉ်၊ ကုန်တင်ယာဉ် (ဝန်ပေါ့)၊ ကုန်တင်ယာဉ် (ဝန်လေး)၊ ခရီးသည်တင်ယာဉ်၊ အခြားယာဉ်၊ နှစ်ဘီးတပ်ယာဉ်၊ သုံးဘီးတပ်ယာဉ်၊ ထရော်လာဂျီ၊ စက်ယန္တရားယာဉ်ကြီးများနှင့် နောက်တွဲယာဉ်များကို မှတ်ပုံတင် ဆောင်ရွက်ပေးလျက် ရှိသည်။

ပြည်ပမှ တင်သွင်းလာသည့် မော်တော်ယာဉ်များနှင့် ပြည်တွင်း၌ SKD, CKD စနစ်တို့ဖြင့် ထုတ်လုပ်သည့် မော်တော်ယာဉ်များတွင် လျှပ်စစ်စွမ်းအင် အသုံးပြုသည့် ယာဉ်အမျိုးမျိုးလည်း ပါဝင်နေသဖြင့် အဆိုပါ လျှပ်စစ်စွမ်းအင်သုံး ယာဉ်အမျိုးမျိုးနှင့် ပတ်သက်၍ မှတ်ပုံတင်ခြင်း ဆောင်ရွက်ရာတွင် အခြားနိုင်ငံများနည်းတူ ကန့်သတ်ချက်များ ထုတ်ပြန်ရန် လိုအပ်လာသည်။

ထို့ကြောင့် ပြည်ပမှ တင်သွင်းလာသည့် လျှပ်စစ်စွမ်းအင်သုံးယာဉ်များနှင့် ပြည်တွင်း၌ SKD, CKD စနစ်တို့ဖြင့် ထုတ်လုပ်သည့် လျှပ်စစ်စွမ်းအင်သုံး ယာဉ်များအားလုံး ကနဦးနှင့် နှစ်လဲ မှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဖော်ပြပါ ကန့်သတ်ချက်များအတိုင်း သတ်မှတ်၍ မှတ်ပုံတင် ဆောင်ရွက်ပေးမည် ဖြစ်သည်။

၁။ လျှပ်စစ်စွမ်းအင် အသုံးပြုသည့် ယာဉ်များအား မူလစက်ရုံထုတ် လျှပ်စစ် စွမ်းအင်စနစ်မှ အခြား လောင်စာဆီသုံးအင်ဂျင် (သမားရိုးကျအင်ဂျင်) တစ်မျိုးမျိုးသို့ ပြောင်းလဲ တပ်ဆင်ထားခြင်းကို လုံးဝ ခွင့်မပြုပါ။

၂။ လျှပ်စစ်စွမ်းအင် အသုံးပြုသည့်ယာဉ်များ၏ မူလစက်ရုံထုတ် လျှပ်စစ်စွမ်းအင် အသုံးပြုသည့် စနစ်ပျက်စီးသွားပါက မူလအသုံးပြုသည့် စွမ်းဆောင်ရည် တူညီသော Motor Power, Controller နှင့် (Power & Nos:) များအတိုင်းသာ ပြောင်းလဲ တပ်ဆင် ခွင့်ပြုမည် ဖြစ်သည်။

အဓိကအားဖြင့် ယာဉ်စစ်ဆေးရေးဌာနသည်…

  • ကနဦးမော်တော်ယာဉ် စစ်ဆေးခြင်း
  • နှစ်လဲမော်တော်ယာဉ် စစ်ဆေးခြင်း
  • ကိုယ်ထည်ပြောင်း၊ အစိတ်အပိုင်းပြောင်း၊ ဆေးရောင်ပြောင်း၊ အမည်ပြောင်း ယာဉ်စစ်ဆေးခြင်း
  • နယ်ဝင်မော်တော်ယာဉ် စစ်ဆေးခြင်း
  • ခရီးလွန်မော်တော်ယာဉ် စစ်ဆေးခြင်း
  • မော်တော်ယာဉ် မှတ်ပုံတင်ဆိုင်ရာ ကိစ္စရပ်များအတွက် ယာဉ်စစ်ဆေးခြင်း
  • စီမံချက်အရ ယာဉ်စစ်ဆေးခြင်း
  • လိုအပ်ချက်အရ ယာဉ်စစ်ဆေးခြင်းများကို လုပ်ဆောင်ရသည်။

ကနဦးယာဉ်များ မှတ်ပုံမတင်မီ ကုန်ပိုမို တင်ဆောင်ရန် ရည်ရွယ်၍ လည်းကောင်း၊ မိမိတို့ အသုံးပြုလိုသည့် ရည်ရွယ်ချက်အရ လည်းကောင်း၊ အတိုင်းအတာများ တိုးချဲ့ခြင်းနှင့် ခုနှစ်ပုံစံ မြှင့်တင်ရန် ရည်ရွယ်၍ မူလစက်ရုံထုတ် ခုနှစ်ပုံစံ (ရုပ်) ကို ပြောင်းလဲစေသည့် Shell နှင့် မီးခွက်များ ပြောင်းလဲလာကြခြင်းကြောင့် လည်းကောင်း၊ လမ်းတံတားများ ပျက်စီးမှုမရှိစေရန်၊ တင်အားနှင့် လမ်းတံတား ဝန်ခံအား မျှတမှု ရှိစေရန် အတွက်လည်းကောင်း၊ 

မော်တော်ယာဉ်တင်သွင်းခွင့် မူဝါဒပြောင်းလဲလာခြင်းနှင့် ပြည်တွင်းတွင် မော်တော်ယာဉ်များ တပ်ဆင် ထုတ်လုပ်လျက် ရှိခြင်းတို့ကြောင့် ပြည်ပမှ တင်သွင်းလာသည့် မော်တော်ယာဉ်များနှင့် ပြည်တွင်း SKD စနစ်ဖြင့် ထုတ်လုပ်သည့်ယာဉ်များ ကနဦးမှတ်ပုံတင်ရန်အတွက် ယာဉ်စစ်ဆေးရာတွင် မူလစက်ရုံထုတ် ခုနှစ်ပုံစံ (ရုပ်)၊ အတိုင်းအတာ၊ တင်အားများ အတိုင်းသာ သတ်မှတ်ခွင့်ပြု ယာဉ်စစ်ဆေးပေးရန်နှင့် 

မူလစက်ရုံထုတ် ပုံစံမဟုတ်ဘဲ ပြုပြင်ထားကြောင်း စစ်ဆေးတွေ့ရှိပါက ရုံးချုပ် (နေပြည်တော်) သို့ တင်ပြရန်နှင့် ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ရန် ၂၀၁၈ ခုနှစ်တွင် “ညွှန်ကြားချက်-၁၆/၁၈” ဖြင့် ထုတ်ပြန်ခဲ့သည်။

မော်တော်ယာဉ်စစ်ဆေးရာတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက်… 

  • ၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေ
  • ၂၀၂၂ ခုနှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုနည်းဥပဒေများ
  • 1993 Tester Manual
  • တည်မြဲထုတ်ပြန်ထားသောရုံးအမိန့်၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်း၊
  • Motor Vehicle Required Standard, Asean Standard (Axle Load, Weight and Dimension Limits) နှင့်
  • အခါအားလျော်စွာ ထုတ်ပြန်သော သတ်မှတ်ချက်များအတိုင်း လိုက်နာ၍ ယာဉ်စစ်ဆေး ဆောင်ရွက်လျက် ရှိသည်။
Read 247 times