နယ်စပ်ဖြတ်ကျော် သွားလာမည့် ယာဉ်များအနေဖြင့် ဆောင်ရွက်ရန် လိုအပ်သည့် အချက်များ


မြန်မာနိုင်ငံတွင်းနှင့် ပြည်ပမှ နယ်စပ်ဖြတ်ကျော် ဝင်ထွက် သွားလာမည့် (သို့) ဖြတ်သန်းသွားလာမည့် မော်တော်ယာဉ်၊ ယာဉ်မောင်းလိုင်စင်နှင့် ယာဉ်အကူလိုင်စင်ဆိုင်ရာ လိုက်နာ ဆောင်ရွက်ရမည့် အချက်များကို ဖော်ပြလိုက်ပါသည်။

 

၂၄၆။ ဦးစီးဌာနသည် ဒေသဆိုင်ရာ သဘောတူစာချုပ်များအရ မြန်မာနိုင်ငံအတွင်းသို့ ဖြတ်သန်းသွားလာမည့် ပြည်ပမှတ်ပုံတင် မော်တော်ယာဉ်များနှင့် စပ်လျဉ်း၍ ဖြစ်စေ၊ ပြည်ပသို့ ဝင်ထွက်သွားလာမည့် ပြည်တွင်း မှတ်ပုံတင် မော်တော်ယာဉ်များနှင့် စပ်လျဉ်း၍ ဖြစ်စေ

 

  • (က) မော်တော်ယာဉ် သွားလာမှုဆိုင်ရာ စည်းကမ်းများ သတ်မှတ်ခြင်း၊ ပြောင်းလဲခြင်းနှင့် ပြင်ဆင် ဖြည့်စွက်ခြင်း၊

  • (ခ) မော်တော်ယာဉ်၊ ယာဉ်မောင်းနှင်သူနှင့် ယာဉ်အကူတို့အတွက် လိုအပ်သည့် စာရွက်စာတမ်းနှင့် အထောက်အထားများ သတ်မှတ်ခြင်း၊ ပြောင်းလဲခြင်းနှင့် ပြင်ဆင် ဖြည့်စွက်ခြင်း၊

  • (ဂ) မော်တော်ယာဉ် အမျိုးအစားနှင့် နည်းပညာဆိုင်ရာစံနှုန်းများ သတ်မှတ်ခြင်း၊ ပြောင်းလဲခြင်းနှင့် ပြင်ဆင် ဖြည့်စွက်ခြင်းတို့ကို  ဆောင်ရွက်နိုင်သည်။

 

(က) စာချုပ်ဝင်နိုင်ငံ၌ မှတ်ပုံတင်ထားသည့် ပြည်ပမော်တော်ယာဉ်သည် မြန်မာနိုင်ငံတွင်း ဝင်ထွက်သွားလာခြင်း (သို့) ဖြတ်သန်းသွားလာခြင်း ပြုသည့်အခါ အောက်ပါသတ်မှတ်ချက်များနှင့် ညီညွတ်ရမည်။

 

  • ၁။ သက်ဆိုင်ရာ စာချုပ်ဝင်နိုင်ငံ၏ အာဏာပိုင်က ခွင့်ပြုသော မော်တော်ယာဉ် ဖြစ်ရမည်။ အဆိုပါ မော်တော်ယာဉ်အတွက် သဘောတူစာချုပ်အရ သတ်မှတ်ထားသည့် စာရွက်စာတမ်းနှင့် အထောက်အထားများ ပြည်စုံစွာ ပါရှိရမည်။ 

  • ၂။ မော်တော်ယာဉ် အမျိုးအစားနှင့် နည်းပညာဆိုင်ရာ စံနှုန်းသတ်မှတ်ချက်များသည် သဘောတူစာချုပ်များကို အခြေခံ၍ မြန်မာနိုင်ငံက သတ်မှတ်ထားသည့်အတိုင်း ဖြစ်ရမည်။

  • ၃။ သဘောတူစာချုပ်များအရ မြန်မာနိုင်ငံက သတ်မှတ်ထားသည့် အခကြေး ငွေများ ပေးဆောင်ရမည်။

 

(ခ) နည်းဥပဒေခွဲ (က) ပါ မော်တော်ယာဉ်ကို မောင်းနှင်သည့် ယာဉ်မောင်းနှင်သူသည်…

  • (၁) သက်ဆိုင်ရာ စာချုပ်ဝင်နိုင်ငံ၏ အာဏာပိုင်က ခွင့်ပြုသော ယာဉ်မောင်းနှင်သူ ဖြစ်ရမည်။

  • (၂) ဒေသဆိုင်ရာ သဘောတူစာချုပ်အရ အပြန်အလှန် အသိအမှတ်ပြုသော သက်တမ်းရှိ ယာဉ်မောင်းလိုင်စင် (သို့) အပြည်ပြည်ဆိုင်ရာ ယာဉ်မောင်းနှင်ခွင့်လက်မှတ် ရှိရမည်။

  • (၃) မြန်မာနိုင်ငံ၏ ယာဉ်သွားလာမှုဆိုင်ရာ တည်ဆဲဥပဒေ၊ နည်းဥပဒေများ စည်းမျဉ်း၊ စည်းကမ်းနှင့် ညွှန်ကြားချက်များကို လိုက်နာရမည်။

  • (၄) မြန်မာနိုင်ငံ နယ်မြေဒေသရှိ ခရီးသည်နှင့် ကုန်စည်များကို မြန်မာနိုင်ငံ၏ ပိုင်နက်နယ်မြေအတွင်း တစ်နေရာမှတစ်နေရာသို့ သယ်ယူပို့ဆောင်ခြင်း မပြုရ။

 

(ဂ) နည်းဥပဒေခွဲ (က) ပါ မော်တော်ယာဉ်တွင် ယာဉ်အကူအဖြစ် လိုက်ပါသည့် ယာဉ်အကူအတွက် သက်ဆိုင်ရာ စာချုပ်ဝင်နိုင်ငံ၏ အာဏာပိုင်က ထုတ်ပေးထားသော အထောက်အထား ပါရှိရမည်။

၂၄၇။ နည်းဥပဒေ (၂၄၆) ပါ မော်တော်ယာဉ်၊ ယာဉ်မောင်းနှင်သူနှင့် ယာဉ်အကူတို့အတွက် သက်ဆိုင်ရာ စာချုပ်ဝင်နိုင်ငံက ထုတ်ပေးသည့် စာရွက်စာတမ်းများ၊ အထောက်အထားများသည် အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြထားခြင်း မရှိပါက အင်္ဂလိပ်ဘာသာပြန်ဆိုချက် ပူးတွဲပါရှိရမည်။ 

 

၂၄၈။ ဒေသဆိုင်ရာ သဘောတူစာချုပ်၏ စာချုပ်ဝင်နိုင်ငံ၌ မှတ်ပုံတင်ထားပြီး ဘေးအန္တရာယ်ရှိသော ကုန်ပစ္စည်းများ တင်ဆောင်လာသည့် ပြည်ပမော်တော်ယာဉ်များ မြန်မာနိုင်ငံအတွင်း ဝင်ထွက်သွားလာခြင်း (သို့)  ဖြတ်သန်း သွားလာခြင်းနှင့် စပ်လျဉ်း၍ နည်းဥပဒေ (၂၄၆) ပါ သတ်မှတ်ချက်များအပြင် အောက်ပါသတ်မှတ်ချက်များနှင့်လည်း ညီညွတ်ရမည် ဖြစ်သည်။

 

  • (က) ကုန်းလမ်းသယ်ယူပို့ဆောင်မှု လျင်မြန်ချောမွေ့စေရေး အမျိုးသားကော်မတီ၏ သီးခြားခွင့်ပြုချက် ရယူရမည်။

  • (ခ) ယာဉ်မောင်းနှင်သူသည် ဘေးအန္တရာယ်ရှိသော ကုန်ပစ္စည်းများ တင်ဆောင်မည့် မော်တော်ယာဉ်ကို မောင်းနှင်ရန် ဒေသဆိုင်ရာ သဘောတူစာချုပ်အရ သတ်မှတ်ထားသည့် အရည်အချင်းနှင့် ပြည့်စုံပြီး သတ်မှတ်အထောက်အထားများ ပြည်စုံစွာ ပါရှိရမည်။

  • (ဂ) ဘေးအန္တရာယ်ရှိသော ကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်ဖြစ်ကြောင်း သိသာ ထင်ရှားစေရန် ယာဉ်အမှတ်အသား (Vehicle Marking)၊ ကွန်တိန်နာ အမှတ်အသား (Container Marking) နှင့် တိုင်ကီအမှတ်အသား (Tank Marking) များကိုလည်းကောင်း၊ ကုန်ပစ္စည်းအမျိုးအစားအလိုက် အန္တရာယ်ကင်းရှင်းစေရန် ထုပ်ပိုးခြင်း (Packaging)၊ တံဆိပ်ကပ်ခြင်း (Labelling)၊ ကုန်တင်ခြင်း (Loading) နှင့် ကုန်ချခြင်း (Unloading) များကိုလည်းကောင်း သဘောတူစာချုပ်ပါ သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ရမည်။

  • (ဃ) ဘေးအန္တရာယ်ရှိသော ကုန်ပစ္စည်းများ တင်ဆောင်လာစဉ် မတော်တဆမှု ဖြစ်ပွားပါက ဆောင်ရွက်ရမည့် အစီအမံများ၊ အန္တရာယ်ကင်းရှင်းစေရေး လိုအပ်သည့် ပစ္စည်းကိရိယာများ (Safety Equipment) ကို ပြည့်စုံစွာ ကြိုတင် ပြင်ဆင်ထားရမည်။ 

 

၂၄၉။ ဒေသဆိုင်ရာ သဘောတူစာချုပ်အရ မဟုတ်သည့် ပြည်ပနိုင်ငံ မှတ်ပုံတင်မော်တော်ယာဉ်များ မြန်မာနိုင်ငံအတွင်းသို့ ဝင်ထွက်သွားလာခြင်း (သို့) ဖြတ်သန်း သွားလာခြင်းနှင့် စပ်လျဉ်း၍ အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီရမည်။

 

  • (က) မော်တော်ယာဉ် မောင်းနှင်သူနှင့် ယာဉ်အကူတို့သည်လည်းကောင်း၊ မော်တော်ယာဉ်ဖြင့် လိုက်ပါလာမည့် လူပုဂ္ဂိုလ်များသည်လည်းကောင်း ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက် ရရှိပြီး ဖြစ်ရမည်။

  • (ခ) ခွင့်ပြုချက် ရရှိသော မော်တော်ယာဉ်အတွက် သက်ဆိုင်ရာနိုင်ငံက ထုတ်ပေးသည့် စာရွက်စာတမ်းနှင့် အထောက်အထားများ ပြည့်စုံစွာ ပါရှိရမည်။

  • (ဂ) မော်တော်ယာဉ် အတိုင်းအတာနှင့် အလေးချိန်သည် မြန်မာနိုင်ငံအတွင်း၌ ခွင့်ပြုသည့် သတ်မှတ်ချက်အတိုင်း ဖြစ်ရမည်။

  • (ဃ) မော်တော်ယာဉ် တည်ဆောက်မှုနှင့် ပြုပြင်ထိန်းသိမ်းထားမှု အခြေအနေသည် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်း၊ ညွှန်ကြားချက်များနှင့် ကိုက်ညီရမည်။

  • (င) မော်တော်ယာဉ်ကို ယာယီမှတ်ပုံတင်ရန် သတ်မှတ် စည်းကမ်းချက်များနှင့်အညီ သက်ဆိုင်ရာ မှတ်ပုံတင်အရာရှိထံ လျှောက်ထားရမည် ဖြစ်ပြီး သတ်မှတ်ထားသည့် အခကြေးငွေ ပေးသွင်းရမည်။

  • (စ) ယာဉ်မောင်းနှင်သူထံတွင် သက်တမ်းရှိ အပြည်ပြည်ဆိုင်ရာ ယာဉ်မောင်းနှင်ခွင့် လက်မှတ် (သို့)  အာဆီယံအဖွဲ့ဝင် နိုင်ငံများက ထုတ်ပေးထားသော သက်တမ်းရှိ ယာဉ်မောင်းလိုင်စင် (သို့) သဘောတူစာချုပ်ဖြင့် အပြန်အလှန် အသိအမှတ်ပြုထားသော နိုင်ငံများက ထုတ်ပေးသည့် သက်တမ်းရှိ ယာဉ်မောင်းလိုင်စင် ပါရှိရမည်။ အဆိုပါလက်မှတ် (သို့) ယာဉ်မောင်းလိုင်စင် မတင်ပြနိုင်ပါက သက်ဆိုင်ရာနိုင်ငံက ထုတ်ပေးသော သက်တမ်းရှိ ယာဉ်မောင်းလိုင်စင်ကို တင်ပြ၍ ယာယီ ယာဉ်မောင်းနှင်ခွင့်လက်မှတ် ရရှိရန် သက်ဆိုင်ရာ လိုင်စင်ထုတ်ပေးသူ အရာရှိထံ လျှောက်ထားနိုင်သည်။

  • (ဆ) ယာဉ်အကူထံတွင် သက်ဆိုင်ရာနိုင်ငံက ထုတ်ပေးသော အထောက်အထား ပါရှိရမည်။

  • (ဇ) မြန်မာနိုင်ငံ၏ ယာဉ်သွားလာမှုဆိုင်ရာ တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို လိုက်နာရမည်။

  • (ဈ) သက်ဆိုင်ရာ မှတ်ပုံတင်အရာရှိက ထုတ်ပေးသော မော်တော်ယဉ် ယာယီမှတ်ပုံတင် အမှတ်မပါရှိလျှင် မော်တော်ယာဉ်ကို မောင်းနှင်ခြင်း မပြုရ။

 

၂၅၀။ ဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်များ ဒေသဆိုင်ရာသဘောတူ စာချုပ်များအရ ပြည်ပသို့ ဝင်ထွက်သွားလာခြင်း (သို့) ဖြတ်သန်းသွားလာခြင်းနှင့် စပ်လျဉ်း၍ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်သူသည်…

  • (က) ကုန်းလမ်းသယ်ယူပို့ဆောင်မှု လျင်မြန်ချောမွေ့စေရေး အမျိုးသားကော်မတီ၏ ခွင့်ပြုချက် လျှောက်ထား ရယူရမည်။

  • (ခ) သဘောတူစာချုပ်အရ သတ်မှတ်ထားသည့် မော်တော်ယာဉ်၊ ယာဉ်မောင်းနှင်သူနှင့် ယာဉ်အကူတို့အတွက် လိုအပ်သည့် စာရွက်စာတမ်းနှင့် အထောက်အထားများ ပြည့်စုံစွာ ပါရှိစေရေး ဆောင်ရွက်ရမည်။

  • (ဂ) မြန်မာနိုင်ငံနှင့် သက်ဆိုင်ရာ စာချုပ်ဝင်နိုင်ငံ (သို့) စာချုပ်ဝင်နိုင်ငံများက သဘောတူ သတ်မှတ်ထားသည့် အခကြေးငွေများ ပေးဆောင်ရမည်။

  • (ဃ) ခရီးသည်များ (သို့) ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရမည်။ သက်ဆိုင်ရာ စာချုပ်ဝင်နိုင်ငံ (သို့) စာချုပ်ဝင်နိုင်ငံများ၏ တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကိုလည်း လိုက်နာရမည်။ 

  • (င) သက်ဆိုင်ရာ စာချုပ်ဝင်နိုင်ငံ (သို့) စာချုပ်ဝင်နိုင်ငံများက သတ်မှတ်ထားသော မော်တော်ယာဉ် သွားလာမှုဆိုင်ရာ တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို မိမိ၏ မော်တော်ယာဉ်ကို မောင်းနှင်သူနှင့် ယာဉ်အကူတို့က လိုက်နာစေရေး တာဝန်ခံရမည်။

  • (စ) ဘေးအန္တရာယ်ရှိသော ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်မည့် ကုန်တင်ယာဉ်သည် ဖြတ်သန်းသွားလာမည့် သက်ဆိုင်ရာ စာချုပ်ဝင်နိုင်ငံ (သို့) စာချုပ်ဝင်နိုင်ငံများ၏ သက်ဆိုင်ရာ ကုန်းလမ်းသယ်ယူပို့ဆောင်မှု လျင်မြန်ချောမွေ့စေရေး အမျိုးသားကော်မတီ၏ ခွင့်ပြုချက် လျှောက်ထား ရယူရမည်။

  • (ဆ) ဘေးအန္တရာယ်ရှိသော ကုန်ပစ္စည်းများ တင်ဆောင်သည့် မော်တော်ယာဉ်ကို မောင်းနှင်မည့် ယာဉ်မောင်းနှင်သူသည် သဘောတူစာချုပ်အရ သတ်မှတ်ထားသည့် အရည်အချင်းနှင့် အထောက်အထားများ ပြည့်စုံစေရေး ဆောင်ရွက်ထားရမည်။ 

  • (ဇ) ဘေးအန္တရာယ်ရှိသော ကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်ဖြစ်ကြောင်း သိသာထင်ရှားစေရန် ယာဉ်အမှတ်အသား (Vehicle Marking)၊ ကွန်တိန်နာ အမှတ်အသား (Container Marking) နှင့် တိုင်ကီအမှတ်အသား (Tank Marking) များကို လည်းကောင်း၊ ကုန်ပစ္စည်း အမျိုးအစားအလိုက် အန္တရာယ်ကင်းရှင်းစေရန် ထုပ်ပိုးခြင်း (Packaging)၊ တံဆိပ်ကပ်ခြင်း (Labeling)၊ ကုန်တင်ခြင်း (Loading) နှင့် ကုန်ချခြင်း (Unloading) များကိုလည်းကောင်း သဘောတူစာချုပ်ပါ သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ရမည်။

  • (ဈ) ဘေးအန္တရာယ်ရှိသော ကုန်ပစ္စည်းများ တင်ဆောင်လာစဉ် မတော်တဆမှု ဖြစ်ပွားပါက ဆောင်ရွက်ရမည့် အစီအမံများ၊ အန္တရာယ်ကင်းရှင်းစေရေး လိုအပ်သည့်ပစ္စည်း ကိရိယာများ (Safety Equipment) ကို ပြည့်စုံစွာ ကြိုတင် ပြင်ဆင်ထားရမည်။

 

၂၅၁။ ဦးစီးဌာန (သို့) ဦးစီးဌာနက တာဝန်ပေးအပ်သည့် ဒေသဆိုင်ရာ မှတ်ပုံတင်အရာရှိသည်…

  • (က) မြန်မာနိုင်ငံအတွင်းသို့ ဝင်ထွက်သွားလာမည့် (သို့) ဖြတ်သန်းသွားလာမည့် မော်တော်ယာဉ်များနှင့် စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက် ခြင်း ရှိ၊ မရှိ စစ်ဆေးခြင်း ပြုနိုင်သည်။

  • (ခ) ပြည်ပသို့ ယာယီထွက်ခွာမည့် (သို့) ပြည်ပနိုင်ငံများကို ဖြတ်သန်းသွားလာမည့် မော်တော်ယာဉ်များနှင့် စပ်လျဉ်း၍ နည်းဥပဒေ (၂၅၀) ပါ သတ်မှတ်ချက်များနှင့် အညီ လိုက်နာ ဆောင်ရွက်ခြင်း ရှိ၊ မရှိ စစ်ဆေးခြင်း ပြုနိုင်သည်။

Read 267 times