ကမ္ဘာ့အကြီးဆုံး မော်တော်ယာဉ် တင်ပို့သူဖြစ်သည့် ဂျပန်နေရာကို တရုတ်က အစားထိုး နေရာယူတော့မှာလား


ကမ္ဘာ့အကြီးဆုံး မော်တော်ယာဉ်တင်ပို့သူ ဖြစ်သည့် ဂျပန်နိုင်ငံ၏ နေရာကို ၂၀၂၃ ခုနှစ်အတွက် တရုတ်နိုင်ငံက အစားထိုး နေရာယူတော့မည် ဖြစ်ကြောင်း The Nikkei Asia သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

 

အဆိုပါသတင်းတွင် ရုရှားနှင့် မက္ကစီကိုနိုင်ငံ အနေဖြင့် တရုတ်နိုင်ငံမှ လျှပ်စစ်ကားများ အများအပြား ဝယ်ယူခဲ့သည့်အတွက် ယခုကဲ့သို့ တင်ပို့မှု များပြားခဲ့ရခြင်း ဖြစ်ကြောင်း  ဖော်ပြခဲ့သည်။

 

တရုတ်နိုင်ငံအနေဖြင့် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ မော်တော်ယာဉ် ၄.၄၁ သန်း တင်ပို့နိုင်ခဲ့ပြီး၊ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၅၈ ရာခိုင်နှုန်း များပြားခဲ့ကြောင်း China Association of Automobile Manufacturers (CAAM) ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

 

ဂျပန်နိုင်ငံအနေဖြင့် ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ၁၁ လတာကာလအတွင်း မော်တော်ယာဉ် ၃.၉၉ သန်း တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၅ ရာခိုင်နှုန်း များပြားခဲ့ကြောင်း၊ ဂျပန်နိုင်ငံ၏ တစ်နှစ်တာ မော်တော်ယာဉ်တင်ပို့နိုင်မှုမှာ ၄.၃ သန်း ရှိနိုင်သည်ဟု ခန့်မှန်းထားကြောင်း ဖော်ပြထားသည်။

 

၂၀၁၆ ခုနှစ်တွင်လည်း ကမ္ဘာ့အကြီးဆုံး မော်တော်ယာဉ်တင်ပို့သူဖြစ်သည့် ဂျပန်နိုင်ငံ၏နေရာကို ဂျာမနီနိုင်ငံက အစားထိုး နေရာယူခဲ့ဖူးပြီး တရုတ်နိုင်ငံအနေဖြင့်လည်း ကမ္ဘာ့မော်တော်ယာဉ်ဈေးကွက်တွင် ထိပ်တန်းနေရာသို့ ရောက်ရှိရန် ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။

 

ကမ္ဘာ့နိုင်ငံများအနေဖြင့် လျှပ်စစ်ယာဉ်များ ပြောင်းလဲ သုံးစွဲလာခြင်းသည် တရုတ်နိုင်ငံ၏ ရည်မှန်းချက် ပြည့်မီအောင် အထောက်အပံ့ ဖြစ်စေလျက်ရှိကြောင်းလည်း ပါရှိသည်။

 

တရုတ်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံသို့ မော်တော်ယာဉ် အများဆုံးတင်ပို့လျက်ရှိပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ မော်တော်ယာဉ် ၇၃၀,၀၀၀ တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၇ ဆကျော် များပြားလာခဲ့သည်။

 

တရုတ်နိုင်ငံရှိ Chery Automobile နှင့် Great Wall Motor တို့အနေဖြင့် ရုရှားနိုင်ငံသို့ ပြိုင်ကားအလတ်နှင့် အကြီးအပါအဝင် လောင်စာဆီအသုံးပြုသည့် ယာဉ်များကို အများဆုံး တင်ပို့လျက် ရှိသည်။

 

မက္ကစီကိုနိုင်ငံသို့ မော်တော်ယာဉ် ဒုတိယအများဆုံး တင်ပို့လျက် ရှိပြီး ယခုနှစ်အတွင်း မော်တော် ယာဉ် ၃၃၀,၀၀၀ တင်ပို့ထားပြီးဖြစ်ကာ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၇၁ ရာခိုင်နှုန်း များပြားခဲ့ကြောင်း သိရသည်။

 

တရုတ်နိုင်ငံမှ မော်တော်ယာဉ် ထုတ်လုပ်သူများအနေဖြင့် အမေရိကန်နှင့် ကနေဒါနိုင်ငံသို့လည်း ဈေးကွက်ချဲ့ထွင်ရန် ဆောင်ရွက်လျက် ရှိပြီး ဝယ်ယူသည့် နိုင်ငံအပေါ် မူတည်၍ ထုတ်လုပ်မှုများ ဆောင်ရွက်နိုင်ရေး စီစဉ်လျက်ရှိကြောင်း ဖော်ပြထားသည်။

 

တရုတ်နိုင်ငံမှ ထုတ်လုပ်သော လောင်စာဆီအသုံးပြုသည့် မော်တော်ယာဉ်များကို အဓိကအားဖြင့် ဥရောပနှင့် အရှေ့တောင်အာရှနိုင်ငံများသို့လည်း တင်ပို့လျက် ရှိပြီး ဂျပန်နိုင်ငံမှ ဈေးကွက်ရရှိပြီး ဖြစ်သည့် အရှေ့တောင်အာရှဒေသတွင် လျှပ်စစ်ယာဉ်များ တိုးမြှင့်တင်ပို့ရန် ဆောင်ရွက်လျက် ရှိသည်။

 

ဂျပန်နိုင်ငံအနေဖြင့် လျှပ်စစ်ယာဉ်ထုတ်လုပ်မှုသို့ အသွင်ကူးပြောင်းရာတွင် နှေးကွေးလျက် ရှိခြင်းကြောင့် ဈေးကွက်ဝေစု ကျဆင်းလာလျက် ရှိသည်ဟု ဖော်ပြထားသည်။


 

Source : The Nikkei Asia         

 

Read 263 times