လျှပ်စစ်ကားများ ယာဉ်ထိခိုက်မှု ဖြစ်ပွားပြီးနောက်ပိုင်း ပြင်ဆင်စရိတ် ပိုမိုမြင့်မားနိုင်


ယာဉ်ထိခိုက်မှု ဖြစ်ပွားပြီးနောက်ပိုင်း ပြင်ဆင်ရာတွင် ဓာတ်ဆီသုံး မော်တော်ယာဉ်များထက် လျှပ်စစ်ကားများက ပြင်ဆင်ရန် စရိတ်မြင့်မားနိုင်ကြောင်းကို The Wall Street Journal ၌ “ Repairing EVs After A Crash Can Be Pricey ” ခေါင်းစဉ်ဖြင့် ဖော်ပြထားသည်။

 

ထိုသို့ ကုန်ကျစရိတ် ပိုမို များပြားရခြင်းမှာ အစားထိုးတပ်ဆင်မည့် အစိတ်အပိုင်းများ ပိုလိုအပ်ပြီး လျှပ်စစ်ကားများ ပြင်ဆင်ရာတွင် ရှုပ်ထွေးသဖြင့် မော်တော်ယာဉ် ပြုပြင်သည့် ပညာရှင်တိုင်း တတ်မြောက်မှု မရှိခြင်းတို့ကြောင့် ဖြစ်သည်။

 

လျှပ်စစ်ကားပိုင်ရှင်များသည် ပထမဆုံးအကြိမ် မော်တော်ယာဉ်ပြင်ဆင်ရာတွင် ကုန်ကျစရိတ်နှင့် စောင့်ဆိုင်းချိန် ကြာမြင့်ခြင်းတို့ကို ကြုံတွေ့ခဲ့ကြရပြီး အမေရိကန်နိုင်ငံ မော်တော်ယာဉ် အာမခံတောင်းခံသည့် လုပ်ငန်းစဉ်များ ဆောင်ရွက်ပေးသော ကုမ္ပဏီဖြစ်သည့် CCC Intelligent Solutions က ၂၀၂၂ ခုနှစ်တွင် လျှပ်စစ်ကား ပြင်ဆင်စရိတ်သည် ပျမ်းမျှ အမေရိကန်ဒေါ်လာ (၆,၅၈၇) ရှိသဖြင့် အခြားမော်တော်ယာဉ်များ၏ ကုန်ကျစရိတ်ဖြစ်သည့် အမေရိကန်ဒေါ်လာ (၄,၂၁၅) နှင့် နှိုင်းယှဉ်ပါက မြင့်မားသည်ဟု ပြောကြားခဲ့သည်။

 

လျှပ်စစ်ကား အသုံးပြုသူများသည် ဓာတ်ဆီသုံး မော်တော်ယာဉ်များ အသုံးပြုသူများကဲ့သို့ ဆီဖြည့်ရန်၊ အင်ဂျင်ညှိရန် (သို့) ချိန်ကိုက်ခါးပတ်များ အစားထိုးရန် မလိုအပ်သော်လည်း ပြင်ဆင်စရိတ် များပြားခြင်းကြောင့် အာမခံအတွက် ပရီမီယံကြေးလည်း ပိုများသည်။ 


 

Advertisement

Click Here > Lyfe

 

လျှပ်စစ်ကားများ ထိခိုက်မှုဖြစ်ပါက ယာဉ်ကို ဖြုတ်၍ တပ်ဆင်ရန် ရှုပ်ထွေးမှု ရှိကာ ယာဉ်ထိခိုက်မှု ဖြစ်ပါက မီးလောင်လွယ်မှု အန္တရာယ်ကြောင့် Lithium-ion batteries များအတွက် အထူးသိုလှောင်မှု စနစ်များ ပါဝင်ကြောင်း သိရသည်။

 

Rivian လျှပ်စစ်ကားကုမ္ပဏီမှ ကိုယ်စားလှယ်က ၎င်းတို့၏ လျှပ်စစ်ကားများသည် ဘေးကင်းလုံခြုံမှုကို ဦးစားပေးထားပြီး ပြင်ဆင်စရိတ်ကိုလည်း အခြားလျှပ်စစ်ကား ထုတ်လုပ် ရောင်းချသူများနှင့် ပြင်ဆင်စရိတ် တူညီအောင် ဆောင်ရွက်ထားသည်ဟု ဆိုသည်။ 

 

လျှပ်စစ်ကား ထုတ်လုပ်မှုကဏ္ဍတွင် ဦးဆောင်လျက်ရှိသည့် Tesla ကုမ္ပဏီအနေဖြင့် ၎င်းတို့၏ မော်တော်ယာဉ် များအတွက် ကုမ္ပဏီပိုင်မော်တော်ယာဉ် စက်ပြင်ဌာန ဖွင့်လှစ်ထားသလို ပုဂ္ဂလိကပိုင် စက်ပြင် အလုပ်ရုံများလည်း ရှိကြောင်း Tesla ၏ Model 3 Sedan အမျိုးအစားသည် ယခင် (၅) နှစ်က Toyota Corolla အမျိုးအစား ပြင်ဆင်စရိတ်နှင့် တူညီသဖြင့် ပြင်ဆင်ထိန်းသိမ်းစရိတ် နည်းပါးကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။

 

အမေရိကန်နိုင်ငံအနေဖြင့် Clean energy နည်းပညာများ အသုံးပြုရန် ဘက်ပေါင်းစုံမှ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး လျှပ်စစ်ကားများ ထုတ်လုပ်ရောင်းချမှုကို ၂၀၃၀ ပြည့်နှစ်တွင် (၅၀) ရာခိုင်နှုန်းအထိ တိုးမြှင့်သွားရန် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။ 

 

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ချေးငွေထုတ်ချေးခြင်း၊ ဥပဒေလုပ်ထုံးလုပ်နည်းများ ချမှတ်ခြင်းဖြင့် အားပေး ဆောင်ရွက်လျက် ရှိနေစဉ်တွင် လျှပ်စစ်ကားထုတ်လုပ်မှုနှင့် ပတ်သက်၍ ပြင်ဆင်စရိတ် မြင့်မားခြင်း၊ လျှပ်စစ်ကားဘတ္ထရီအတွက် လိုအပ်သည့် Lithium ကဲ့သို့သော သတ္တုများ လိုအပ်ချက်များကြောင့် ကန့်ကွက်ခြင်းများ ရှိနေကြောင်း တွေ့ရသည်။

 

Source: Wall Street Journal

 

Read 335 times