လျှပ်စစ်ကားတွေရဲ့ အစ


လျှပ်စစ်ကားတွေက အခု ၂၁ ရာစုမှ ပေါ်လာခဲ့တာ မဟုတ်ပါဘူး။  ၁၈၀၀ ခုနှစ်တုန်းကလည်း လျှပ်စစ်ကားတွေ တစ်ခေတ်ထခဲ့တဲ့ အချိန်တွေ ရှိခဲ့ပါသေးတယ်။ လျှပ်စစ်ကားတွေကို ဘယ်နိုင်ငံက ဘယ်သူက စထွင်ခဲ့လဲ ဆိုတာ တိတိကျကျ ပြောလို့တော့ မရပါဘူး။ 

 

ဟန်ဂေရီ၊ နယ်သာလန်နဲ့ US တို့က တီထွင်ဖန်တီးသူတွေက ဘတ်ထရီနဲ့ မောင်းတဲ့ လျှပ်စစ်မော်တာတွေကို လေ့လာနေခဲ့ကြပြီး လျှပ်စစ်မော်တာ တပ်ဆင်ထားတဲ့ ယာဥ်အသေးစားလေးတွေကို စမ်းသပ် ထုတ်လုပ်ခဲ့ကြပါတယ်။ တစ်ချိန်ထဲမှာပဲ British မှာရှိတဲ့ Robert Anderson ဆိုတဲ့ ပညာရှင်တစ်ယောက်ကလည်း လျှပ်စစ်ကုန်တင်ယာဥ် အကြမ်းထည်ပုံစံကို စပြီး တီထွင်ခဲ့ပါသေးတယ်။

 

first-electric-car

 Robert Anderson ရဲ့ လျှပ်စစ်ကား Prototype

၁၉ ရာစု အလယ်လောက် ရောက်တဲ့အခါမှ ပြင်သစ်နဲ့ အင်္ဂလိပ်ပညာရှင်တွေ ပေါင်းပြီး ပထမဆုံး လက်တွေ့အသုံးပြုနိုင်တဲ့ လျှပ်စစ်ကားတစ်စီးကို တီထွင်နိုင်ခဲ့ပါတယ်။ US မှာတော့ ၁၈၉၀ ခုနှစ်မှာ Des Moines၊ Iowa မှာနေတဲ့ William Morrison လို့ခေါ်တဲ့ ဓာတုပညာရှင်တစ်ယောက်က လူ ၆ ယောက် စီးလို့ရတဲ့ လျှပ်စစ်ယာဥ်တစ်စီးကို ထုတ်လုပ်ခဲ့ပြီး သူ့ရဲ့ ယာဥ်က တစ်နာရီကို ၁၄  မိုင်နှုန်းနဲ့ သွားနိုင်ပါတယ်။ ဒီတီထွင်မှုက လူတွေကို လျှပ်စစ်မော်တော်ယာဥ်တွေအပေါ် စိတ်ဝင်စားမှု မြင့်တက်လာစေခဲ့ပါတယ်။

1892MorrisonElectric

William Morrison ရဲ့ ၆ ယောက်စီး လျှပ်စစ်ကား

ဒီခုနှစ်တွေက Combustion Engine လို့ ခေါ်တဲ့ လောင်စာနဲ့ မောင်းရတဲ့ ကားတွေလည်း ၁၈၈၆ ခုနှစ် မှာ ပထမဆုံး စတင် ထွက်ရှိလာခဲ့တဲ့အချိန်လည်း ဖြစ်ပါတယ်။ 

 

နောက်ထပ်နှစ် အနည်းငယ်အကြာမှာ US က လျှပ်စစ်ကား ထုတ်လုပ်တဲ့သူတွေ တစ်စတစ်စ တိုးများလာခဲ့ပြီး New York မြို့မှာ လျှပ်စစ်မော်တာနဲ့ ပြေးဆွဲနေတဲ့ Taxi ၆၆ စီးအထိ ရှိလာခဲ့ပါတယ်။ ၁၉၀၀ ခုနှစ်လောက်မှာတော့ လျှပ်စစ်မော်တော်ယာဥ်တွေက တစ်ကမ္ဘာလုံးမှာရှိတဲ့ မော်တော်ယာဥ်ပမာဏရဲ့ သုံးပုံတစ်ပုံအထိ နေရာယူထားခဲ့ပါတယ်။ ဒီခုနှစ်တွေက လျှပ်စစ်ကားတွေရဲ့ စန်းထချိန်လို့ ပြောလို့ရပြီး နောက်ဆယ်နှစ်လောက်အထိ ရောင်းအား တော်တော်ကောင်းခဲ့ပါတယ်။ 

 

လျှပ်စစ်မော်တာတွေ ခေတ်မစားခင် အရင်ဆုံးထွက်ရှိလာတဲ့ ရေငွေ့အင်ဂျင်တွေနဲ့ လောင်စာအင်ဂျင်တွေက လူကြီုက်သိပ်မများခဲ့ပါဘူး။ ရေငွေ့အင်ဂျင်တွေက စက်ရုံတွေ ရထားတွေမှာတော့ အသုံးများကြပေမယ့် လူစီးဖို့အတွက် ထုတ်လုပ်တဲ့ မော်တော်ယာဥ်တွေအတွက် စက်မောင်းရတာ အဆင်မပြေပါဘူး။ ဒီရေငွေ့အင်ဂျင်တွေက စက်လည်ပတ်ဖို့ တော်တော်ကြာအောင် စောင့်ရပြီး တစ်ခါတစ်လေ ၄၅ မိနစ်လောက်အထိ စောင့်ရတာမျိုး ရှိပါတယ်။  ဒါပေမယ့်လည်း US မှာ ရေငွေ့နဲ့ မောင်းတဲ့ကားတွေက လျှပ်စစ်နဲ့မောင်းတဲ့ကားတွေထက် ပိုများပြီး လောင်စာကားတွေကတော့ ကားစုစုပေါင်းရဲ့ လေးပုံပုံတစ်ပုံခန့်သာ ရှိပါတယ်။

 

Baker EV

၂၀ ရာစု Baker လျှပ်စစ်ကားတစ်စီးကို အားသွင်းနေပုံ

လောင်စာအင်ဂျင်တွေကလည်း စက်နှိုးဖို့အတွက် စက်ပစ္စည်းတွေကို ကိုယ်တိုင် လက်နဲ့ အကုန်လိုက်လုပ်ပြီးမှ မောင်းလို့ရတာပါ။ ဂီယာပြောင်းရတာလည်း လွယ်ကူနေတဲ့ အခြေအနေမဟုတ်ပဲ အသံလည်းအရမ်းဆူပြီး  အိတ်ဇောကထွက်တဲ့ အငွေ့ကလည်း တော်တော်ဆိုးနေတဲ့အတွက် လူတော်တော်များများ မောင်းနှင်ဖို့က အဆင်သိပ်မပြေခဲ့တာပါ။

 

လျှပ်စစ်မော်တော်ယာဥ်တွေက တိတ်ဆိတ်တဲ့အပြင် မောင်းနှင်ဖို့အတွက်ကလည်း တခြားအင်ဂျင်တွေလောက် မရှုပ်ပါဘူး။ ဒါ့အပြင် ဘာဓာတ်ငွေ့မှ မထွက်တဲ့အတွက် မြို့ပြမှာ လူကြိုက်တော်တော်များလာခဲ့ပါတယ်။  

 

၁၉၀၁ မှာ Thomas Edison က လျှပ်စစ်ကားတွေက ပိုပြီးတိုးတက်လာမယ့် နည်းပညာဖြစ်တာကြောင့် လျှပ်စစ်ကားတွေမှာ သုံးတဲ့ ဘတ်ထရီတွေကို ပိုပြီးကောင်းလာအောင် လုပ်ဆောင်ခဲ့ပါသေးတယ်။ ဒါ့အပြင် Edison ရဲ့ သူငယ်ချင်းဖြစ်တဲ့ Henry Ford က နှစ်ယောက်အတူတူ ပူးပေါင်းပြီး လျှပ်စစ်မော်တော်ယာဥ်တွေကို ဈေးသက်သက်သာသာနဲ့ ထုတ်လုပ်ရောင်းချခဲ့ပါတယ်။

 

edison+ford_electric_car

Edison နဲ့ Henry Ford တို့ရဲ့ Electric Car

 

ဒါပေမယ့်လည်း လျှပ်စစ်ကားတွေကို ရောင်းအားကျအောင် လုပ်ခဲ့တာလည်း Henry Ford ပါပဲ။ ၁၉၀၈ ခုနှစ်မှာ Ford က Model T လို့ခေါ်တဲ့ ဓာတ်ဆီထည့်မောင်းရတဲ့ ကားတွေကို အလုံးအရင်းနဲ့ ထုတ်ခဲ့ပြီး ဈေးပေါပေါနဲ့ ရောင်းချခဲ့ပါတယ်။ အဲ့ဒီ Model T ကားတွေက ဒေါ်လာ ၆၅၀ သာရှိပြီး လျှပ်စစ်ကားတွေကို ဒေါ်လာ ၁၇၀၀ ကျော်နဲ့ ရောင်းချတဲ့အတွက် လူတွေက ဈေးပိုသက်သာတဲ့ ဓာတ်ဆီကားတွေဘက်ကို ဦးတည်လာကြပါတော့တယ်။ 

 

ဒါ့အပြင် US က Taxes မြို့မှာ ရေနံရှာတွေ့သွားတာက ဓာတ်ဆီတွေကို ဈေးပေါပေါနဲ့ ရလာစေခဲ့ပြီး နိုင်ငံအနှံ့အပြားမှာ ဓာတ်ဆီဆိုင် အမြောက်အမြား ပေါ်လာပါတော့တယ်။ USရဲ့ မြို့ပြင် နေရာတော်တော်များများမှာလည်း လျှပ်စစ်မီး မရသေးတာကြောင့် ဓာတ်ဆီမော်တော်ယာဥ်တွေက လျှပ်စစ်ယာဥ်တွေထက် ပိုအသုံးများလာကြပြီး ၁၉၃၅ ခုနှစ် အကျော်မှာတော့ လျှပ်စစ်မော်တော်ယာဥ်တွေက တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားပါတော့တယ်။ 

 

၁၉၆၀ ဆယ်စုနှစ် နှစ်ကုန်ပိုင်းနဲ့ ၁၉၇၀ ဆယ်စုနှစ်ရဲ့ နှစ်စပိုင်းတွေမှာ ရေနံရှားပါးလာတာနဲ့ ရေနံဈေးတွေ အဆမတန်တက်လာတာကြောင့် US က ပြင်ပရေနံတင်သွင်းမှုလျော့ချဖို့ လောင်စာအသုံးပြုတာတွေကို အစားထိုးနိုင်အောင် လျှပ်စစ်မော်တော်ယာဥ်တွေနဲ့ Hybrid ယာဥ်တွေကို သုတေသနပြုလုပ်ခွင့် ၁၉၇၆ ဥပဒေကို ချမှတ်ပေးခဲ့ပါတယ်။

 

US oil crisis

 

တစ်ချိန်ထဲမှာပဲ မော်တော်ယာဥ်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက လောင်စာအင်ဂျင်အတွက် အစားထိုးနိုင်ဖို့ နည်းလမ်းတွေ ရှာဖွေနေခဲ့ကြပြီး General Motor က မြို့ပြအတွက် လျှပ်စစ်မော်တော်ယာဥ် နမူနာပုံစံတစ်ခုကို ဖန်တီးခဲ့ပြီး Environmental Protection Agency ရဲ့ ပထမဆုံးစာတမ်းဖတ်ပွဲမှာ ပြသခဲ့ပါတယ်။ 

 

ဒါပေမယ့် အဲ့အချိန်မှာ လျှပ်စစ်ကားတွေအတွက် ကန့်သတ်ချက်တွေ အများကြီးရှိနေခဲ့ပြီး အားပြန်မသွင်းခင် အချိန်အထိ တစ်နာရီ မိုင် ၄၀ ပဲ အများဆုံးသွားနိုင်တာပါ။ 

 

၁၉၉၀ ခုနှစ်မှာတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ US က ချမှတ်ခဲ့တဲ့ ပေါ်လစီတွေက လူတွေကို လျှပ်စစ်ကားအပေါ်မှာ စိတ်ဝင်စားမှုကို ပြန်ရရှိစေခဲ့ပြီး ကားထုတ်တဲ့သူတွေကလည်း သူတို့ရဲ့ နာမည်ကြီးကားတွေကို လျှပ်စစ်ကားအဖြစ် ပြုပြင် ထုတ်လုပ်ခဲ့ကြပြီး တစ်နာရီမိုင် ၆၀ လောက်အထိ မောင်းနှင်နိုင်လာကြပါတယ်။ 

 

အဲ့ဒီထဲမှာ နာမည်အကြီးဆုံးကတော့ ၂၀၀၆ ခုနှစ်က “Who Kill the Electric Car?” ဆိုတဲ့ Documentary မှာပါတဲ့ General Motor ထုတ် EV1 ဆိုတဲ့ကားပါ။ GM က တစ်ခြားကုမ္ပဏီတွေလို ရှိပြီးသားကားကို ပြန်ပြင်တာမျိုးမဟုတ်ပဲ အောက်ခြေကနေ တစ်ဆင့်ချင်းပြုလုပ်ခဲ့တဲ့ကားဖြစ်ပြီး မိုင် ၈၀ အထိ မောင်းနိုင်ပြီး တစ်နာရီမိုင် ၅၀ နှုန်းသွားနိုင်ပါတယ်။

 

1997-General-Motors-EV1

General Motor က ထုတ်ခဲ့တဲ့ EV1

 

၁၉၉၀ ခုနှစ်လောက်မှာ ဈေးပေါပြီး ပေါပေါများများရနေတဲ့ ဓာတ်ဆီတွေ ရနိုင်နေသေးတာကြောင့် လူတွေက လျှပ်စစ်ကားတွေဘက်ကို အာရုံသိပ်မရောက်ကြပေမယ့် သိပ္ပံပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေက နောက်ကွယ်မှာ ပိုအသုံးဝင်တဲ့ လျှပ်စစ်ကားနဲ့ ပိုကောင်းတဲ့ ဘတ်ထရီတွေ ထုတ်လုပ်နိုင်ဖို့ သုတေသန လုပ်နေကြပါပြီ။ 

 

အပြောင်းအလဲ တစ်ခုဖြစ်ခဲ့တာကတော့ ၁၉၉၇ ခုနှစ်မှာ ထုတ်ခဲ့တဲ့ Toyota Prius Hybrid ကားဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းလုံးကို ဖြန့်ချီခဲ့ကာ တော်တော် လူကြိုက်များခဲ့ပါတယ်။ Carbon လျှော့ချရေး လှုံ့ဆော်မှုတွေနဲ့ ဓာတ်ဆီဈေး တက်လာတာက Toyota Prius ကို ရောင်းအား ပိုကောင်းစေခဲ့ပါတယ်။ Toyota Prius ကို US မှာ မရောင်းချသေးခင် US မှာ ပထမဆုံး ရောင်းချနိုင်ခဲ့တဲ့ Hybrid ကားက Honda Insight ဖြစ်ပါတယ်။

 

2003_toyota_prius

2003 Toyota Prius

 

လျှပ်စစ်ကားတွေနဲ့ ပတ်သတ်ပြီး စိတ်ဝင်စားမှု ပိုများလာစေခဲ့တာက ၂၀၀၆ ခုနှစ်မှာ Silicon Valley မှာရှိတဲ့ Startup ကုမ္ပဏီတစ်ခုဖြစ်တဲ့ Tesla Motor က မိတ်ဆက်ပေးခဲ့တဲ့ ဇိမ်ခံလျှပ်စစ်ပြိုင်ကားဖြစ်ပြီး တစ်ခါအားသွင်းရုံနဲ့ မိုင် ၂၀၀ အထိ မောင်းနှင်နိုင်တာပါ။ 

 

၂၀၁၀ ခုနှစ်မှာ Tesla က စွမ်းအင်ဌာနကနေ ဒေါ်လာ ၄၆၅ သန်း ချေးငွေယူခဲ့ပြီး သူ့ရဲ့ ထုတ်လုပ်ရေးလုပ်ငန်းတွေကို ကယ်လီဖိုးနီးယားမှာ စတင်နိုင်ခဲ့ကာ အဲ့ဒီချေးငွေတွေကိုလည်း ၉ နှစ်စောပြီး ပြန်ဆပ်နိုင်ခဲ့ပါတယ်။ 

 

တစ်နှစ်တည်းမှာပဲ Chevy Volt နဲ့ Nissan Leaf လျှပ်စစ်ကားတွေကို US မှာ စတင်ရောင်းချခဲ့ပါတယ်။ Volt ကတော့ ဓာတ်ဆီအင်ဂျင် ပါဝင်ပြီး ဘတ်ထရီအားကုန်ရင် ဆက်ပြီးမောင်းနှင်နိုင်ဖို့ ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။ Leaf ကတော့ လျှပ်စစ်မော်တာသီးသန့်နဲ့ မောင်းတာပါ။ 

 

နောက်နှစ် အနည်းငယ်အတွင်းမှာ စွမ်းအင်ဌာနကလည်း ဒေါ်လာ ၁၁၅ သန်း အကူအညီပေးကာ နိုင်ငံနေရာအနှံ့အပြားမှာ လျှပ်စစ်နဲ့ အားသွင်းနိုင်တဲ့ နေရာတွေ ဆောက်လုပ်ပေးခဲ့ပြီး လျှပ်စစ်အားသွင်းစခန်း စုစုပေါင်း ၁၈,၀၀၀ ကျော် ဆောက်လုပ်ပေးခဲ့ပါတယ်။ 

 

နောက်ပိုင်းမှာ လျှပ်စစ်သုတေသနအဖွဲ့ရဲ့ ရှာဖွေမှုတွေအရ လျှပ်စစ်ဘတ်ထရီတွေရဲ့ ထုတ်လုပ်မှုဈေးကို တစ်ဝက်ခန့် လျှော့ချပေးနိုင်ခဲ့ပြီး ဈေးသက်သက်သာသာနဲ့ လူတွေ ပိုဝယ်နိုင်အောင် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ 

 

Advertisements

Click Here >>> First National Insurance

 

ယခုအချိန်မှာတော့ လျှပ်စစ်ကားတွေကို ပုံစံအမျိုးမျိုး အရွယ်အစားအမျိုးမျိုးနဲ့ ရနိုင်ပြီး ဓာတ်ဆီဈေး ပိုတက်လာတာနဲ့ လျှပ်စစ်ကားတွေရဲ့ ဈေးကျလာတာက လူတွေကို စိတ်ဝင်စားမှု ပိုမြင့်တက်လာစေပြီး ဝယ်လိုအားကိုလည်း ပိုမြင့်တက်လာစေခဲ့ပါတယ်။ 

 

အခုအချိန်မှာတော့ USမှာ Plug-in လျှပ်စစ်ကား ၂ သိန်းကျော်နဲ့ Hybrid ကား ၃ သန်းကျော်အထိ ရှိနေပြီး ၂၀၁၂ ကနေ ၂၀၂၁ ခုနှစ်အထိ တစ်ကမ္ဘာလုံးအတိုင်းအတာအရ လျှပ်စစ်ကား ၁၇ သန်း အထိ ရောင်းချပြီးပြီ ဖြစ်ပါတယ်။ 

 

ယနေ့မှာ လျှပ်စစ်ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေ အမြောက်အမြား ပေါ်လာကြပြီး အဲ့ဒီကုမ္ပဏီတွေထဲမှာ လတ်တလော နာမည်ကြီးနေတဲ့ Tesla အပြင် တခြားကုမ္ပဏီတွေကပါ ဘတ်ထရီနည်းပညာအသစ်တွေနဲ့ လျှပ်စစ်ကားတွေ ချပြလာကြပါပြီ။ တရုတ်အခြေဆိုက်ကားကုမ္ပဏီတွေဖြစ်တဲ့ BYD၊ SAIC နဲ့ GAC ကားကုမ္ပဏီတွေကလည်း သူတို့ရဲ့ လျှပ်စစ်ကားတွေနဲ့ နာမည်ရလာပြီး တရုတ်တစ်နိုင်ငံထဲတင်မဟုတ်ပဲ ဂျပန်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံအပြင် US မှာပါ ဈေးကွက်တစ်ခု ရရှိနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် GM၊ Volkswagen Group၊ BMW နဲ့ ဂျပန်ကားကုမ္ပဏီတွေဖြစ်တဲ့ Toyota၊ Honda နဲ့ Nissan တို့ကလည်း လျှပ်စစ်ကားတွေ အပြိုင်အဆိုင် ထုတ်လုပ်နေကြပါတယ်။

 

BYD

BYD HAN 2023

 

ကျွန်တော့် အမြင်အရ ပြောရမယ်ဆိုရင်တော့ မြန်မာနိုင်ငံကလွဲရင် တချို့နိုင်ငံတွေမှာ ၂၄ နာရီ လျှပ်စစ်မီးရရှိတဲ့ အပြင် မြို့ပြအပြင်ဘက်တွေပါ လျှပ်စစ်မီးရပြီး ဘတ်ထရီ အားသွင်းပေးနိုင်တဲ့ နေရာတွေ လုံလုံလောက်လောက် ရှိနေပြီ ဖြစ်တာကြောင့် လျှပ်စစ်ကားကဏ္ဍက တော်တော်လေးတော့ တိုးတက်ကျယ်ပြန့် လာနိုင်ဦးမှာ ဖြစ်ပါတယ်။ 

 

ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာ လျှပ်စစ်ကားစီးနိုင်ဖို့ အတွက်က မီးမမှန်တာတွေ လျှပ်စစ်နဲ့ အားသွင်းပေးနိုင်တဲ့ နေရာမလုံလောက်တာတွေအပြင် ကိုယ့်နေအိမ်မှာ အားသွင်းဖို့ စနစ်သပ်သပ် လုပ်ဖို့ အဆင်မပြေတာတွေ ရှိနေဦးမှာဖြစ်လို့ လျှပ်စစ်ကားစီးမယ်ဆိုရင် အဆင်မပြေတာတွေ များနေဦးမှာပါ။ 

 

ဒါ့အပြင် နောက်ပိုင်းမှာလည်း လျှပ်စစ်ကားတွေက လူစိတ်ဝင်စားမှု ပိုများလာနိုင်မလား ဒါမှမဟုတ် ၁၉၀၀ ခုနှစ်တွေတုန်းကလိုပဲ စွမ်းအင်နောက်တစ်ခုနဲ့ ထပ်မံအစားထိုးခံရပြီး မှေးမှိန်သွားဦးမှာလား ဆိုတာကတော့ ဆက်လက် စောင့်ကြည့်ရဦးမှာလည်း ဖြစ်ပါတယ်။

 

For More Related Articles & News >>> Automobile News

Read 431 times