ယှဉ်ပြိုင်မှု ပြင်းထန်လာတဲ့ ထိုင်းနိုင်ငံအတွင်းက ဂျပန်နဲ့ တရုတ်ကားကုမ္ပဏီများ


မြန်မာ့အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဟာ ဂျပန်၊ တရုတ်နဲ့ ထိုင်ဝမ်တို့ရဲ့ ကားထုတ်လုပ်မှုအတွက် မျက်စိကျစရာ နေရာဖြစ်လာနေပြီး လက်ရှိအချိန်မှာ နာမည်ကြီး ကားကုမ္ပဏီတွေဟာ ထိုင်းနိုင်ငံအတွင်း ကားထုတ်လုပ်မှုတွေကို ပိုမို တိုးမြှင့် ဆောင်ရွက်နိုင်ဖို့ အပြိုင်အဆိုင် လုပ်ဆောင်နေကြပါတယ်။

ထိုင်းနိုင်ငံ စီးပွားရေး၊ ကုန်ထုတ်လုပ်ငန်းနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေရဲ့ (၁၀) ရာခိုင်နှုန်းကို ကားထုတ်လုပ်ရေးကဏ္ဍက သိမ်းပိုက်ထားပြီး ထိုင်းနိုင်ငံဟာ Toyota နှင့် Honda အပါအဝင် ကမ္ဘာ့ထိပ်တန်း ကားကုမ္ပဏီတွေရဲ့ ကားထုတ်လုပ်ရေး အခြေစိုက်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ မော်တော်ကား ထုတ်လုပ်မှုဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ အစီးရေ ၁၉၀,၁၅၅ စီးအထိ ရှိခဲ့ပြီး  (၄၄) လတာ ကာလအတွင်း အမြင့်ဆုံး စံချိန်တင်ခဲ့ပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာလထက် ၁၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့ ထိုင်းနိုင်ငံ စက်မှုလုပ်ငန်းများ အဖွဲ့ချုပ် Federation of Thai Industries (FTI) က ထုတ်ဖော် ပြောဆိုထားပါတယ်။

 

 

Source - MarkLines, Thailand


ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ် Prayuth Chan-Ocha က မေလမှာ ကျင်းပ ပြုလုပ်မယ့် ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရဲ့ စီးပွားရေး တိုးတက်လာတာကို ပြသချင်နေပြီး ၂၀၃၀ ပြည့်နှစ်မှာ နိုင်ငံရဲ့ EV ကား ထုတ်လုပ်မှုကို (၃၀) ရာခိုင်နှုန်းအထိ မြှင့်တင်မယ်ဆိုတဲ့အကြောင်း ကြေညာခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာရှိတဲ့ Joint Foreign Chambers of Commerce ရဲ့ ဥက္ကဌဟောင်းဖြစ်တဲ့ Stanley Kang က ဈေးကွက်ထဲ အရင်ဝင်နိုင်တဲ့ သူက ဈေးကွက်ကို ပိုပြီး ချုပ်ကိုင်နိုင်မယ်လို့ပြောဆိုထားပါတယ်။

 

ဂျပန်နိုင်ငံမှ ကားထုတ်လုပ်မှု အခြေအနေများ

================================

ဂျပန်နိုင်ငံရဲ့ အကြီးဆုံး ကားကုမ္ပဏီဖြစ်တဲ့ Toyota ဟာ ၁၉၆၂ ခုနှစ်ကတည်းက ထိုင်းနိုင်ငံမှာ ကားထုတ်လုပ်မှုတွေ စတင် လုပ်ဆောင်ခဲ့ပြီး လက်ရှိအချိန်မှာ ဝန်ထမ်းအင်အား ၂၇၅,၀၀၀ နဲ့ လုပ်ငန်းလည်ပတ်လျက် ရှိပါတယ်။

ထိုင်းနိုင်ငံမှာ Toyota ကားကုမ္ပဏီရဲ့ ဈေးကွက်ရရှိမှုမှာ (၃၀) ရာခိုင်နှုန်း ရှိတာကြောင့် လျှပ်စစ်ကားတွေကို ထပ်မံ ထုတ်လုပ်ရောင်းချရေးအတွက် တိုယိုတာက ပြင်ဆင် ဆောင်ရွက်နေပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၁၄) ရက်နေ့မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ Toyota နှစ် (၆၀) ပြည့် အခမ်းအနားမှာ ပထမဆုံးသော Electric Pickup Truck ကိုလည်း မိတ်ဆက် ပြသခဲ့ပါတယ်။

 

Source - Toyota with it's new EV Pickup

ကုမ္ပဏီရဲ့  ဥက္ကဌဖြစ်သူ Akio Toyoda  က “ တိုယိုတာနဲ့ ထိုင်းနိုင်ငံရဲ့ အနာဂတ်ဟာ တောက်ပနေပြီး ရှေ့ဆက် ပိုမို တောက်ပလာပါလိမ့်မယ်။ “ လို့ ပြောခဲ့ပြီး အလုပ်ကိစ္စတွေသာ မရှိရင် ဂျပန်မှာ မနေပဲ ထိုင်းနိုင်ငံမှာ လာနေချင်တယ်လို့တောင် ဆိုခဲ့ပါတယ်။

အခြားသော ဂျပန်ရင်းနှီးမြှုပ်နှံသူများကလည်း ထိုင်းနိုင်ငံအတွင်းမှာ ရင်းနှီးမြှုပ်နှံဖို့ ပိုမို စိတ်ဝင်စားနေကြပြီး ၂၀၂၂ နိုဝင်ဘာလထဲမှာ ဂျပန်ရဲ့ အကြီးမားဆုံး လျှပ်စစ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Sony ဟာ ထိုင်းနိုင်ငံမြောက်ပိုင်းက Chip ထုတ်တဲ့ စက်ရုံကို (၇၀) ရာခိုင်နှုန်းအထိ တိုးချဲ့ဖို့ ဆုံးဖြတ်ထားကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အဲ့ဒီစက်ရုံက ဝန်ထမ်းအရေအတွက်ကိုလည်း လက်ရှိ ၁,၀၀၀ ကနေ ၂၀၂၄ မှာ ၃,၀၀၀ အထိ တိုးမြှင့် ခန့်ထားဖို့ကိုလည်း ပြောကြားခဲ့ပါတယ်။ ဒီစက်ရုံဟာ အလိုအလျောက် မောင်းနှင်ပေးနိုင်တဲ့ စနစ်တွေအတွက် လိုအပ်တဲ့ Sensor တွေ ထုတ်လုပ်ပေးနေတဲ့ စက်ရုံတစ်ခုလည်း ဖြစ်ပါတယ်။

ဂျပန်ရဲ့ နောက်ထပ် နာမည်ကြီး Honda ကားကုမ္ပဏီဟာလည်း ၂၀၂၃ အတွင်း ထိုင်းနိုင်ငံမှာ လျှပ်စစ် SUV ကားတွေကို အလုံးအရင်းနဲ့ စတင်ထုတ်လုပ်တော့မယ့် အကြောင်း သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။ Honda ဟာ ကားနဲ့ မော်တော်ဆိုင်ကယ်ထုတ်လုပ်ရေးကို ထိုင်း၊ အင်ဒိုနီးရှားနဲ့ အိန္ဒိယနိုင်ငံတွေမှာ လုပ်ဆောင်ပေမယ့် သုတေသနဆိုင်ရာ ဌာနတွေကိုတော့ ထိုင်းနိုင်ငံမှာပဲ အခြေစိုက် ထားရှိတာကို တွေ့ရပါတယ်။

လက်ရှိအချိန်မှာ Honda ဟာ EV ထုတ်လုပ်မှုကို တဖြည်းဖြည်း မြှင့်တင်နိုင်ဖို့ လုပ်ဆောင်နေပြီး ကုမ္ပဏီအနေနဲ့ မိမိတို့ ပြန်ရတာနဲ့ မကာမိဘူးဆိုရင် ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုကို လုပ်မှာ မဟုတ်ဘူးလို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ကားထုတ်လုပ်သူတွေကတော့ လာမယ့် ၂၀၂၅ ဘဏ္ဍာနှစ်မှာ လုပ်ငန်းလည်ပတ်မှုထဲက အမြတ်အစွန်း (၇) ရာခိုင်နှုန်းလောက်ထိ မြှင့်တင်နိုင်မယ်လို့ ရင်းနှီးမြှုပ်နှံသူတွေကို ကတိကဝတ်ပြု ထားကြပါတယ်။

Japan External Trade Organization (JETRO) ရဲ့ တွက်ချက်မှုများအရ ၂၀၂၂ မတ်လအထိ ဂျပန်ဟာ ထိုင်းနိုင်ငံ အိမ်သုံးပစ္စည်းဈေးကွက်ရဲ့ (၄) ရာခိုင်နှုန်းကို ရယူထားနိုင်ပြီး ရင်းနှီးမြှုပ်နှံမှုတွေအနေနဲ့လည်း ထိုင်းနိုင်ငံမှာ (၃၂) ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ ဆိုပါတယ်။

Source - MarkLine,  AutoLifeThailand
 

တရုတ်နိုင်ငံမှ ကားထုတ်လုပ်မှု အခြေအနေများ

=================================

ဂျပန်နိုင်ငံအတွက် အဓိက ပြိုင်ဘက်ကတော့ တရုတ်နိုင်ငံ ဖြစ်ပါတယ်။ Toyota ရဲ့ နှစ် (၆၀) ပြည့် အထိမ်းအမှတ်ပွဲ မပြုလုပ်ခင်မှာ တရုတ် EV ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ BYD က ထိုင်းနိုင်ငံ Rayong မှာ ဧက ၂၅၀ နီးပါးကို ဝယ်ယူဖို့အတွက် WHA နဲ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

BYD ဟာ ၁၉၉၅ ခုနှစ်က စတင် တည်ထောင်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပြီး မော်တော်ကား ထုတ်လုပ်ရေးတွေ ဖြစ်တဲ့ ဘတ်စ်ကား၊ လျှပ်စစ်စက်ဘီး၊ ကုန်တင်ကား၊ ဆိုလာစနစ်တွေနဲ့ ပြန်လည် အားသွင်း အသုံးပြုနိုင်တဲ့ ဘက်ထရီတွေကို အဓိကထား ထုတ်လုပ်ပါတယ်။

BYD မှ Thailand International Motor Expo တွင် ကားမော်ဒယ် ခုနှစ်မျိုးကို ပြသခဲ့

WHA ဟာ ထိုင်းနိုင်ငံရဲ့ အကြီးမားဆုံး စက်မှုဇုန်တစ်ခုဖြစ်ပြီး ထုတ်လုပ်ရေးအတွက် စက်ရုံဆောက်ဖို့ လိုအပ်တဲ့ မြေနေရာတွေ၊ တည်ဆောက်ပြီးသား စက်ရုံတွေနဲ့ ဂိုထောင်တွေကို ၁၉၉၉ ခုနှစ်ကတည်းက စီမံ လုပ်ဆောင် ထောက်ပံ့ပေးလာခဲ့တာ ဖြစ်ပါတယ်။

စက်မှုဇုန် (၁၂) ခုကို စီမံ လုပ်ဆောင်ပေးနေပြီး ၂၇,၀၀၀ ဧကကျော် ( ဟက်တာအားဖြင့် ၁၀,၉၅၀ ) ကျော်ကို ပိုင်ဆိုင်ထားပါတယ်။ ထိုင်းနိုင်ငံမှာ Ford, Mazda, Great Wall Motor, Suzuki, SAIC အပါအဝင် ကမ္ဘာတစ်ဝှမ်းက ကားထုတ်လုပ်ရေး (၂၈၀) ကျော်က ရင်းနှီး မြှုပ်နှံထားကြပါတယ်။

၂၀၂၄ ခုနှစ်မှာ လျှပ်စစ်ကားတွေကို စတင် ထုတ်လုပ်မယ်လို့ သိရပြီး “ ၂၅ နှစ်တာ ကာလအတွင်း ကုမ္ပဏီရဲ့ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုဖြစ်တယ် “ လို့ ရောင်းလိုက်တဲ့ WHA ဘက်က ပြောပါတယ်။ ပြီးခဲ့တဲ့ (၃) နှစ်အတွင်း WHA ရဲ့  Customer (၄၀) ရာခိုင်နှုန်းက တရုတ်နဲ့ ထိုင်ဝမ်က ဖြစ်တယ်လို့လည်း သိရပါတယ်။

ဂျပန်နိုင်ငံအနေနဲ့ ထိုင်းနိုင်ငံအတွင်း ဓာတ်ဆီနဲ့ ဒီဇယ်သုံး ကားဈေးကွက်ကိုပဲ စိုးမိုးနိုင်နေသေးတာကြောင့် လျှပ်စစ်ကားဈေးကွက်မှာ တရုတ်နဲ့ အပြိုင်အဆိုင်လုပ်ရတော့မှာ ဖြစ်ပါတယ်။

" တရုတ်ကားထုတ်လုပ်သူတွေဟာ ( အမေရိကန်နှင့် တရုတ် ) ရဲ့ စီးပွားရေးကျဆင်းမှုတွေကို ဖြတ်ကျော်နိုင်ဖို့အတွက် ထိုင်းနိုင်ငံကို ပြောင်းရွှေ့ ထုတ်လုပ်လာကြပြီး ဂျပန်နဲ့ တရုတ်ကြား ပြိုင်ဆိုင်မှုဟာ ပိုမို ပြင်းထန်လာဖွယ် ရှိတယ်။ " လို့ Nomura Research Institute နှင့် ဘန်ကောက်အခြေစိုက် မော်တော်ယာဥ်လေ့လာသူ Hajime Yamamoto က ခန့်မှန်းထားပါတယ်။

EV ထုတ်လုပ်မှုနှင့် ဈေးကွက် အခြေအနေများ

=================================

ထိုင်းနိုင်ငံတွင်း ကားအစိတ်အပိုင်း ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Denso Asia International ရဲ့ CEO Naoto Inuzuka က တရုတ်နဲ့ ထိုင်း ပြိုင်ဆိုင်မှုဟာ ပြင်းထန်နေပြီး ကာလရှည်ကြာ တည်ဆောက်လာတဲ့ ဂျပန်ကုမ္ပဏီတွေ စီးပွားရေးကျဆင်းသွားမှာကို စိုးရိမ်နေပေမယ့် “ အသစ် ထပ်ဝင်လာတဲ့  BYD, Great Wall, SAIC and Foxconn စတဲ့ ကားထုတ်လုပ်ရေး ကုမ္ပဏီတွေအတွက် အထောက်အပံ့ကောင်းတွေ ပေးနိုင်ဖို့ အခွင့်အလမ်းတွေတော့ ရှာနေပါတယ်။ “ လို့ ဆိုပါတယ်။

Denso အနေနဲ့ EV ကားထုတ်လုပ်ရေး ကုမ္ပဏီတွေနဲ့ တွေ့ဆုံဖို့လည်း ပြင်ဆင်နေပြီး ၂၀၂၄-၂၀၂၅ ခုနှစ်မှာ စတင် ထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။

Toyota, BMW, Volvo နဲ့ Tesla မှ လျှပ်စစ်ကားတွေဟာ ဘတ် (၁) သန်းကျော်အထိ ဈေးရှိပြီး ဒီငွေပမာဏဟာ ထိုင်းနိုင်ငံအတွင်းက တချို့တိုက်ခန်းတွေကိုတောင် ဝယ်ယူနိုင်တဲ့ ပမာဏ ဖြစ်ပါတယ်။ လျှပ်စစ်နဲ့ အားပြန်သွင်းပေးနိုင်တဲ့ နေရာတွေကလည်း ဘန်ကောက်မြို့ပြင်ပမှာ အများကြီးမရှိပဲ တစ်နေရာနဲ့ တစ်နေရာလည်း ကွာဝေးပါတယ်။

ထိုင်းနိုင်ငံက လူတော်တော်များများကလည်း ဒီဇယ် Pick Up ကားတွေကို လူစီးဖို့အတွက်ရော ကုန်တင်ဖို့အတွက်ပါ အသုံးပြုနေကြဆဲ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလတုန်းကလည်း ထိုင်ဝမ်ရဲ့ နာမည်ကြီး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Foxconn ဟာ ၂၀၂၄ ခုနှစ်မှာ ထိုင်းနိုင်ငံနေရာအနှံ့ လျှပ်စစ်ကားတွေကို ထုတ်လုပ်သွားတော့မယ်လို့ ပြောကြားထားပါတယ်။

ထိုင်းနိုင်ငံရဲ့ လက်ရှိ EV ကား ရောင်းချရမှုဟာ (၁) ရာခိုင်နှုန်းအောက်သာ ရှိသေးပေမယ့် Rayong မှာ GM စက်ရုံကို ပိုင်ဆိုင်ထားတဲ့ တရုတ်ကုမ္ပဏီ Great Wall Motor ဟာ ၂၀၂၀ ကတည်းက  EV တွေ ထုတ်နေခဲ့ပြီး ဈေးသိပ်မကြီးတဲ့အတွက် Subcompact EV ကားတွေရဲ့ ရောင်းအားက ၂၀၂၂ ခုနှစ် ပထမ (၉) လအတွင်း (၄၅) ရာခိုင်နှုန်း မြင့်တက်လာပါတယ်။

Source - https://www.haval-global.com/news/1156058.html

ဒီလိုပဲ နောက်ထပ် တရုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ SAIC ကလည်း သူ့ရဲ့  လူကြိုက်များလှတဲ့ UK Brand MG ကြောင့် ရောင်းအား (၂၄) ရာခိုင်နှုန်းထိ မြင့်တက်လာတယ်လို့ ဆိုပါတယ်။

ပြန်လည် အနှစ်ချုပ်ရမယ်ဆိုရင် ၂၀၂၃ ခုနှစ်က စပြီး လာမယ့်နှစ်တွေမှာ ဂျပန်နဲ့ တရုတ်တင် မကပဲ ထိုင်ဝမ်ကပါ ထိုင်းနိုင်ငံအတွင်း EV ကားတွေ တဖြည်းဖြည်း တိုးမြှင့် ထုတ်လုပ်တော့မှာ ဖြစ်လို့ ပြိုင်ဆိုင်မှု ပြင်းထန်လာတာကို မြင်တွေ့ရမှာပါ။

Read 683 times