လူသိနည်းသေးတဲ့ ကားနည်းပညာ ၆ ခု


အခုဆိုရင် ကားအများစုမှာ ဘေးကင်းဖို့ ဇိမ်ကျဖို့ စသဖြင့်အကြောင်းပြချက်အမျိုးမျိုးနဲ့ နည်းပညာအသစ်တွေထပ်ထွက်လာပါတယ်။ လက်ရှိကားအများစုမှာ ထည့်သွင်းထားပေမယ့် လူသိနည်းသေးတဲ့ နည်းပညာ ၆ ခုကိုဝေမျှချင်ပါတယ်။

၁။ 4WD

4 Wheel Drive မှာ Part Time 4WD နဲ့ Full Time 4WD ဆိုပြီး နှစ်မျိုးရှိတယ်။ Full Time 4WD ကပိုကောင်းတယ်။ အဆွဲအရုန်းကောင်းတဲ့အပြင် ဆီလည်းမစားဘူး။ သာမန်လမ်းတွေမှာ ဘီးလေးဘီးစလုံးနဲ့ မောင်းနှင်နိုင်အောင် တီထွင်ထားတာဖြစ်တယ်။ ဒါကြောင့် တကယ်လို့ မိမိကား နွံနစ်တာမျိုးဖြစ်ရင် Differential Lock ခလုတ်ကိုနှိပ်ပြီး ရုန်းရမယ်။ Land Cruiser လို Hilux လို Off road အတွက်သီးသန့်ထုတ်ထားတဲ့ ကားတွေမှာ Full Time 4WD ကိုသုံးကြတယ်။ Part Time 4WD ကျတော့ 4H, 2H, 4L ဆိုတဲ့ ဂီယာတွေရှိတယ်။ ဘီးလေးဘီးကိုလှုပ်ရှားစေချင်ရင် 4H သို့မဟုတ် 4L ကိုထိုးရမယ်။ ဘီးနှစ်ဘီးထဲ လှုပ်ရှားစေချင်ရင် 2H ကိုထိုးထားရမယ်။ သာမန်လမ်းတွေမှာမောင်းရင် 2H နဲ့ပဲမောင်းရမယ်။ နွံနစ်တာမျိုးကြုံမှပဲ 4H သို့မဟုတ် 4L ကိုထိုးပြီး ရုန်းထွက်ရမယ်။

၂။ ကားရှေ့မီးတွေရဲ့အနေအထားကိုပြောင်းတဲ့ စနစ် Adaptive Front Lighting System

ဒီစနစ်ကကားရှေ့မီးသီးရဲ့ အနေအထားကိုပြောင်းပေးတဲ့စနစ်ပါ။ ကားရှေ့မီးသီးကို ဘယ်ညာအထက်အောက် အလိုအလျောက်ရွေ့လျားနိုင်အောင်လုပ်ထားတဲ့ စနစ်ဖြစ်ပါတယ်။ တကယ်လို့ကားကွေ့ရင် ကားကွေ့တဲ့ဘက်ကို ပိုယိုင်ပေးတာမျိုး ကုန်းတက်ရင် ကားမီးသီးကိုအောက်စိုက်ပေးတာမျိုးတွေ လုပ်ပေးပါတယ်။ ဒီလိုမျိုး ထိန်းချုပ်ဖို့ ကားမှာ ရှေ့နောက်ဆင်ဆာတပ်ထားပြီး ကားရဲ့ အတိမ်းအစောင်း အနိမ့်အမြင့်ကိုအာရုံခံပါတယ်။ ပြီးရင် ECU ဆီပို့ပြီး ကားရှေ့မီးသီးကိုသတ်မှတ်ထားတဲ့ တန်ဖိုးတွေအတိုင်း အလိုအလျောက်ထိန်းညှိပေးပါတယ်။

၃။ ကားရှေ့မီးကြီးနဲ့မီးသေးကို အလိုအလျောက်ပြောင်းတဲ့စနစ် Automatic High Beam

ရန်ကုန်မှာကားမောင်းရင် စိတ်ညစ်စရာအကောင်းဆုံးက မီးကြီးနဲ့ အထိုးခံရတာပါ။ အထူးသဖြင့် မျက်မှန်ပါတဲ့လူတွေဆို ညဘက်ကားမောင်းနေတုန်း မျက်နှာချင်းဆိုင်ဘက်ကနေ ရှေ့မီးကြီးနဲ့ထိုးတာခံလိုက်ရရင် အမြင်တွေမှုန်ဝါးသွားတာမျိုး ခံစားရတယ်။ ဒီလိုပဲ ကိုယ့်ကားကနေ ရှေ့မီးကြီးနဲ့ မျက်နှာချင်းဆိုင်ကားကို ထိုးမိရင် တဘက်ကားကယာဉ်မောင်းလည်း တော်တော်ခံရခက်မှာပါ။ မီးကြီးမထွန်းပဲ မီးသေးပဲထွန်းရင်လည်း လမ်းဘေးဓာတ်တိုင်တွေက အလင်းသိပ်မကောင်းလို့ ပတ်ဝန်းကျင်ကို ထင်ထင်ရှားရှားမြင်ရမှာမဟုတ်ဘူး။ မီးကြီးနဲ့မီးသေး ခဏခဏပြောင်းနေရတာ တကယ်တော့ အာရုံနောက်ဖို့ကောင်းတယ်။


ဒီလိုမျိုးမဖြစ်အောင် မီးကြီး နဲ့ မီးသီး အလိုအလျောက်ပြောင်းလဲပေးတဲ့ စနစ်ကို Automatic High Beam လို့ခေါ်ပါတယ်။ ဒီစနစ်က လမ်းမပေါ်ကအရာတွေကို ဆင်ဆာသုံးပြီးစစ်ဆေးတယ်။ အကွာအဝေးအများကြီးအထိစစ်ဆေးနိုင်တယ်။ တစ်နာရီကီလိုမီတာ ၃၀ နှုန်းထက်များတဲ့အရှိန်နဲ့မောင်းနေရင်း ကားရှေ့မှာမှောင်နေရင်၊ မျက်နှာချင်းဆိုင်ဘက်ကနေ ရှေ့မီးသီးထွန်းလာတာမျိုးမရှိရင်၊ လမ်းမီးအရောင်မှောင်နေရင်၊ ရှေ့မှာကားမရှိရင် ဒီစနစ်က အလိုအလျောက်မီးကြီးထွန်းလိမ့်မယ်။ တကယ်လို့မျက်နှာချင်းဆိုင်ဘက်ကနေ ရှေ့မီးသီးထွန်းလာတဲ့ အလင်းရောင်ကို အာရုံခံမိရင် ဒီစနစ်က အလိုအလျောက် မီးသေးပြောင်းထွန်းပေးလိမ့်မယ်။

၄။ ဘရိတ်ကိုထောက်ပံ့ပေးတဲ့စနစ် Pre Collision Brake 

အိပ်ငိုက်လို့ပဲဖြစ်စေ သတိမပြုမိလို့ပဲဖြစ်စေ ရှေ့မှာရှိနေတဲ့ ယာဉ်၊ အရာဝတ္ထုကို တိုက်ခါနီးကျမှ သတိထားမိတယ်။ ဒီအချိန်မှာ ယာဉ်မောင်းက ဘရိတ်ကိုအသားကုန်နင်းတော့မယ်။ ဒီလိုမျိုးဖြစ်ရင် Pre Collision Brake စနစ်က ယာဉ်မတိုက်မိဖို့ လုံလောက်တဲ့ဘရိတ်အားရအောင်လုပ်ပေးပါတယ်။ ဒီစနစ်ကို Anti-lock Braking ABS စနစ်နဲ့တွဲသုံးရင် ယာဉ်မတော်တဆမှုတွေကို ရှောင်နိုင်မှာပါ။

၅။ ယာဉ်စီးသူကိုကာကွယ်ပေးတဲ့စနစ် Passenger Protection

ဘယ်လိုမှရှောင်တိမ်းလို့မရပဲ ယာဉ်တိုက်မှုဖြစ်သွားရင်တောင် ယာဉ်စီးနင်းသူတွေကို ကာကွယ်ပေးတဲ့ စနစ်တွေ ကားအများစုမှာ ထည့်ထားပါတယ်။ ကားရှေ့ပိုင်း နဲ့နောက်ပိုင်းတွေမှာ ယာဉ်တိုက်မှုဖြစ်ရင် ကားရှေ့နဲ့နောက်ဘော်ဒီပိုင်းတွေက ကျုံ့ဝင်ပြီး ထိခိုက်မှုကိုလျော့ချမယ်။ ယာဉ်စီးနင်းသူတွေရှိတဲ့ကားဘော်ဒီပိုင်းက မပျက်စီးအောင်တောင့်ထားမယ်။ တချိန်တည်းမှာပဲ လေအိတ်ပွင့်ပြီး ယာဉ်စီးနင်းသူတွေအသက်အန္တရာယ်မရှိအောင်ကာကွယ်ပေးလိမ့်မယ်။

၆။ စီးနင်းသူကို ထိုင်ခုံနဲ့ဆွဲကပ်ထားတဲ့ ထိုင်ခုံခါးပတ်

အခုဆိုရန်ကုန်မှာ ထိုင်ခုံခါးပတ်ပတ်ဖို့လှုံ့ဆော်မှုတွေလုပ်လာကြပြီ။ ထိုင်ခုံခါးပတ်စေခြင်းဟာ ကားပေါ်ပါသူတွေဘေးကင်းစေဖို့ပါ။ မိမိပတ်မယ့်ထိုင်ခုံခါးပတ်က တကယ်ရော စိတ်ချရရဲ့လားလို့ စစ်ဆေးကြည့်ဖူးပါသလား??? 
ထိုင်ခုံခါးပတ်ကို ရုတ်တရက်ဆောင့်ဆွဲကြည့်ပါ။ ဆောင့်ဆွဲလို့မရပဲ တန့်သွားတယ်ဆိုရင် ထိုင်ခုံခါးပတ်ကောင်းပါတယ်။ အတွဲလိုက်ကြီးပါလာရင်တော့ ထိုင်ခုံခါးပတ်ပြုပြင်ဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ တကယ်လို့ ယာဉ်တိုက်မှုဖြစ်ရင် ထိုင်နေတဲ့ လူက ရှေ့ကိုယိုင်သွားမယ်။ အဲ့လိုယိုင်သွားရင် အရှေ့ကနေလေအိတ်ပွင့်လာပြီး မျက်နှာနဲ့ကိုယ်ကို လာရိုက်တာခံရလိမ့်မယ်။ ယာဉ်တိုက်မှုဖြစ်တာနဲ့ ရှေ့ကိုမယိုင်သွားပဲ ထိုင်ခုံမှာကပ်နေအောင် ထိုင်ခုံခါးပတ်ကဆွဲထားပေးရမယ်။ ဒါကြောင့် ရုတ်တရက်ဆောင့်ဆွဲလိုက်တဲ့ဒဏ်ကိုမှ မခံနိုင်တဲ့ ထိုင်ခုံခါးပတ်ကို ပတ်ဖို့မသင့်တော်ပါဘူး။

ဒီအချက်တွေက လူသိပ်မသိသေးတဲ့ အချက်လေးတွေပါ။ အားလုံးပဲ ကိုယ်ချစ်တဲ့သူတွေ ကိုယ့်မိတ်ဆွေတွေဆီ ဝေမျှပေးလိုက်ကြပါစို့ဗျာ။

Source: Desire Autoworks


 

Read 2962 times