မြန်မာတစ်နိုင်ငံလုံး၌ ၂၀၁၉ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုကြောင့် လူပေါင်း ၅,၃၂၅ ဦး သေဆုံးခဲ့ကြောင်း နေပြည်တော် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲမှူးတစ်ဦးက ဆင်ဟွာသို့ ပြောကြားသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များနှင့် ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးပေါ် ၌ ၂၀၁၉ ခုနှစ် အတွင်း ယာဉ်မတော်တဆမှု ၁၆,၁၆၇မှု၊ ဒဏ်ရာရရှိသူ ၂၅,၀၇၂ ဦး နှင့် သေဆုံးသူ ၅,၃၂၅ဦး အသီးသီး ရှိခဲ့ကြောင်း ၎င်း ကဆိုသည်။
၂၀၁၈ ခုနှစ်တွင် ယာဉ်မတော်တဆမှုကြောင့် တစ်နိုင်ငံလုံးတွင် လူ ၅,၁၈၄ ဦးသေဆုံးခဲ့ပြီး ယာဉ်မတော်တဆမှု ၁၇,၄၅၂ မှု နှင့် ဒဏ်ရာရရှိသူ ၂၆,၇၄၁ ဦးရှိခဲ့ကြောင်း သိရသည်။
" ခု ၂၀၂၀ ဇန်နဝါရီလကနေ သြဂုတ်လအထိ မှာတင် ယာဉ်တိုက်မှုကြောင့် လူ ၃,၀၀၀ကျော် သေဆုံးခဲ့တယ်၊ ယာဉ်မတော်တဆမှု ၉,၀၀၀ကျော်ရှိတယ်၊ ၂၀၁၉ နဲ့ ၂၀၁၈ နှိုင်းယှဉ်ရင်လည်း လူသေမှုက ၂၀၁၉ မှာ ပိုများခဲ့တယ်၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးတွေ ကျွန်တော်တို့ ပိုပိုတင်းကျပ်နေပါတယ်၊ ပြည်သူတွေဘက်ကလည်း အတိအကျ လိုက်နာသင့်တယ်" ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲမှူးက ဆိုသည်။
ယာဉ်မတော်တဆမှု ပထမအဖြစ်အများဆုံးသည် ပဲခူးတိုင်းဒေသကြီး၊ ဒုတိယ ယာဉ်မတော်တဆမှုအဖြစ်အများဆုံးသည် ရန်ကုန်တိုင်းဒေသကြီးနှင့် တတိယ ယာဉ်မတော်တဆမှုအဖြစ်အများဆုံးသည် မန္တလေးတိုင်းဒေသကြီးတို့ဖြစ် ကြောင်း သိရသည်။
Xinhua