အဝယ်များပုံမှန်ဆင်းနေသည့်အတွက် ပြန်လည်လည်ပတ်လာပြီဖြစ်သော ကားဈေးကွက်နှင့် ကားဈေးနှုန်းများ


သင်္ကြန်ကာလအပြီးတွင် ကားအရောင်းအဝယ်များ အေးစက်နေခဲ့သော်လည်း မေလဆန်းပိုင်းမှစ၍ နံပါတ်ထွက်ပြီးသား ၁၃၀၀ စီစီကားများသာမက အရောင်းစင်တာများမှ တင်သွင်းထားသောစလစ်ကပ်ကားများပါ အရောင်းအဝယ် ပုံမှန်ပြန်ဖြစ်လာခဲ့သည်။

ရန်ကုန်လိုင်စင်ဖြင့် ကားဝယ်ယူခွင့်မူဝါဒထွက်ပေါ်ရန် ကြာမြင့်အုံးမည်ဖြစ်သည့်အပြင် ထူးခြားစွာပြောင်းလဲမှု မရှိသည့် အခွန်ကောက်ဥပဒေကြောင့်လည်း ကားဈေးများ မြင့်တက်နိုင်ဖွယ်မရှိသကဲ့သို့ ကျဆင်းရန်လည်းမရှိကြောင်း ကားတင်သွင်းသူများက သုံးသပ်ထားကြသည်။

အများစုမှာ ရန်ကုန်လိုင်စင်ပြန်ထုတ်ပေးမည့် အချိန်ကိုသာ စောင့်ကြည့်နေကြသည့်အတွက် စတိနံပါတ်ကားများထက် နံပါတ်ထွက်ပြီးသား ကားမျာသာ အရောင်းအဝယ်ပိုဖြစ်နေပါသည်။

ယခုရက်ပိုင်းအတွင်း အဝယ်များ ပုံမှန်ဆင်းနေသည့်အတွက် ကားဈေးကွက်မှာ ပြန်လည်လည်ပတ်လာပြီဖြစ်ကြောင်း ကားအရောင်းအဝယ်ပြုလုပ်သူများက ဆိုပါသည်။

အင်ဂျင်ပါဝါ ၁၃၀၀ စီစီကားများတွင် Honda Fit ၊Honda Fit Shuttle ၊Toyota Axio ၊Toyota Belta စသည့်ကားများ အဝယ်လိုက်နေကြောင်း သိရပါသည်။

နယ်လိုင်စင်ကားများကို မြို့ဝင်ကြေးကောက်မည်ဆိုလျှင် ကောက်ခံသော နှုန်းထားအပေါ်မူတည်ပြီး နယ်ကားများ၏ ဈေးကွက်က အပြောင်းအလဲရှိနိုင်ပါသည်။

ကောက်ခံသောနှုန်းထားနည်းလျှင် ပြဿနာမရှိသော်လည်း ကောက်ခံသော နှုန်းထားများမည်ဆိုပါက ရန်ကုန်လိုင်စင်နှင့် နယ်လိုင်စင်များကြားတွင် ဈေးကွာဟချက်ပိုများသွားနိုင်ပါသည်။

ဘီးခွန်များအများကြီးကောက်ထားပြီးသားဖြစ်သဖြင့် မြို့ဝင်ကြေးထပ်ကောက်ခံမည်ဆိုလျှင် သင့်တင့်မျှတသော နှုန်းထားတစ်ခုဖြင့်သာ ကောက်ခံစေကြောင်း RIXS Group မန်းနေဂျင်းဒါရိုက်တာက ပြောကြားခဲ့ပါသည်။

ယခုရက်ပိုင်းအတွင်း ကားအရောင်းစင်တာများတွင်လည်း ရန်ကုန်အဝယ်သာမက နယ်အဝယ်များပါ ဆင်းသည့်အတွက် အရောင်းအဝယ်ပုံမှန်ပြန်ဖြစ်လာကြောင်း သိရပါသည်။

လက်ရှိမူဝါဒအရ တင်သွင်းရန်ကားရှားပါးနေချိန်တွင် ဂျပန်ကားဟောင်းဈေးကွက်မှာ ဆက်လက်ဦးဆောင်နေဦးမည်ဖြစ်ကြောင်း သိရပါသည်။

ကားအရောင်းစင်တာအများစုမှာ နံပါတ်ထွက်ပြီးသား Crown ၊Mark II ၊Premio ၊Alphard ၊Kluger စသည့်ကားများကို အဓိကထားအရောင်းအဝယ်ပြုလုပ်နေကြပါသည်။

နံပါတ်ထွက်ပြီးသား အမြင့်ကားအချို့ အရောင်းအဝယ်ပြန်ဖြစ်နေသော်လည်း Consignment ပါမစ်ဖြင့် တင်သွင်းထားသည့် စတိနံပါတ်ကားများမှာမူ ဝယ်လက်နည်းပါးနေကြောင်း သိရပါသည်။

ရန်ကုန်တွင် ကားဟောင်းဈေးကွက်နှင့် Brand New ကားများ၏ ရောင်းလိုအားက ၅၀ ရာခိုင်နှုန်းဆီဖြစ်နေပြီး အဟောင်းဝယ်သူနှင့် အသစ်ဝယ်သူက မျှနေကာ ကျောင်းဖွင့်ရာသီနီးလာလျှင် ကားဈေးကွက် ပိုကောင်းလာဖွယ်ရှိကြောင်း ကားဝယ်/ရောင်း တစ်ဦးက ပြောကြားခဲ့ပါသည်။

ကားဈေးကွက်အတွင်း ၁၃၀၀ စီစီ စတိနံပါတ်ကားများ အရောင်းအဝယ်ပြန်ဖြစ်လာသည့်အတွက် စလစ်ဈေးများပြန်လည်လှုပ်ခတ်လာပြီး ယခုရက်ပိုင်းအတွင်း ရန်ကုန်လိုင်စင် သက်တမ်းနှစ်နှစ်ဆယ် စလစ် တစ်စောင်လျှင်ကျပ် ၁၂၆ သိန်းဝန်းကျင်နှင့် တိုက်ကြေစလစ်တစ်စောင်လျှင် သိန်းတစ်ရာဝန်းကျင် ပေါက်ဈေးရှိကြောင်း သိရပါသည်။

ကားဈေးနှုန်းများ

စဉ်    ကားအမျိုးအစား    နံပါတ်     မိုဒယ်    ဈေးနှုန်း
၁ Toyota Wish YGN 2011 343
၂ Toyota Alphard YGN 2003 350
၃ Daihatsu Hijet BGO 2012 110
၄ Toyota Axio ယာယီ 2013 285
၅ Toyota Probox BGO 2012 183
၆ Honda Fit ယာယီ 2011 230
၇ Toyota Land Cruiser YGN 2010 1955
၈ Honda Insight MDY 2012 245
၉ Toyota Harrier YGN 2004 465
၁၀ Toyota Ractis BGO 2012 180

 

 

 

Read 1200 times