သင်္ကြန်ရေများနှင့်အတူ အေးစက်မြဲအေးစက်နေသော ကားဈေးကွက်အခြေအနေနှင့် ကားဈေးနှုန်းများ


 

အခွန်အကောက်ဥပဒေအပြောင်းအလဲအရ အင်ဂျင်ပါဝါ ၁၅၀၁ စီစီနှင့် ၂၀၀၀ စီစီကြား ကားများသာ အထူးကုန်စည်ခွန် သက်သာခွင့်ရသွား၍ ကားဈေးကွက်ကသိသိသာသာ ပြောင်းလဲသွားခြင်းမရှိပေ။

လက်ရှိနှစ်၏ ကားတင်သွင်းခွင့်မိုဒယ်သတ်မှတ်ချက်အရလည်း ဘယ်မောင်းကားသစ်များသာ တင်သွင်းခွင့်ရသောကြောင့် ကားတန်ဖိုးနှင့် အခွန်ပေးဆောင်ရသည့်နှုန်းထား များပြားနေရာ မြန်မာပြည်ကားဈေးကွက်နှင့်ကိုက်ညီမှု မရှိသေးပေ။

ကားအရောင်းစင်တာများမှ Consignment စနစ်ဖြင့် တင်သွင်းထားသည့် Toyota Premio၊ Toyota Allion စသည့်ကားများကိုလည်း ဈေးကွက်အခြေအနေအပေါ်မူတည်ပြီး ထိန်းရောင်းကြတော့မည်ဖြစ်၍ကားဈေးများ ကျဆင်းသွားမည်မဟုတ်ကြောင်း ကားလုပ်ငန်းရှင်များက သုံးသပ်ထားကြသည်။

အခွန်ဥပဒေအပြောင်းအလဲတွင် ၁၅၀၁ စီစီနှင့် ၂၀၀၀ စီစီကြား ကားများကို အထူးကုန်စည်ခွန် ၁၀ ရာခိုင်နှုန်း လျှော့ချပေးရုံမှလွဲပြီး ကြီးကြီးမားမားပြောင်းလဲမှုမရှိသကဲ့သို့ ရန်ကုန်လိုင်စင်ပြန်ချပေးမည့် မူဝါဒထွက်ပေါ်လာရန်လည်း ကြန့်ကြာနေဦးမည်ဖြစ်၍ ကားဈေးကွက်က သင်္ကြန်အပြီးအထိ အေးစက်နေဦးမည်ဖြစ်ပါသည်။အင်ဂျင်ပါဝါ ၁၅၀၁ စီစီနှင့် ၂၀၀၀ စီစီကြား ကားများထဲတွင် ဥရောပမှ တင်သွင်း၍ရသည့် Volkswagen New Bettle၊ Volkswagen Passat၊ Mazda 6၊ Peugeot 5008၊ Peugeot 508 စသည့် ကားများရှိသော်လည်းမူရင်းကားတန်ဖိုးမြင့်မားခြင်းနှင့် Invoice အပေါ်ပေးဆောင်ရသည့် အခွန်နှုန်းထား မြင့်မားခြင်းတို့ကြောင့် တင်သွင်းရန် မလွယ်ကူကြောင်း သိရပါသည်။

တင်သွင်းရန် မိုဒယ်မြင့်မားခြင်း၊ ကားရှားပါးခြင်း၊ အခွန်နှုန်းထားများမြင့်မားစွာ ပေးဆောင်နေရခြင်းတို့ကြောင့် ကားဈေးကွက်အခြေအနေမှာ ယခုနှစ်မကုန်မီအထိ ဂျပန်ညာမောင်းကားများသာဦးဆောင်နေဦးမည်ဖြစ်သည်။

လက်ရှိအချိန်တွင်လည်း ကျပ်သိန်းနှစ်ရာအောက် ၁၃၀၀ စီစီ ကားများသာ အရောင်းအဝယ်ဖြစ်လျက်ရှိရာ ဝင်ငွေခွန်များ ပြောင်းလဲမှုမရှိ၍ ယင်းကားများ၏ ဈေးမှာလည်း ကျဆင်းနိုင်စရာမရှိကြောင်းကားတင်သွင်းများက သုံးသပ်ထားကြသည်။

လာမည့် ဧပြီ ၁ ရက်မှစ၍ မော်တော်ယာဉ်များကို အထူးကုန်စည်ခွန်စည်းကြပ်ရာတွင် ၁၅၀၁ စီစီမှ ၂၀၀၀ စီစီအတွင်း ကားများကို ၁၀ ရာခိုင်နှုန်း၊ ၂၀၀၁ စီစီမှ ၄၀၀၀ စီစီအတွင်း ကားများကို ၃၀ ရာခိုင်နှုန်း၊၄၀၀၀ စီစီအထက် ကားများကို ၅၀ ရာခိုင်နှုန်းကောက်ခံမည် ဖြစ်သည်။

အများစုမှာ ဥပဒေကြမ်းတွင် ပါရှိသည့် ဝင်ငွေခွန်နှုန်းထားများအတိုင်း ဖြစ်လာမည်ဟု မျှော်လင့်ထားသော်လည်း လက်ရှိဘဏ္ဍာနှစ်အတိုင်းသာ ကောက်ခံမည်ဖြစ်ရာ ကျပ်သိန်းသုံးရာအောက်ကို ၁၅ ရာခိုင်နှုန်း၊ကျပ် ၃၀၁ သိန်းမှ ကျပ်သိန်းတစ်ထောင်အထိကို ၂၀ ရာခိုင်နှုန်းနှင့် ကျပ်သိန်း တစ်ထောင်အထက်ကို ၃၀ ရာခိုင်နှုန်း ဆက်လက်ကောက်ခံမည်ဖြစ်သည်။

သို့ဖြစ်၍ ကားဈေးကွက်မှာ ကြီးကြီးမားမား အပြောင်းအလဲရှိလာမည်မဟုတ်သဖြင့် ယခုနှစ်ကုန်မီအထိ ဂျပန်ညာမောင်းကားများသာ ဈေးကွက်ဆက်လက်ဦးဆောင်နိုင်ဖွယ်ရှိကြောင်း ကားတင်သွင်းသူများက သုံးသပ်ထားကြပါသည်။

ကားဈေးနှုန်းများ

စဉ်   ကားအမျိုးအစား   နံပါတ်   မိုဒယ်   ဈေးနှုန်း
၁ Toyota Belta BGO 2011 235
၂ Toyota Probox MDY 2012 195
၃ Honda Fit BGO 2012 200
၄ Toyota Kluger YGN 2006 380
၅ Suzuki Swift BGO 2011 180
၆ Toyota Hilux Surf YGN 2004 370
၇ Toyota Vltz BGO 2011 190
၈ Toyota Fielder ယာယီ 2012 365
၉ Toyota Vanguard MDY 2011 360
၁၀ Daihatsu Hijet BGO 2012 110

 

 

 

Read 7368 times