ကျပ်သိန်းသုံးရာအောက် ဂျပန် ညာမောင်းကားများသာ ဆက်လက်ဦးဆောင်နေသည့် ကားဈေးကွက်


YVQC စနစ်ဖြင့် ကားဝယ်ယူအသုံးပြုခွင့် ပြန်ပေးမည်ဆိုသည့်သတင်းများ ငြိမ်သက်နေရာ ပြည်ပမှ တင်သွင်းသော CBU ကားများမှာ အရောင်းအဝယ်အေးနေပြီး ကျပ်သိန်းသုံးရာအောက် ဂျပန်ညာမောင်းကားများမှာ ဈေးကွက် ဆက်လက်ဦးဆောင်နေတာဖြစ်ပါတယ်။

ပြည်ပမှတင်သွင်းသည့် Brand New ကားအမျိုးအစားသစ်များကို Road Show နှင့် Motor Show များ ကျင်းပ၍ Brand အသီးသီး အထူးဈေးနှုန်းများဖြင့် ရောင်းချနေကြသော်လည်း စီးပွားရေးအဆင်မပြေမှုနှင့် ရန်ကုန်လိုင်စင်ဖြင့် ကားဝယ်ယူ ခွင့်မပြုသေးခြင်းကြောင့် မျှော်မှန်းသလောက် အရောင်းအဝယ်မရှိဖြစ်နေပါတယ်။

YVQC စနစ်ဖြင့် ရန်ကုန်လိုင်စင် ပြန်လည်ခွင့်ပြုမည်ဆိုခြင်းအပေါ် အာရုံစိုက်မှု ပြန်နည်းသွားပြီး နယ်အဝယ်များလည်း ပြန်ဆင်းလာသဖြင့် ကျပ်သိန်းသုံးရာအောက် ရန်ကုန်လိုင်စင် နံပါတ်ထွက်ပြီးသား ညာမောင်း - ကားများ အရောင်းအဝယ် ပြန်လိုက်လာပါတယ်။

“ပြီးခဲ့တဲ့ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတွေက တော်တော်လေးရောင်း ရပါတယ်၊ အခုလကျတော့ နှစ်တစ်နှစ်ရဲ့ အစောဆုံးလ ဖြစ်နေတာရယ်၊ ကားအမျိုးအစားအသစ်တွေ ထွက်လာမယ့်အပေါ် စောင့်ကြည့်နေတာရယ်ကြောင့် အဝယ်နည်းတဲ့သဘော ဖြစ်နေပါတယ် ၊ ဂျပန်ညာမောင်း လုပ်ငန်း သုံးကားတွေမှာဆိုရင် လက်ကျန်ကားအမျိုးအစားတချို့ ဈေးတက်သွားတယ် ၊ နောက်ပြီး ဈေးကွက်ထဲမှာလည်း သိပ်မကျန်တော့ဘူး ၊ အိမ်စီးကား တွေလည်း နယ်လိုင်စင်ကပ်ထားတဲ့ကားလေးတွေ ရောင်းရတယ် Suzuki တွေကျတော့လည်း ဈေးမတက်ခင်က အတော်လေးရောင်းရပေမဲ့ ဈေးတက်ပြီးနောက်မှာ နည်းနည်းပြန်အေးသွားပါတယ်”ဟု United Eleven ကားအရောင်းစင်တာ” မန်နေဂျင်းဒါရိုက်တာ ကိုအောင်သူက ပြောပါတယ်။

ယခုနှစ်တွင် SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်မည့် ကားအသစ်များ ဝင်ရောက်လာမည်ဖြစ်ပြီး တိုင်းပြည်စီးပွားရေးအခြေအနေအရ ဈေးနှုန်း သင့်တင့်သည့် ကားများသာ ဦးစားပေး ထုတ်လုပ်ဖွယ်ရှိနေပါတယ်။ လက်ရှိ တွင် SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်သော Suzuki Myanmar Motor သည် အရောင်းအဝယ် အကြီးမားဆုံးဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း အစီးတစ်သောင်းခန့်ရောင်းချနိုင်ခဲ့ကြောင်းသိရပါတယ်။

ရန်ကုန်လိုင်စင်ရရှိပြီး အရစ်ကျစနစ်ဖြင့် ဝယ်ယူလိုသည့် အဝယ်များရှိသလို လက်ငင်းစနစ်ဖြင့် ကျပ်သိန်း ၂၅၀ ဝန်းကျင် ဂျပန်ညာမောင်းကားများကို နှစ်သက်သည့် အဝယ်များလည်း ရှိနေ၍ နံပါတ်ထွက်ပြီးသား ကျပ်သိန်းသုံးရာအောက် ကားများမှာ ဝယ်လိုအားကောင်းနေပါတယ်။ “ဒီရက်ပိုင်းမှာ Toyota Kluger ၊ Mark II ၊ Honda Fit GE6 တွေ တော်တော်လေးရောင်းရတယ်။

ကျပ်သိန်းသုံးရာအောက်ကားတွေ ကတော့ တော်တော်လေးရောင်းရတယ်၊ ဝယ်/ရောင်းပြန်ကောက်ဖို့လည်း ကားကောင်းတွေ ရှားလာတယ်၊ တချို့ရက်တွေဆို အဝယ်ရှိပေမဲ့ ကား ရှာမတွေ့တာလည်း ရှိတယ်၊ လက်ရှိအဝယ်က နယ်အဝယ်များပြီး ရန် ကုန်အဝယ်က ၁ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်၊ နံပါတ်ထွက်ပြီးသားထဲက ၊ အက္ခရာအမြင့်ကားတချို့ အရောင်းအဝယ်ဖြစ်ပေမဲ့ စလစ်မကပ်ရသေးတဲ့ အတွက် ကားတွေဝယ်ဖို့ လာမေးကြတာ ရှားပါတယ်”ဟု ကားဝယ်/ရောင်း ကိုနိုင်က ပြောပါတယ်။

ပြည်ပမှ တင်သွင်းသော Brand New ကားများသည် ပြပွဲနှင့် Road Show များ ပြုလုပ်ကာ အထူးလျှော့ဈေးများဖြင့် ရောင်းချသော်လည်း ရန်ကုန်လိုင်စင် ဝယ်ယူခွင့်မရခြင်းနှင့် ဒေါ်လာဈေး သိသိသာသာ ပြန် မကျသေး၍ အရောင်းအဝယ် အဖြစ်နည်းနေပါတယ်။ ဈေးကွက်ညာမောင်း ကားများမှာမူ မူဝါဒအသစ်ဖြင့် ကားတင်သွင်းရန် မလွယ်ကူတော့ခြင်းကြောင့် တစ်ပိုင်တစ်နိုင်ကားဝယ်ရောင်းများမှ လက်ဝယ်ကိုင်ဆောင်ထားသည့် ကားများကို ဈေးမချဘဲ ကြိုက်ဈေးရမှသာ အရောင်းအဝယ်ပြုလုပ်နေသည့်အတွက် ပုံမှန်ထက် အရောင်းအဝယ်အေးလျက်ရှိနေပါတယ်။

““ပြပွဲတွေမှာ အရောင်းအဝယ် ဖြစ်တာ မဖြစ်တာ မသိဘူး၊ ဝယ်/ ရောင်းစခန်းတွေမှာတော့ ကြိုးကြားကြိုးကြား အဝယ်လာတယ်၊ ၁၃ဝဝ စီစီထဲက နောက်ဆုံးနံပါတ် ကျပ်သိန်းသုံးရာဝန်းကျင် ကားတွေထက် သိန်း ၂၅၀ အောက် နံပါတ်ထွက်ပြီးသားတွေ ပိုရောင်းရပါတယ်၊ အရောင်းအဝယ် ထင်သလောက်မဖြစ်တာက ဝယ်/ရောင်းတွေကလည်း တက်ဈေးတွေကို မချဘဲ ကြိုက်ဈေးရမှ ရောင်းရတာကြောင့်လည်း ပါမယ်ထင်ပါတယ်။ စလစ်ကတော့ ဝယ်/ရောင်းတော်တော်များများက မူအသစ်နဲ့သွင်းရောင်းဖို့ိ မကိုက်တော့တဲ့အတွက် ကားဟောင်းပြန်ရှာပြီးပဲ အရောင်းပြုလုပ်လာကြပါတယ်လို ကားဝယ် / ရောင်း ကိုတင်အောင်က ပြောပါတယ်။

စလစ်ဝယ်လိုအားနည်းနေသော်လည်း အပ်ကားရှားပါးခြင်းကြောင့် ရန်ကုန်လိုင်စင် သတ်တမ်း အနှစ် နှစ်ဆယ် စလစ်မှာ ကျပ်သိန်း ၁၃၀ တွင်သာ ရပ်တန့်နေပြီး တိုက်ကြေစလစ်သည် ကျပ် ၁၁၅ သိန်းဝန်ကျင်ပေါက်ဈေးရှိကြောင်း ကားဈေးကွက်အတွင်းမှ သိရပါတယ်။

 

Read 2752 times