တစ်ပတ်အတွင်း အရောင်းအဝယ်အေးစက်နေသော ရန်ကုန်ကားဈေးကွက်နှင့် ကားဈေးနှုန်းများ


COE စနစ်ဖြင့် ရန်ကုန်လိုင်စင်ကားများ ပြန်လည်ခွင့်ပြုပေးမည်၊ နယ်လိုင်စင် တက္ကစီများကို ညအိပ်ခွန်များ တိုးမြှင့်ကောက်ခံမည်ဆိုသည့် သတင်းများကြောင့် ကားဝယ်ယူလိုသူများက အခြေအနေတစ်ခုကို စောင့်ကြည့်နေ၍ စျေးကွက်အခြေအနေမှာ ဆက်လက်အေးစက်နေပါသည်။

ကားအရောင်းစင်တာများတွင်သာမက ယာဉ်ရောင်းဝယ်ရေးစခန်းများတွင်လည်း ဝယ်လက်များအဆင်းနည်းသောကြောင့် အရောင်းအဝယ်အေးစက်နေကာ ငွေလည်ပတ်ရန် စျေးချရောင်းသော ကားများသာ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲက လာမည့် ဧပြီလ ၁ ရက်မှစ၍ COE စနစ်ဖြင့် ရန်ကုန်လိုင်စင်ကားများ ပြန်လည်ခွင့်ပြုပေးရန်အတွက် အစီအစဉ်များ ရေးဆွဲလျက်ရှိရာ တင်သွင်းခွင့်ပေးမည့်ခွဲတမ်းအပေါ် မူတည်၍ Brand New ကားများ၏ စျေးကွက်မှာ ပိုမိုအားကောင်းလာဖွယ်ရှိသည်ဟု ကားတင်သွင်းသူများက သုံးသပ်ထားကြပါသည်။

COE စနစ်သည် ပြည်ပမှ အသစ်တင်သွင်းမည့်ကားများနှင့် ပြည်တွင်းထုတ် ကားများအတွက်သာ ရည်ရွယ်ရေးဆွဲဖွယ်ရှိရာ ရောက်ရှိပြီး ကားဟောင်းစျေးကွက်မှာ အပြောင်အလဲ ကြီးကြီးမားမား ဖြစ်လာနိုင်မည် မဟုတ်ကြောင်း သိရပါသည်။

လက်ရှိအချိန်တွင် ကားတင်သွင်းသူများမှာ ၂၀၁၇ ပါမစ်ဖြင့် တင်သွင်းထားသည့် ကားများကိုသာ စောင့်ရောင်းနေကြသဖြင့် ဘယ်မောင်းကားသစ်ဝင်ရောက်မှုမှာ နည်းပါးနေသေးပါသည်။

ယခင်နှစ်များကဲ့သို့ CIF တန်ဖိုးမထုတ်ပြန်တော့ပဲ Invoice ပါ တန်ဖိုးအတိုင်း အခွန်ကောက်ခံတော့မည်ဖြစ်ရာ တင်သွင်းမည့်ကားအပေါ် ပေးဆောင်ရမည့် အခွန်နှုန်းထားကို ချိန်ဆနေကြသဖြင့် ဇန်နဝါရီလကုန်အထိ တစ်ဦးချင်း အစီအစဉ်ဖြင့် ကားတင်သွင်းမှု မရှိသေးကြောင်း သိရပါသည်။

အပ်ကားစျေးကွက်သည် စျေးအတက်၊ အကျမရှိဘဲ ငြိမ်နေပြီး နှစ်နှစ်ဆယ်အမည်ပေါက်စလစ်သည် ကျပ် ၁၂၂ သိန်းဝန်းကျင်၊ တိုက်ကြေစလစ်သည် ကျပ် ၁၀၈ သိန်းဝန်းကျင်နှင့် တက္ကစီစလစ်သည် ကျပ် ၁၀၆ သိန်းဝန်းကျင် ပေါက်စျေးရှိကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရပါသည်။

ကားစျေးနှုန်းများ

စဉ်    ကားအမျိုးအစား     နံပါတ်    မိုဒယ်     စျေးနှုန်း
၁ Toyota Hilux Vigo MDY 2012 295
၂ Toyota Mark II YGN 2003 200
၃ Honda Insight MDY 2010 210
၄ Toyota Probox MDY 2007 130
၅ Suzuki Swift ယာယီ 2011 220
၆ Toyota Ractis YGN 2011 185
၇ Toyota Hiace YGN 2007 400
၈ Toyota Alphard YGN 2003 365
၉ Honda Fit GK 3 ယာယီ 2014 265
၁၀ Nissan AD Van YGN 2011 295
Read 1831 times