၂၀၁၇ ကားလောကဇာတ်သိမ်းခန်းနှင့် တစ်ပတ်အတွင်း ကားဈေးနှုန်းများ


ညာမောင်းကားတင်သွင်းခွင့်ပိတ်လိုက်ခြင်းနှင့်အတူ ၂၀၁၇ ခုနှစ်ဆိုသည့် သက္ကရာဇ်တစ်ခုက ကုန်ဆုံးခဲ့ပြီဖြစ်ပါသည်။

၂၀၁၇ ခုနှစ်အတွင်းတွင် တည်ငြိိမ်မှုမရှိသည့် ကားမူဝါဒများက အစဉ်အလာမျက် အမျိုးမျိုးမြောင်းလဲခဲ့သကဲ့သို့ တစ်နှစ်ခွဲကျော်ပိတ်ထားသည့် ရန်ကုန်လိုင်စင် ကားတင်သွင်းမှုမှာလည်း လမ်းစပျောက်နေဆဲဖြစ်ပါသည်။

ယခုနှစ် ကားလုပ်ငန်းရှင်များအတွက် အခက်အခဲဆုံးနှစ်ဖြစ်သကဲ့သို့ လာမည့်နှစ်အတွက် ပြင်ဆင်မှုများလည်း လိုအပ်မည်ဖြစ်သည်။

မော်တော်ယာဉ်မောင်းနှင်သူများနှင့် လိုက်ပါစီးနှင်းသူများအနေဖြင့် ထိုင်ခုံခါးပတ် တပ်ဆင်အသုံးပြုရန်အတွက် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်မှ စပြီး ပညာပေးကာလအဖြစ် သတ်မှတ်ခဲ့ပါသည်။

အရေးယူမှုကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ စတင်ခဲ့ရာ ထိုင်ခုံခါးပတ် တပ်ဆင်အသုံးမပြုသူများကို မော်တော်ယာဉ်ဥပဒေအရ ကျပ်သုံးသောင်းထပ်မပိုသော ဒဏ်ကြေးဖြင့် အရေးယူဆောင်ရွက်ခဲ့ပါသည်။

မြန်မာနိုင်ငံတွင် ထိုင်ခုံခါးပတ်တပ်ဆင်ပြီး ယာဉ်မောင်းသည့်အလေ့အထ နည်းခဲ့သော်လည်း မော်တော်ယာဉ်ဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်ခဲ့ရာ ၂၀၁၇ ခုနှစ်မှ စတင်၍ ယာဉ်မောင်းတိုင်းလိုလို ထိုင်ခုံခါးပတ်တပ်ဆင်ပြီး မောင်းနှင်လာခဲ့ကြပါသည်။

နှစ်လဲသက်တမ်းတိုးပြုလုပ်ခြင်းနှင့် အခြားမှတ်ပုံတင်ခြင်းကိစ္စရပ်များအတွက်  ယာဉ်စစ်ရာတွင် ထိုင်ခုံခါးပတ်များ ကောင်းမွန်စွာ အသုံးပြုနိုင်ခြင်းရှိ/မရှိကိုလည်း ထည့်သွင်းစစ်ဆေးခဲ့ရာ Safety Belt များကို ဂရုတစိုက် အသုံးပြုလာကြသည်။

အကောက်ခွန်ဦးစီးဌာနက လွဲမှားစွာ ကားတင်သွင်းမှုများကို ၃/၂၀၁၇ ဖြင့် ထိန်းချုပ်လိုက်သကဲ့သို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနကလည်း မတ် ၁ ရက်မှစတင်ပြီး သွင်းကုန်လိုင်စင်၊ အကောက်ခွန် ဖော်ပြချက်များနှင့် မကိုက်ညီသည် ပေါင်အမှတ်၊ ကိုယ်ထည်အမှတ်၊ ဖောက်ထည့်ထားသည့် ယာဉ်များကို မှတ်ပုံတင်ခြင်းများ မပြုလုပ်ပေးကြောင်း သိရပါသည်။

ပြည်ပမှ တင်သွင်းလာသောကားများကို ကနဦးယာဉ်စစ်ဆေးရာတွင် ထုတ်လုပ်သည့်ခုနှစ်များ ကွဲလွဲခြင်း၊ ပေါင်အမှတ်၊ ကိုယ်ထည်အမှတ် ပုံစံမျိုးမဟုတ်ဘဲ ပြန်ရိုက်ထားသည့်ပုံစံမျိုးဖြင့် ပြုလုပ်ထားသည့် မိုဒယ်များကို ကညနမှ စစ်ဆေးတွေ့ရှိခဲ့သော်လည်း ကြီး/ကော် ထံတင်ပြပြီး ခွင့်ပြုချက်ရယူကာ သတ်မှတ်ဒဏ်ကြေးကောက်ခံ၍ ယာဉ်မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ပေးခဲ့ပါသည်။

သို့သော် ယခုနှစ် မတ်လ ၁ ရက်မှစ၍ သွင်းကုန်လိုင်စင် အကောက်ခွန်ဖော်ပြချက်များနှင့် မတူညီဘဲ ပေါင်အမှတ်၊ ကိုယ်ထည်အမှတ်ဖောက်ထည့်ခြင်းနှင့် ပြန်ရိုက်ထားသောကားများကို မှတ်ပုံတင်ခွင့် ပြုလုပ်ပေးတော့မည်မဟုတ်ကြောင်း သိရပါသည်။

Brand New Showroom ပိုင်ရှင်များက ရန်ကုန်လိုင်စင်ပိတ်ထားချိန်တွင် ယာဉ်အို/ဟောင်း စလစ်ကပ်ကားများကဲ့သို့ ကားအသစ်များကိုလည်း စလစ်ကပ်ပြီး ဝယ်ယူခွင့်လျှောက်ထားပါက ရန်ကုန်လိုင်စင်ခွင့်ပြုပေးရန် တောင်းဆိုခဲ့သည်။

ယင်းတောင်းဆိုမှုကြောင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ယခုနှစ်ဧပြီလမှစကာ CIF တန်ဖိုးကန့်သတ်ချက်မရှိသော သက်တမ်းနှစ်နှစ်ဆယ်စလစ်ဖြင့် ဝယ်ယူလျောက်ထားမည်ဆိုပါက Brand New ကားများကိုလည်း ရန်ကုန်လိုင်စင်ဖြင့် မှတ်ပုံတင်ပြုလုပ်ရန် ခွင့်ပြုခဲ့သည်။

ထိုသို့ Brand New ကားများကိုစလစ်ကပ်ပြီး ဝယ်ယူခွင့်လျှောက်ပါက ရန်ကုန်လိုင်စင် ခွင့်ပြုပေးထားသော်လည်း တန်ဖိုးမြင့်ကားများသာ စလစ်တန်ဖိုးရင်းပြီး ရန်ကုန်လိုင်စင်အမည်ပေါက် ရယူကြသဖြင့် ယခုနှစ်ကုန်အထိ ရန်ကုန်လိုင်စင်ဖြင့် မှတ်ပုံတင်သော ကားအစီး နှစ်ရာကျော်သာ ရှိခဲ့ကြောင်းသိရပါသည်။

တစ်ပတ်အတွင်းကားစျေးနှုန်းများ

စဉ် ကားအမျိုးအစား နံပါတ် မိုဒယ် စျေးနှုန်း
၁ Toyota Hilux Vigo MDY 2012 295
၂ Toyota Mark II YGN 2003 200
၃ Honda Insight MDY 2010 210
၄ Toyota Probox MDY 2007 130
၅ Suzuki Swift ယာယီ  2011 220
၆ Toyota Ractis YGN 2011 185
၇ Toyota Hiace YGN 2007 400
၈ Toyota Alphard YGN 2003 365
၉ Honda Fit GK3 ယာယီ 2014 265
၁၀ Nissan AD Van YGN 2011 295

 

Read 2156 times