ကျောင်းဖွင့်ရာသီတွင် ပြန်လည်အသက်ဝင်လာသည့် ကားဈေးကွက်အခြေအနေနှင့် ကားဈေးနှုန်းများ


ကျောင်းဖွင့်ရာသီနှင့်အတူ ပြန်လည်အသက်ဝင်လာသည့် ကားဈေးကွက်တွင် ရန်ကုန်လိုင်စင် ၁၃ဝဝ စီစီ ကားများအဓိကအရောင်းအဝယ်ဖြစ်နေသည်။

၁၃ဝဝ စီစီ ကားများထဲတွင် နံပါတ်ထွက်ပြီးသား ရန်ကုန်လိုင်စင်ကားများမှာ ပို၍ အရောင်းအဝယ်ဖြစ်နေပြီး ဈေးကွက်အကြိုက်ဖြစ်သည့် Honda Fit ၊Toyota Probox ၊ Toyota Ractis၊Toyota Belta ၊ Toyota Vitz စသည့် ကားများမှာ တည်ငြိမ်သောဈေးတန်းတစ်ခုဖြင့် ဝယ်လိုအားကောင်းနေကြောင်း သိရသည်။

စလစ်ကပ်ကားများထဲတွင် နံပါတ်ထွက်ပြီးသား Toyota Alphard ၊Toyota Kluger၊Toyota Wish စသည့်ကားများလည်း အရောင်းအဝယ်ဖြစ်နေသည်။

နယ်အဝယ်များဆင်းလာသည့်အတွက်လည်း ကားဈေးကွက်မှာပြန်လည်လှုပ်ခတ်လာကာ ရန်ကုန်လိုင်စင်ကားများသာမက နယ်လိုင်စင်ကားများပါ အရောင်းအဝယ်ဖြစ်နေသည်။

ယခင်လများထက်စာလျှင် အရောင်းအဝယ်ဖြစ်လာသည်ဆိုသော်လည်း သိန်း ၄ဝဝ အထက်ကားများ၏ ဈေးကွက်မှာလည်း အရမ်းအကောင်းကြီးမဟုတ်သေးကြောင်း ကားဝယ်ရောင်းတစ်ဦးမှ ပြောကြားခဲ့ပါသည်။

ရန်ကုန်လိုင်စင်ဖြင့် ကားဝယ်ယူခွင့်ပေးမည့် YVQC စနစ်ကို လာမည့်ဇွန်လအတွင်း စတင်အကောင်အထည်ဖော်မည်ဟု သတင်းများထွက်ပေါ်နေခြင်းနှင့်အတူ အခြေအနေတစ်ခုကို စောင့်ကြည့်နေကြသဖြင့် နံပါတ်မယူရသေးသော Consignment ကားများမှာ အရောင်းအဝယ် ဆက်လက်ပြီးအေးနေသည်။

ယခုရက်ပိုင်းအတွင်း ဈေးကွက်အခြေအနေပြန်ကောင်းလာရာတွင်လည်း ရန်ကုန်လိုင်စင် နံပါတ်ထွက်ပြီးသားကားများသာ အရောင်းအဝယ်ဖြစ်ပြီး ကျပ်သိန်း ၂ဝဝ အောက် ၁၃ဝဝ စီစီကားများ၏ ဈေးကွက်မှာ အားကောင်းနေကြောင်းသိရသည်။

အရောင်းအဝယ်ပြန်ကောင်းလာသည်ဆိုသော်လည်း ရန်ကုန်လိုင်စင်နှင့် ဝယ်ယူခွင့်မရသေးသလို ဒေါ်လာဈေးမြင့်တက်နေသည့်အတွက် တည်ငြိမ်သော အနေအထားတစ်ခုကို မရောက်သေးကြောင်း United Eleven Motor မှမန်နေးဂျင်းဒါရိုက်တာမှ ပြောကြားခဲ့ပါသည်။

ဒေါ်လာဈေးမြင့်တက်နေခြင်းနှင့် ရန်ကုန်လိုင်စင်ဖြင့်ကားဝယ်ယူခွင့် မူဝါဒါကို စောင့်ဆိုင်းနေခြင်းကြောင့် ဘယ်မောင်းကားတင်သွင်းမှုများ နည်းနေပြီး ဂျပန်ညာကားများသာ ဈေးကွက်ကို ဆက်ပြီးဦးဆောင်နေသည်။

ထို့အပြင်ကားအရောင်းစင်တာများမှ Consignment စနစ်ဖြင့် တင်သွင်းထားသည့် ဂျပန်ညာမောင်းကားများမှာ အစီးရေတော်တော်များများကျန်နေသေးသည့်အတွက် နှစ်မကုန်ခင်အထိ ဂျပန်ညာမောင်းကားဈေးကွက်မှာ ဆက်ပြီးဦးဆောင်နေဦးမည်ဖြစ်သည်။

Consignment ကားများအရောင်းအဝယ်ကောင်းမလာသေးသည့်အတွက်လည်း စလစ်ဈေးများမှာ ဈေးတန်းတစ်ခုတွင် တည်ငြိမ်နေပြီး နယ်လိုင်စင်စလစ်များလည်း ဝယ်လက်နည်းနေသည်။

လိုအပ်သည့်သူများသာ ဝယ်ယူနေခြင်းကြောင့် ရန်ကုန်လိုင်စင်စလစ်ဈေးများသည့် ၁၂၅ သိန်း ဝန်းကျင်တွင်တည်ငြိမ်နေပြီး တိုက်ကြေစလစ်မှာ ၁ဝ၂ သိန်း ဝန်းကျင်ရှိကြောင်း ကားဈေးကွက်အတွင်းမှသိရှိရသည်။

ရန်ကုန်လိုင်စင်ဖြင့်ကားဝယ်ယူခွင့်ပေးမည့် မူဝါဒထွက်ပေါ်လာပါက ကားဈေးများ အပြောင်းအလဲဖြစ်ပေါ်လာခြင်းနှင့်အတူ စလစ်ဈေးများလည်း လက်ရှိပေါက်ဈေးထက် ကျဆင်းသွားနိုင်ဖွယ်ရှိကြောင်း ကားတင်သွင်းသူများကခန့်မှန်းထားကြသည်။

ကားဈေးနှုန်းများ

စဉ်    ကားအမျိုးအစား    နံပါတ်    မိုဒယ်    ဈေးနှုန်း
၁ Honda Fit YGN 2011 250
၂ Toyota Vitz BGO 2011 185
၃ Toyota Wish YGN 2011 365
၄ Toyota Belta BGO 2011 210
၅ Toyota Hiace YGN 2007 395
၆ Suzuki Swift BGO 2011 170
၇ Honda Insight MDY 2009 240
၈ Toyota Probox MDY 2007 155
၉ Toyota Kluger YGN 2004 360
၁၀ Toyota Hilux Vigo MDY 2012 340

 

Read 1031 times