ထူးခြားသော ပြောင်းလဲမှုတစ်စုံတစ်ရာ မတွေ့ရသေးသော ကားဈေးကွက်နှင့် ကားဈေးနှုန်းများ


 

၂၀၁၈ ခုနှစ်အတွက် ပြည်ထောင်စုအခွန်အကောက်ဥပဒေအရ လာမည့်ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှစ၍ အင်ဂျင်ပါဝါ ၁၅၀၁ စီစီမှ ၂၀၀၀ စီစီ အထိကားများကို အထူးကုန်စည်ခွန် ၁၀ ရာခိုင်နှုန်း လျှော့ချကောက်ခံရန် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုပြဌာန်းခဲ့ပါသည်။

လက်ရှိဘဏ္ဍာနှစ်တွင် အင်ဂျင်ပါဝါ ၁၅၀၁ စီစီမှ ၂၀၀၀ စီစီ အတွင်းကားများကို အထူးကုန်စည်ခွန် ၂၀ ရာခိုင်နှုန်း ကောက်ခံနေရာမှ လာမည့်ဘဏ္ဍာနှစ်တွင် ထက်ဝက်လျှော့ ကောက်ခံမည်ဖြစ်သော်လည်းယခုနှစ်ကားတင်သွင်းခွင့်မူဝါဒအရ ဘယ်မောင်းကားများသာ တင်သွင်းရမည်ဖြစ်သည့်အတွက် ဂျပန်တစ်ပတ်ရစ် ညာမောင်းကားများ ဈေးကွက်တွင် ကြီးမားစွာ ပြောင်းလဲသွားနိုင်ဖွယ်မရှိသေးကြောင်းကားတင်သွင်းသူများက သုံသပ်ထားကြသည်။

အထူးကုန်စည်ခွန်လျှော့ချခြင်းသည် ဝင်ငွေခွန်လျှော့ချခြင်းမဟုတ်သည့်အတွက် ကားဈေးနှုန်းကို အကျိုးသက်ရောက်မှု များစွာရှိနေမည်မဟုတ်ပဲ အနည်းငယ်သာ ကျဆင်းသွားခြင်း ဖြစ်ပါသည်။

လက်ရှိကားဈေးကွက်တွင် ရန်ကုန်လိုင်စင် နံပါတ်ထွက်ပြီးသား ကျပ်သိန်း ၁၅၀ အောက်ကားများသာ အဝယ်လိုက်နေပြီး YVQC စနစ်ကို စောင့်ဆိုင်းနေသည့်အတွက် စတိနံပါတ်ကားများတွင် အရောင်းအဝယ်အဖြစ်နည်းကြောင်း သိရပါသည်။

ယခုရက်ပိုင်းအတွင်း အင်ဂျင်ပါဝါ ၁၃၀၀ စီစီနှင့် ၁၅၀၀ စီစီ နံပါတ်ထွက်ပြီးသား ကားများထဲမှ Honda Fit၊ Toyota Vitz၊ Honda Insight၊ Honda Fit GK3 စသည့်ကားများ အရောင်းအဝယ်ဖြစ်ပြီး စတိနံပါတ်များမှာဧပြီ ၁ ရက်တွင် စတင်ကောက်ခံမည့် အထူးကုန်စည်ခွန်အပြောင်းအလဲများနှင့် ရန်ကုန်လိုင်စင်ထုတ်ပေးမည့် အချိန်ကို စောင့်နေကြ၍ အရောင်းအဝယ်မဖြစ်သလောက်ရှိကာ နံပါတ်ထွက်ပြီး Alphard၊ Wishနှင့် Kluger ကားများသာ အရောင်းအဝယ်ရှိကြောင်း ကားဝယ်/ရောင်းများက ဆိုသည်။

ယာဉ်ရောင်းဝယ်ရေးစခန်းများတွင်လည်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကုန်ပိုင်းခန့်မှစ၍ အရောင်းအဝယ်အေးစက်နေပြီး နယ်အဝယ်ဆင်းလာမှသာ ကြိုးကြားကြိုးကြားအရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။

အရောင်းအဝယ်အေးစက်နေချိန်တွင် ၁၃၀၀ စီစီကားများ ဈေးအနည်းငယ်ကျဆင်းသွားပြီး အမြင့်ကားများမှ ဈေးအတက်/အကျ မရှိဘဲ အရောင်းအဝယ်အေးစက်နေကြောင်း သိရပါသည်။

ကားဈေးနှုန်းများ

စဉ်    ကားအမျိုးအစား    နံပါတ်    မိုဒယ်    ဈေးနှုန်း
၁ Toyota Alphard YGN 2003 360
၂ Toyota Wish YGN 2011 340
၃ Toyota Axio ယာယီ 2013 283
၄ Toyota Probox BGO 2012 185
၅ Daihatsu Hijet BGO 2012 110
၆ Honda Fit BGO 2011 228
၇ Toyota Land Cruiser YGN 2010 1950
၈ Toyota Ractis BGO 2012 180
၉ Toyota Harrier YGN 2004 465
၁၀ Honda Insight MDY 2012 242

 

 

 

Read 5662 times