အေးစက်နေသည့် ကားဈေးကွက်နှင့် ကားဈေးနှုန်းများ


လက်ရှိဘဏ္ဍာနှစ်တွင် ပြည်ပမှ တင်သွင်းသည့်ကားများနှင့် ပြည်တွင်းထုတ်ကားများကို ဝင်ငွေခွန် ကောက်ခံရာ၌ ကျပ်သိန်းသုံးရာအထိ ကားများကို ၁၅ ရာခိုင်နှုန်း၊ သိန်း ၃၀၁ ကျပ်မှ သိန်းတစ်ထောင်အထိ ကားများကို ၂၀ ရာခိုင်နှုန်း၊ ကျပ်သိန်းတစ်ထောင်အထက်ကားများကို ၃၀ ရာခိုင်နှုန်း ကောက်ခံလျက်ရှိရာ လာမည့်ဘဏ္ဍာနှစ်မှစ၍ ၃ ရာခိုင်နှုန်းသာကောက်ခံမည်ဟု သတင်းများ ထွက်ပေါ်နေသည့်အတွက် ကား အသစ် ဝယ်ယူမည့်သူများနှင့် ကားဟောင်းများဝယ်ယူပြီး အမည်ပေါက် ပြောင်းလဲလိုသူများက အခွန် သက်သာမည့် အချိန်ကို စောင့်နေကြခြင်းကြောင့် အရောင်းအဝယ်အေးစက်နေခြင်း ဖြစ်ပါသည်။

ယခုရက်ပိုင်းအတွင်း နံပါတ်ထွက်ပြီးသာ ကားအချို့ အရောင်းအဝယ်အနည်းငယ်ဖြစ်သော်လည်း ဝင်ငွေခွန် လျှော့ချပေးမည့်သတင်းကြောင့် စတိနံပါတ်ကားများမှာ အရောင်းအဝယ်အေးနေပါသည်။

လာမည့်ဘဏ္ဍာနှစ်တွင် ဝင်ငွေခွန်သုံးရာခိုင်နှုန်းသာ ကောက်ခံမည်ဆိုပါက ကားတန်ဖိုး အပေါ်မူတည်ပြီး ပေးဆောင်ရမည့်အခွန်နှုန်းထားလည်း လျော့နည်းသက်သာသွားမည်ဖြစ်ပါသည်။

စလစ်ဈေးအပြောင်းအလဲသည်လည်း COE စနစ်အပေါ်မူတည်နေရာ ခွင်ပြုပေးမည့်အစီးရေ၊ အင်ဂျင် ပါဝါအလိုက် ကောက်ခံမည့်နှုန်းထားများအရ အတက် အကျ ရှိလာမည်ဖြစ်ပါသည်။

ရန်ကုန်လိုင်စင်နှင့် ဝင်ငွေခွန်အပြောင်းအလဲကို စောင့်ကြည့်နေကြသဖြင့် အရောင်းအဝယ် အေးစက်နေသည့် ကာလတွင်  စလစ်လည်း ဝယ်လိုအားနေပါသည်။

ကားအရောင်းစင်တာများမှ တင်သွင်းထားသည့် ကားများလည်း ဖြစ်ပေါ်လာနိုင်မည့် အပြောင်းအလဲကြောင့် အရောင်းအဝယ်အေးစက်နေသဖြင့် စလစ်လိုအပ်ချက်နည်းနေသည်။

နယ်လိုင်စင် အပ်ကားများကို ရန်ကုန်လိုင်စင်ပြောင်းခွင့်မရသဖြင့် သက်တမ်းနှစ်နှစ်ဆယ်အမည်ပေါက် စလစ်ဈေးမှာ ကျပ် ၁၂၇ သိန်းဝန်းကျင် ဈေးမြင့်တက်သွားသော်လည်း ဝယ်လက်မရှိသောကြောင့် အရောင်းအဝယ် အေးနေပါသည်။

COE စနစ် အကောင်အထည်ပေါ်လာပြီး လာမည့် ဘဏ္ဍာနှစ်တွင်ကောက်ခံမည့် ဝင်ငွေခွန်နှုန်းထားများ လျှော့ချမည်ဆိုပါက စလစ်ဈေးလည်း အနည်းငယ် ကျဆင်းသွားဖွယ်ရှိကြောင်း ကားတင်သွင်းသူများက ခန့်မှန်းထားကြပါသည်။

သက်တမ်းနှစ်နှစ်ဆယ် အပ်ကားများနှင့်အတူ တိုက်ကြေစလစ်နှင့် တက္ကစီစလစ်လည်း အဝယ်နည်းပါးနေသဖြင့် ဈေးတန်းတစ်ခုတွင် ရပ်တန့်နေကြောင်း ကားဈေးကွက်အတွင်းမှ သိရပါသည်။

ကားဈေးနှုန်းများ

စဉ်   ကားအမျိုးအစား နံပါတ်   မိုဒယ်  ဈေးနှုန်း
၁ Toyota Alphard YGN 2003 355
၂ Toyota Wish YGN 2011 340
၃ Toyota Axio YGN 2013 280
၄ Diahatsu Hijet BGO 2012 110
၅ Toyota Probox BGO 2012 180
၆ Honda Fit YGN 2011 230
၇ Honda Insight MDY 2012 245
၈ Toyota Land Cruiser YGN 2010 1930
၉ Toyota Ractis BGO 2012 185
၁၀ Toyota Harrier YGN 2004 465

 

 

 

Read 1141 times