2022 Geely Boyue FX11 (Proton X70) မော်ဒယ်အသစ်အတွက်ပလက်ဖောင်း


2022 Geely Boyue FX11 (Proton X70) မော်ဒယ်အသစ်အတွက်ပလက်ဖောင်း

 

Geely က FX11နမူနာ ပုံတစ်ပုံကို ထုတ်ပြန်ခဲ့ပါတယ်။ နောက်ထပ် ထုတ်လုပ်မယ့် 2022 Boyue မော်ဒယ် အတွက်လို့ ဆိုပါတယ်။ အဲဒီမော်ဒယ်ကို မလေးရှားဈေးကွက်မှာ Proton X70 မော်ဒယ်အဖြစ် လူသိများပါတယ်။ 

Proton  ကို ရာနှုန်းပြည့် ပိုင်ဆိုင်တဲ့ မလေးရှား ကုမ္ပဏီစုကြီး DRB-HICOM ထံမှ Proton ရှယ်ယာ ၄၉.၉% ကို Geely က ဝယ်ယူခဲ့ပြီးတဲ့နောက်မှာ Proton နှင့် Geely တို့ ပူးပေါင်းလုပ်ကိုင်ပြီး  Geely Boyue ကို Proton X70 ကို ပထမဆုံးမော်ဒယ်အဖြစ် ထုတ်လုပ်ခဲ့ပါတယ်။ 

တရုတ်ပြည်တွင်းဈေးကွက်ထဲမှာ Geely Boyue ကို ၂၀၁၆ ခုနှစ်မှာ စတင်ရောင်းချခဲ့ပါတယ်။ ၆ နှစ်ဝန်းကျင် ရှိနေပြီ ဖြစ်ပြီး ယခုအခါ ဒုတိယမျိုးဆက် မော်ဒယ်ကို ထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။ 

2022 Boyue ကို Volvo-Geely ပူးတွဲအကောင်အထည်ဖော်ထားတဲ့ CMA (Compact Modular Architecture) ပလက်ဖောင်းဖြင့် ထုတ်လုပ်မှာ ဖြစ်ပါတယ်။ 

လက်ရှိထုတ်လုပ်နေတဲ့ Geely Boyue(Proton X70) ကို သက်တမ်းကြာပြီဖြစ်တဲ့ Geely NL ပလက်ဖောင်းဖြင့် ထုတ်လုပ်ပါတယ်။ 

"ပလက်ဖောင်း" ဆိုတဲ့ အသုံးအနှုန်းက အဓိကအားဖြင့် ကိုယ်ထည် အောက်ခြေပိုင်း underbody နှင့် ဝင်ရိုးများ အပါအဝင် ဆိုင်းထိန်းစနစ် suspensions (with axles) တို့ကို ဆိုလိုပါတယ်။ ကိုယ်ထည် အောက်ခြေပိုင်းမှာ ရှေ့ထိုင်ခုံ ခြေထောက်ချတဲ့ ကြမ်းပြင်၊ နောက်ထိုင်ခုံ ခြေထောက်ချတဲ့ ကြမ်းပြင်၊ စက်ဖုံးအောက်မှ အင်ဂျင်အခန်း၊ ကားကိုယ်ထည်တောင့်တင်းအောင် ထည့်ပေးထားတဲ့ ဖရိန် စတာတွေ ပါဝင်ပါတယ်။ 

Geely CMA platform 

 CMA ကို သုံးတဲ့အတွက် Geely Boyue / Proton X70 ကိုယ်ထည် အောက်ခြေပိုင်းက Volvo ရဲ့ ကိုယ်ထည် အောက်ခြေပိုင်းနှင့် ဆင်ဆင်တူနေမှာ ဖြစ်ပါတယ်။  ကိုယ်ထည် အောက်ခြေပိုင်းမှာ လာစွပ်မယ့် ကိုယ်လုံးကိုယ်ထည် စတိုင်လ်ကတော့ ကွဲပြားပါလိမ့်မယ်။ 


#MyanmarAutomobileGuide 


Telegram Channel

https://t.me/Guid4U

Read 586 times