ကြိုတင်အမှာစာ စီးရေ ၂ သိန်းကျော် ရထားတဲ့ Ford F-150 Lightning စတင်ထုတ်လုပ်


ကြိုတင်အမှာစာ စီးရေ ၂ သိန်းကျော် ရထားတဲ့ Ford F-150 Lightning စတင်ထုတ်လုပ်


အရွယ်အစားအပြည့် လျှပ်စစ်ပစ်ကပ်ထရပ်မော်ဒယ်  2022 Ford F-150 Lightning မော်ဒယ်ကားပထမဆုံး အသုတ်ကို ကြိုတင်အမှာစာ ပေးထားသူများထံ ဧပြီလ ၂၆ ရက်တွင် စတင်ပေးအပ်ပါမယ်။

ယခင် အကြိုထုတ်လုပ်မှု Pre-production ကားများ ထုတ်လုပ်ခဲ့ပြီး စမ်းသပ်မောင်းနှင်ခြင်း၊ လိုအပ်သည့် အတည်ပြု ခွင့်ပြုချက် စာရွက်စာတမ်း ရယူခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။ ပြုပြင်မွမ်းမံစရာများကို ပြုပြင်မွမ်းမံခဲ့ပါတယ်။ 

 အပြီးသတ် မော်ဒယ်ဒီဇိုင်းဖြင့် F-150 Lightning ကားများကို အမေရိကန်နိုင်ငံ မီချီဂံပြည်နယ် ဒီယာဘွန်းမြို့ရှိ Ford ရဲ့Rouge စက်ရုံမှာ ထုတ်လုပ်ပါတယ်။

၎င်း စက်ရုံဟာ Ford ရဲ့ ပစ်ကပ်ကားများကို ၁၉၄၈ ခုနှစ်ကတည်းက ထုတ်လုပ်ပါတယ်။

၎င်းစက်ရုံမှာ Ford ထူထောင်သူ Henry Ford က Model T ကားများ ထုတ်လုပ်ဖို့ တွဲစပ်တပ်ဆင်ရေးလိုင်း တီထွင်ဖန်တီးခဲ့ပါတယ်။ 

F-150 Lightning အတွက် ဘက်ထရီများကို မီချီဂံပြည်နယ်တွင် တည်ရှိသော Rawsonville Components Plant မှ ရယူပါတယ်။ လျှပ်စစ်ဖြင့် မောင်းနှင်မှု အစိတ်အပိုင်းများကို မီချီဂံပြည်နယ်ရှိ Van Dyke Electric Powertrain Center မှ ရယူပါတယ်။ 
 
ဈေးချိုတဲ့ လျှပ်စစ်ပစ်ကပ်

လျှပ်စစ်ပစ်ကပ်ထရပ်တွေ ရောင်းအား အလားအလာကောင်းလို့ အီးဗီ လုပ်ငန်းသစ် Rivian က 2022 R1T မော်ဒယ် ထုတ်လုပ်ပါတယ်။ General Motors က 2022 GMC Hummer EV ထုတ်လုပ်တဲ့အေကြာင်း  Myanmar Automobile Guide မှာ တင်ပြခဲ့ပါတယ်။ 

R1T နှင့် Hummer EV ပစ်ကပ်တို့နှင့် နှိုင်းစာရင် F-150 Lightning က ဈေးသက်သာပါတယ်။ အနည်းဆုံးဈေး $39,974 ဖြစ်ပါတယ်။

R1T က $80,000 ဝန်းကျင် ဖြစ်ပြီး Hummer EV က $79,995 ဖြစ်ပါတယ်။

ဈေးချိုတဲ့အတွက် F-150 Lighting ကြိုတင်အမှာစာ စီးရေ ၂ သိန်းကျော် လက်ခံရရှိထားပါတယ်။ Rouge စက်ရုံက တစ်နှစ်လျှင် အများဆုံးစီးရေ ၁ သိန်းခွဲ ထုတ်လုပ်နိုင်စွမ်း ရှိပါတယ်။ မှာကြားထားသူများ အချိန်အတော်ကြာ စောင့်ကြရမှာ ဖြစ်ပါတယ်။

F-150 Lightning မှာ ရှေ့ဘကါမှာ မော်တာတစ်လုံး၊ နောက်ဘက်မှာ မော်တာတစ်လုံး စုစုပေါင်း မော်တာ ၂ လုံး ထိုင်ပေးထားပြီး ၄ ဘီးယက် ဖြစ်ပါတယ်။ မော်တာ ၂ လုံးပေါင်း ပါဝါ 426 hp ရှိပါတယ်။ ဘက်ထရီအားအပြည့် ခရီးတာ မိုင် ၂၃၀ အထိ သွားနိုင်ပါတယ်။

နောက်ဘီး ၂ ဘီးယက် မော်ဒယ် ထုတ်လုပ်ဖို့ အစီအစဉ် ရှိပါတယ်။ မော်တာ တစ်လုံးပဲ သုံးထားမှာ ဖြစ်လို့ ၄ ဘီးယက်ထက် ဈေးပိုသက်သာနိုင်ပါတယ်။

လောလောဆယ် ဂရိတ် grade ၄ မျိုး ရနိုင်ပါတယ်။ Pro,  XLT, Lariat နှင့် Platinum တို့ ဖြစ်ပါတယ်။

၄မျိုးစလုံး တံခါး ၄ ပေါက် cab ဖြစ်ပြီး နောက်ဘက် ခွက်ကြမ်းပြင်အလျားက ၅ ပေ ၅ လက်မ ဖြစ်ပါတယ်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Read 16147 times