နာမည်ကျော် Volkswagen ကားလုပ်ငန်းစုကြီးသည် Volkswagen CC မိုဒယ်၏ ဆက်ခံသူကားမိုဒယ်သစ် Arteon ကို ပိုအဆင့်မြင့်သည့် မိုဒယ်တစ်ခုအဖြစ် ၂၀၁၇ ခုနှစ်မှ စတင်ထုတ်လုပ်ဈေးကွက်တင်ခဲ့ပါသည်။
ယခုနှစ်တွင် ထပ်တိုးအဆင့်မြှင့်တင်ထုတ်လုပ်လိုက်သည့် ၂၀၁၉ မိုဒယ် Arteon မှာ အဆင့်မြင့် R-Line ဗားရှင်းလည်း ပါဝင်လာပြီး ၂၀၁၈ ခုနှစ်၏ နယူးယော့ခ်နိုင်ငံတကာကားပြပွဲကြီးတွင် တရားဝင်ပွဲထုတ်ပြသခဲ့ပါသည်။
ကားကိုယ်ထည်ရော အတွင်းခန်းကိုပါ ထပ်တိုးမွမ်းမံထားသည့် R-Line သည် Arteon ကားမိုဒယ်များထဲတွင် အဆင့်အမြင့်ဆုံးဟု ဆိုနိုင်ပါသည်။ 2019 Volkswagen Arteon R-Line ဆီဒန်ကားမိုဒယ်သစ်ကို လာမည့်
၂၀၁၈ ခုနှစ်၊ ဆောင်းဦးရာသီတွင် ဈေးကွက်တင်ရောင်းချရန် စီစဉ်ထားပါသည်။
Arteon R-Line မိုဒယ်သစ်သည် စက်စွမ်းရည်ပိုင်းမှာ သမားရိုးကျ Arteon မိုဒယ်နှင့် သိပ်မကွာခြားလှသော်လည်း Arteon ကဲ့သို့ ဒီဇယ်အင်ဂျင်ကိုပါ မရနိုင်ဘဲ ဓာတ်ဆီအင်ဂျင်တစ်မျိုးတည်းကိုသာ ရရှိနိုင်ပါသည်။
Arteon R-Line မှာ မြင်းကောင်ရေ ၂၇၆ ကောင်အား 2.0 Liter ဆလင်ဒါလေးလုံးထိုး ဓာတ်ဆီအင်ဂျင် တပ်ဆင်ပေးထားပါသည်။ အင်ဂျင်က ထုတ်လုပ်ပေးလိုက်သည့် စွမ်းအင်များကို Dual-Clutch ဂီယာခုနစ်ချက်မှတစ်ဆင့်
ကားဘီးများဆီ ပို့လွှတ်မောင်းနှင်စေမည်ဖြစ်ပါသည်။
R-Line မှာ VW ၏ နာမည်ကျော် 4 Motion လေးဘီးယက်စနစ်ကိုလည်း Option တစ်ခုအဖြစ် ရွေးချယ်နိုင်ပါသည်။ ကား၏အမြင့်ဆုံးအမြန်နှုန်း က တစ်နာရီကို ၁၅၅ မိုင်နှုန်းဖြစ်ပြီး ၅ ဒသမ ၆ စက္ကန့်အတွင်းမှာ သုညမိုင်မှ
တစ်နာရီ မိုင်ခြောက်ဆယ်နှုန်းရောက်အောင် အရှိန်မြှင့်တင်နိုင်ပါသည်။ ဆီစားနှုန်းအနေဖြင့် မြို့တွင်းတွင် တစ်ဂါလန် ၂၅ ဒသမ ၆ မိုင်နှင့် အဝေးပြေးလမ်းမှာ တစ်ဂါလန် ၃၈ ဒသမ ၆ မိုင် အသုံးပြုနိုင်ပြီး စုစုပေါင်းဆိုလျှင်
တစ်ဂါလန် ၃၂ ဒသမ ၂ မိုင်နှုန်းအထိ အသုံးပြုမောင်းနှင်နိုင်ပါသည်။
ခေတ်သစ်ဆီဒန်ကားများကဲ့သို့ တံခါးလေးပေါက်နှင့် Fastback ကိုယ်ထည်ပုံစံ ဖန်တီးတည်ဆောက်ထားသော Arteon R-Line မိုဒယ်သည် တခြား R-Line မိုဒယ်ကားများနှင့် သိပ်မကွာခြားပေ။ ကားရှေ့မျက်နှာစာက
ဘမ်ပါတွင် သိသာထင်ရှားသော အပြောင်းအလဲများကို တွေ့မြင်နိုင်ပါသည်။ ရိုးရိုး Arteon မိုဒယ်တွင် ကားရှေ့ဘမ်ပါ၏ ဘေးစွန်းနှစ်ဖက်က လေစုပ်ပေါက်များကို ခရိုမီယမ်ရောင်အပြင်အဆင်နှင့် ခပ်ရိုးရိုးဖန်တီးထားသော်လည်း
R-Line တွင် C ပုံစံဖန်တီးထားသော အနက်ရောင်အစိတ်အပိုင်းနှင့် ပေါင်ခတ်ထားပါသည်။
အဓိကလေစုပ်ပေါက်၏ ဝန်းကျင်က ကိုယ်ထည်ပြားများကိုလည်း ထပ်တိုးမွမ်းမံထားခြင်းကြောင့် ရှဲလ်(Grille)ပေါင်နှင့် တစ်ဆက်တည်းဖြစ်စေပြီး ဘေးဘက်လေစုပ်ပေါက်များကိုလည်း အဓိကလေစုပ်ပေါက်ကြီးနှင့်
သီးခြားစီဖြစ်သွားစေပါသည်။ R-Line အထူးမိုဒယ်တစ်ခုမှန်းသိသာစေရန် ညာဘက်ကားရှေ့မီးနှင့် အနီးကပ်ဆုံးနေရာက ရှဲလ် ဘားတန်းပေါ်မှာ အရွယ်အစားသေးငယ်သည့် R အမှတ်တံဆိပ်လိုဂိုကို တပ်ဆင်ထားပါသည်။
ကောက်ကြောင်းလှပသော ကားဘေးဘက်က ပြေပြစ်သည့် ကားဘီးခုံးများအောက်တွင် ၁၉ လက်မ၊ သို့မဟုတ် လက်မ နှစ်ဆယ် အရွယ် Multi-Spoke ဒီဇိုင်း အလူမီနီယမ်ကားဘီးသစ်များ တပ်ဆင်ထားပြီး မီးခိုးရင့်ရောင်မှိုင်းမှိုင်း
ဆေးခြယ်ထားပါသည်။
ခေတ်သစ်ဆီဒန်ကားများ၏ ထုံးစံအတိုင်း ကားနောက်ပိုင်းကို Coupe ကိုယ်ထည်ပုံစံကဲ့သို့ ခပ်တိုတို ဖန်တီးတည်ဆောက်ထားပါသည်။ ကားအနောက်ဘက်ကို ခပ်ပါးပါးပဲ မွမ်းမံထားပြီး Arteon ၏ ကိုယ်ထည်ရုပ်ထွက် မသိမသာ
ပြောင်းလဲစေရန် ကားနောက်ဖုံးအစွန်းပေါ်က လေပင့်အားထိန်း တောင်ပံငယ်ကို ရွှန်းစိုလှသည့် အနက်ရောင်ဆေးခြယ်ထားပါသည်။ ကားနောက်မီးများ၏ ကြားက ကိုယ်ထည်နေရာလွတ်ပေါ်တွင် VW အမှတ်တံဆိပ်လိုဂိုနှင့်
Arteon မိုဒယ်အမည်ကို အထင်အရှား ရေးထိုးတပ်ဆင်ထားပြီး 4 Motion လေးဘီးယကစနစ်နှင့်ဆိုလျှင် ကားနောက်မီးတစ်ဖက်၏ အောက်နားတွင် 4 Motion အမှတ်တံဆိပ်လိုဂို ပါဝင်ပါသည်။ စွမ်းဆောင်ရည်အသားပေးသော
ကားကိုယ်ထည်အသွင်ဖန်တီးပေးထားသည့် Arteon R-Line ၏ ဒီဇိုင်းအပြင်အဆင်သစ်များသည် ကား၏ ရုပ်ထွက်ကို ပိုပြီးထင်ရှားပေါ်လွင်စေပါသည်။
ခရီးသည်ငါးယောက် လိုက်ပါစီးနင်းနိုင်သော Arteon R-Line ၏ ကားအတွင်းခန်းတွင် ကားထိုင်ခုံများတွင် သာမကဘဲ စတီယာရင်နှင့် ဂီယာတံထိပ်ကိုပါ ချုပ်ရိုးလိုင်းလေးများနှင့် တန်ဆာဆင်ထားပြီး ကားဒက်ရှ်ဘုတ်နှင့်
ကားတံခါးအတွင်းဘက်ကို သတ္တုသားပုံစံ ဖန်တီးထားပါသည်။ Leather အကောင်းစား ဆင်ယင်ထားသော ကားထိုင်ခုံများ၏ ကျောမှီနေရာမှာ R-Line ၏ အမှတ်တံဆိပ်လိုဂိုအဖြစ် R စာလုံးကို ခတ်နှိပ်ရေးထိုးထားပြီး
ကားတံခါးအောက်ခံပေါင်တွင် R-Line လိုဂို စာသားကို Stainless Steel နှင့် ဖန်တီးပေးထားခြင်းကြောင့် ကား၏ ပေါ့ပါးသွက်လက်သည့်အသွင်ကို ပိုပြီးပေါ်လွင်စေပါသည်။ ထို့အပြင် သတင်းအချက်အလက်နှင့် ဖျော်ဖြေရေးအတွက်
ကားအတွင်းတွင်ပါဝင်သော MIB-II Infotainment System ၏ ဖန်သားပြင်ကို စဖွင့်ဖွင့်ချင်းမှာလည်း R-Line လိုဂိုစာတန်းကို တွေ့မြင်ကြရမည်ဖြစ်ပါသည်။ အဆင့်မြင့်မြင့် မွမ်းမံထားသော ခေတ်သစ်ဇိမ်ခံကားတစ်စီးပီပီ
ကားအတွင်းတွင် ခေတ်မီအဆင့်မြင့်သော ကားအတွင်းခန်းနည်းပညာများ အစုံအလင်ပါဝင်ပါသည်။
၂၀၁၈ ခုနှစ် ဆောင်းဦးရာသီမှာ ဈေးကွက်တင်ရောင်းချမည့် 2019 Volkswagen Arteon R-Line ဇိမ်ခံဆီဒန်ကားသစ်၏ ဈေးကို အတိအကျ မသိရသေးသော်လည်း ကျွမ်းကျင်သူများက VW CC မိုဒယ်၏ ဈေးနှင့် သိပ်မကွာလှဘဲ
အမေရိကန်ဒေါ်လာ ၃၄,၅၀၀ နှင့်အထက်ရှိမည်ဟု ခန့်မှန်းထားကြပါသည်။ ဇိမ်ခံဆီဒန်ကားဈေးကွက်မှာ VW Arteon နှင့် အဓိကပြိုင်ဘက်ဖြစ်လာနိုင်သော ကားများမှာ Acura TLX ၊ Lexus ES ၊ Infiniti Q50 နှင့်
Audi A5 Sportback တို့ဖြစ်ပါသည်။
Automobile