အထူးခြားအထင်ရှားဆုံး Grille ဒီဇိုင်းနှင့် ပဉ္စမမျိုးဆက်မိုဒယ်သစ် 2019 Toyota Avalon Touring


ယခင်က အမေရိကန်ပြည်ထောင်စုတွင် Toyota ၏ အရွယ်အစားအကြီးဆုံး ရှေ့ဘီးယက်ဆီဒန်ကားအဖြစ် လူသိများခဲ့ပြီး Mid-Size Sedan အဖြစ် ပြောင်းလဲထုတ်လုပ်ခဲ့သော Avalon ကားမိုဒယ်ကို ၁၉၉၄ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပါသည်။ မျိုးဆက်လေးဆက်အထိ ထုတ်လုပ်ဈေးကွက်တင်ခဲ့ပြီး ၂ဝ၁၈ ခုနှစ်၏ မြောက်အမေရိက နိုင်ငံတကာကားပြပွဲကြီးမှာ Avalon ၏ ပဉ္စမမျိုးဆက်မိုဒယ်သစ်ကို ပွဲထုတ်ပြသခဲ့ပါသည်။

ကားကိုယ်ထည်ရော အတွင်းခန်းကိုပါ အသစ်မွမ်းမံထားပြီး နည်းပညာများကိုလည်း ထပ်တိုးအဆင့်မြှင့်တင်ထားသည့် Toyota Avalon မိုဒယ်သစ်ကို ၂ဝ၁၈ ခုနှစ်၊ မေလမှစ၍ ၂ဝ၁၉ မိုဒယ်အဖြစ် ဈေးကွက်တင်ရောင်းချသွားရန် စီစဉ်ခဲ့ပါသည်။ 2019 Toyota Avalon ကို XLE ၊XSE ၊ Limited နှင့် အဆင့်အမြင့်ဆုံး Touring ဆိုပြီး Trim Level တွေ ခွဲခြားထုတ်လုပ်ထားပါသည်။

ရှေ့ဘီးယက်စနစ်သုံး Avalon ကားသစ်မှာ မြင်းကောင်ရေ ၃ဝ၁ ကောင်အား 3.5 Liter V6 အင်ဂျင် တပ်ဆင်ထားပြီး D-4S တိုက်ရိုက်ဆီဖျန်းစနစ်နှင့် Variable Valve Timing တို့ကို ထပ်တိုးအဆင့်မြှင့်တင်ထားပါသည်။

ကားအင်ဂျင်ကို ယခင်လို Auto ဂီယာခြောက်ချက် အစား Auto ဂီယာရှစ်ချက်နှင့် တွဲဖက်ပေးထားပါသည်။ XSE နှင့် Touring Trim များတွင်ဆိုလျှင် စတီယာရင်တွင် တပ်ဆင်ထားသော Paddle Shifter လေးများမှတစ်ဆင့် အလွယ်တကူ ဂီယာချိန်းနိုင်ပါသည်။ ကား၏ ဆီစားနှုန်းက မြို့တွင်းတွင် တစ်ဂါလန် ၂၂ မိုင်နှင့် အဝေးပြေးလမ်းမှာ တစ်ဂါလန် ၃၂ မိုင်နှုန်းဖြစ်ပြီး စုစုပေါင်းဆိုလျှင် တစ်ဂါလန် ၂၆ မိုင်နှုန်းအထိ အသုံးပြုနိုင်ပါသည်။

လေးဘီးယက်စနစ်သုံး ကားတစ်စီး မဟုတ်သော်လည်း Toyota ၏ Smart Stop နည်းပညာပါဝင်ပြီး စက်ပိုင်းဆိုင်ရာနည်းပညာများ အဆင့်မြှင့်တင်ပေးထားခြင်းကြောင့် Avalon ကားသစ်သည် ခရီးဝေး မောင်းနှင်ချိန်တွင်အတော်လေးသက်သာဇိမ်ကျစွာ လိုက်ပါစီးနင်းနိုင်ပါသည်။

Toyota ၏ အဆိုအရ တံခါးလေးပေါက်ဆီဒန်ကားသစ် Avalon ၏ ကိုယ်ထည်ကို Technical Beauty ဆိုသော ဒီဇိုင်းအယူအဆအတိုင်း ဖန်တီးထားပြီး ပေါ်လွင်လှပသည့် ကောက်ကြောင်းလိုင်းများနှင့် အချိုးအစားကျနသောကိုယ်ထည်ထောင့်ချိုးများ ပေါင်းစပ်ထားပါသည်။ ကိုယ်ထည်အတိုင်းအတာအရဆိုလျှင် Avalon ကားသစ်သည် ယခင်ထက် ပိုရှည်လျားကျယ်ပြန့်ပြီး ကိုယ်ထည်လည်း ပိုနိမ့်ပါသည်။ ကားနောက်ခန်းကို ခုနစ်လက်မလောက်ပိုချဲ့ထားသဖြင့် ထိုအတိုင်းအတာ အချိုးအစားသည် Avalon မိုဒယ်သစ်ကို ယခင်ထက် မဆိုစလောက်လေး လေခွင်းအား ပိုကောင်းစေပါသည်။

ကားရှေ့မျက်နှာစာမှာ အထူးခြားအထင်ရှားဆုံးဒီဇိုင်းမှာ ရှဲလ်(Grille)ဖြစ်ပြီး ထိုအရွယ်အစားကြီးမားလှသော လေစုပ်ပေါက်သည် ကားကို ပေါ့ပါးဖျတ်လတ်ဟန်ပေါက်စေပြီး ကား၏ ဗြက်ကျယ်ကျယ်ဒီဇိုင်းကိုလည်းမြင်သာစေပါသည်။ အရွယ်အစားကြီးမားလွန်းသော ရှဲလ်သည် ကားရှေ့မျက်နှာစာအသွင်ကို အမြင်ဆန်းစေသော်လည်း တခြားအရှေ့ဘက်ဒီဇိုင်းအပြင်အဆင်များကတော့ ဆွဲဆောင်မှုရှိရှိ လှပပါသည်။ ကားအရှေ့အလယ်ပိုင်းကသုံးမြှောင့်ပုံစံဒီဇိုင်းမှ ကားဘေးဘက် Side Skirt နှင့် ဘေးဘက် အထက်ပိုင်းဆီရောက်ရှိလာသော ကောက်ကြောင်းလိုင်းများသည် ကားပြတင်းတံခါးအောက်ဘက်ဆီ လျှောဆင်းသွားပြီး ကားအနောက် ဘီးခုံးဧရိယာနားမှာအဆုံးသတ်သွားပါသည်။ ကားခေါင်မိုး အနောက်ဘက်စွန်းမှာ ငါးမန်းဆူးတောင်ပုံစံ Antenna လေးပါဝင်ပြီး ကားနောက်မီးများကိုတော့ သုံးမြှောင့်ပုံစံ ဖန်တီးထားပါသည်။ ကားအနောက်ဘက်တွင် ကား၏ဗြက်အကျယ်ကိုပိုမြင်သာစေသော အလျားလိုက် ဒီဇိုင်းအပြင်အဆင်များကို ပိုပြီးတွေ့မြင်ရမှာဖြစ်ပါသည်။ ထိုအရာသည် ကားနောက်မီးနှစ်ခုကို အလျားလိုက်မီးဘားတန်းတစ်ခုနှင့် သွယ်ဆက်ပေးထားခြင်းဖြစ်ပြီး ထိုဘားတန်းပေါ်မှာ Avalonမိုဒယ်အမည်ကို စာလုံးကြီးများနှင့် ရေးထိုးတပ်ဆင်ထားပါသည်။ Trim Level အပေါ် မူတည်၍ ကိုယ်ထည်အပြင်အဆင်လည်း အနည်းငယ်ကွာခြားပြီး အဆင့်မြင့် XSE နှင့် Touring ဗားရှင်းတွင်ဆိုလျှင် နက်မှောင်နေသော ရှဲလ်ဆန်ခါကွက်များ၊ အနက်ရောင် ကားဘေးမှန်အထိုင်ခွက်နှင့် ကားနောက်ဖုံးစွန်း လေပင့်အားထိန်း တောင်ပံငယ်တို့ ပါဝင်ပါသည့်အပြင် Avalon Touring Trim မှာ Adaptive LED Cornering Lamp နှင့်မြင်ကွင်းပိုကောင်းစေသော Dynamic Auxiliary Turn Signal အချက်ပြမီးတို့ကို တပ်ဆင်ပေးထားပါသည်။ ကားကိုယ်ထည်ကို ငွေရောင်၊ အနက်ရောင်၊ နက်ပြာရောင်၊ အနီရောင်၊ ပုလဲဖြူရောင်၊ အညိုရောင်တို့ဖြင့် ရရှိနိုင်သလိုပယင်းရောင်နှင့် မီးခိုးရောင် အရောင်သစ် နှစ်ရောင်ကိုလည်း ထပ်တိုးရရှိနိုင်ပါသည်။

အရွယ်အလတ်စားဆီဒန်ကားသစ် Avalon ၏ အတွင်းခန်းမှာ လူငါးယောက်အထိ လိုက်ပါစီးနင်းနိုင်အောင် ကျယ်ဝန်းပြီး အဓိကအားဖြင့် ကားနောက်ခန်း ပိုကျယ်ဝန်းပါသည်။ ၂ဝ၁၉ မိုဒယ်အတွက် အသစ်လွင်ဆုံးမွမ်းမံထားပြီးရိုးရှင်း လှပကျယ်ဝန်းသော ခေတ်မီကားအတွင်းခန်းသည် အဆင့်မြင့်ကားတစ်စီး၏ အသွင်မျိုး ရယူထားပါသည်။ XSE နှင့် Touring ကဲ့သို့ Trim တွေမှာ ထိုင်ခုံများအတွက် Leather ကောင်းကောင်း အသုံးပြုထားပါသည်။

ကားမှာ Active Noise Control စနစ်တင်သာမက အသံလုံစေသော သတ္တုတွေအသုံးပြုပေးထားပြီး ကားဘေးဘက် နောက်ကြည့်မှန်များကိုလည်း လေတိုးသံ လျှော့ချနိုင်အောင် ဒီဇိုင်းမွမ်းမံထားခြင်းကြောင့် ပြင်ပမှဆူညံသံနှင့်လေတိုးသံတွေမကြားရဘဲ အေးဆေးသက်သာစွာ လိုက်ပါစီးနင်းနိုင်မည့်အပြင် ကားအတွင်းတွင် ခေတ်မီအဆင့်မြင့်သော ကားအတွင်းခန်းသုံး နည်းပညာပစ္စည်းအစုံအလင်လည်း ပါဝင်ပါသည်။

၂ဝ၁၉ မိုဒယ် Toyota Avalon ကားသစ်၏ အခြေခံမိုဒယ်အတွက် ဈေးကို အမေရိကန်ဒေါ်လာ ၃၅,၅ဝဝ နှင့်အထက် သတ်မှတ်ထားပြီး Trim Level အလိုက် ဈေးနှုန်းကွာခြားသွားပါသည်။ အဆင့်မြင့် Avalon Touring Trim ၏ဈေးမှာ ဒေါ်လာ ၄၂,၂ဝဝ နှင့်အထက် ဖြစ်ပြီး အရွယ်အလတ်စား ဆီဒန်ကားဈေးကွက်တွင် 2019 Toyota Avalon နှင့် အနီးစပ်ဆုံး ပြိုင်ဘက်များမှာ Nissan Maxima နှင့် Chrysler 300 တို့သာဖြစ်ပါသည်။

 

Read 654 times