၂ဝ၁၄ ခုနှစ်က တရုတ်နိုင်ငံ၊ ရှန်ဟဲမြို့တွင် တည်ထောင်ခဲ့သော Nio ကားကုမ္ပဏီသည် လျှပ်စစ်ကားများနှင့် Self-Driving နည်းပညာကို ဖန်တီးထုတ်လုပ်သူအဖြစ်
အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာပါသည်။ Nio သည် ခေတ်ရှေ့ပြေး Autonomous Concept ကားလေး Eve ၊ Nio 003 Racer နှင့် ခုနစ်ယောက်စီး လျှပ်စစ်စွမ်းအင်သုံး စွမ်းဆောင်ရည်မြင့် SUV ကား ES8 တို့ကို ဖန်တီးတည်ဆောက်ခဲ့သောကြောင့် လူသိများပါသည်။
ထို့ထက် ပိုပြီးလူသိများသည်က လျှပ်စစ်စွမ်းအင်သုံး စွမ်းဆောင်ရည်မြင့် ပြိုင်ကားမိုဒယ် EP9 ကို ဒီဇိုင်းထွင်ဖန်တီးခဲ့ခြင်းသာဖြစ်ပါသည်။ နှစ်ယောက်စီး ပြိုင်ကား Nio EP9 ကို ၂ဝ၁၆ ခုနှစ်ကတည်းက
စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး တစ်စီးကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဈေးနှင့် ခြောက်စီးတိတိ ရောင်းချခဲ့ပြီးဖြစ်ပါသည်။ ကားပြိုင်ပွဲများတွင် ရလဒ်ကောင်းများရရှိခဲ့ပြီး ပြိုင်ကွင်းမှာရော အများသုံး လမ်းမှာပါ
အသုံးပြုမောင်းနှင်နိုင်သော Nio EP9 ကို နောက်ထပ် ၁ဝ စီး ထပ်မံရောင်းချရန် စီစဉ်ထားသဖြင့် ၂ဝ၁၉ မိုဒယ်အဖြစ် အသစ်မွမ်းမံ ထုတ်လုပ်ခဲ့ပါသည်။ ကားသစ်၏ဈေးကို အတိအကျ မသိရသေးသော်လည်း
ကျွမ်းကျင်သူများက ဒေါ်လာ ၁ ဒသမ ၄ သန်း ဖြစ်မည်ဟု ခန့်မှန်းထားကြပါသည်။ အဆင့်မြင့်စူပါပြိုင်ကားဈေးကွက်တွင် 2019 Nio EP9 နှင့် အဓိကပြိုင်ဘက် ဖြစ်လာနိုင်သည်က Rimac Concept One နှင့်
Porsche 918 Spyder များသာဖြစ်ပါသည်။
တံခါးနှစ်ပေါက်နှင့် ဒီဇိုင်းဆန်း ပြိုင်ကားသစ်လေး EP9 သည် ခပ်ဝပ်ဝပ်နှင့် ဗြက်ကျယ်ကျယ် ကိုယ်ထည်အနေအထား၊ အရွယ် အစား ကြီးမားပြန့်ကားသော ကားဘီးခုံးများနှင့် ခေတ်သစ်ဟိုက်ပါပြိုင်ကား
တစ်စီးအသွင်ကို အပြည့်အဝရယူထားပြီး ခေတ်ရှေ့ပြေးနေသော ပြိုင်ကားဒီဇိုင်းမျိုးကို ပိုင်ဆိုင်ထားပါသည်။ ဆန်းသစ် သလောက် ခံ့ညားတင့်တယ်လှသော EP9 သည် စိတ်ကူးယဉ်သိပ္ပံရုပ်ရှင် တချို့တွင်
တွေ့မြင်ရသည့် ခပ်ဆန်းဆန်းကားမျိုးများနှင့် ဆင်တူပါသည်။ Nio သည် EP9 ကားသစ်ကို မြေဝပ်အားကောင်းပြီး လေစီးဆင်းမှုကောင်းမွန်အောင်တင်သာမက လေခွင်းအားကောင်းပြီး
တရွတ်ဆွဲမှုနည်းပါးအောင်လည်း အထူးမွမ်းမံဖန်တီး ထားပါသည်။ ကိုယ်ထည်ပြားများကို ကာဗွန်ဗိုင်ဘာသားများနှင့်သာ ဖန်တီးတည်ဆောက်ထားခြင်းကြောင့် ကိုယ်ထည်အလေးချိန်ကို ပေါ့ပါးစေပါသည်။
ထို့အပြင် ကား၏အရှိန်အဟုန် မြန်ဆန်သွက်လက်စေရန် ဖျတ်လတ်သော လေခွင်းအစိတ်အပိုင်းများကိုလည်း ထပ်တိုး တပ်ဆင်ပေးထားပါသည်။ ထူးခြားအကောင်းမွန်ဆုံး လေခွင်းအစိတ်အပိုင်းတစ်ခုက
ကားအနောက်ဘက်က လေပင့်အားထိန်း တောင်ပံကြီးဖြစ်ပြီး မြေဝပ်အား ပိုကောင်းစေခြင်း၊ သို့မဟုတ် တရွတ်ဆွဲမှုပိုနည်းစေခြင်းများကဲ့သို့ မတူညီသော အနေအထား သုံးမျိုးကို ချိန်ညှိပြောင်းလဲနိုင်ပါသည်။
ထိုအနေအထားသုံးမျိုးမှာ Park ၊ Low Drag နဲ့ High Downforce တို့ဖြစ်ပါသည်။ ကားနောက်ပိုင်းက အရွယ်အစားကြီးမားသော Rear Flap ကို အောက်ခြေမှာရှိသည့် Rear Diffuser ၏ အရှည်အတိုင်း
ဖန်တီးထားပြီး Flat Undertray နှင့် ကားအနောက်အလယ်ပိုင်းမှ ကားမီးတွေနားအထိ ကွေ့ကောက်တက်သွားသည့် ခပ်ထူထူလိုင်းကြီးလည်း ပါဝင်ပါသည်။ ကားရှေ့ မျက်နှာစာက အရွယ်အစားကြီးမားသော
Front Splitter ကိုလည်း ချိန်ညှိပြောင်းလဲနိုင်ပါသည်။ ကြီးမားသည့် ကားဘီးခုံးတွေအောက်က ကားဘီးများကို ၁၉ လက်မအရွယ်ကိုရော ၂၁ လက်မအရွယ်ကိုပါ ရရှိနိုင်ပါသည်။ ကားအောက်ခံထည်ကိုလည်း
ကာဗွန်ဖိုင်ဘာသားများနှင့် တည်ဆောက်ထားပြီး ထိုကဲ့သို့ ပေါင်းစပ်သတ္တု အသုံးပြုခြင်းကြောင့် ကား၏ အလေးချိန်ကို လျော့နည်းစေပြီး သမားရိုးကျ သံမဏိအောက်ခံထည်များထက်စာလျှင် ကားကို ၇ဝ
ရာခိုင်နှုန်း ပိုပေါ့ပါးစေပါသည်။
လေးဘီးယက်စနစ်နှင့် လျှပ်စစ်စွမ်းအင်သုံး ပြိုင်ကားသစ် Nio EP9 ၏ ဘီးတစ်စီးစီတွင် လျှပ်စစ်မိုတာတစ်ခုစီ တပ်ဆင်ထားသောကြောင့် စုစုပေါင်း လျှပ်စစ်မိုတာလေးခု ပါပြီး မြင်းကောင်ရေ ၁ယ၃၄၁
ကောင်အား (တစ်မီဂါဝပ်) အထိ ထုတ်လုပ်ပေးနိုင်ပါသည်။ ထိုကဲ့သို့သီးခြားစီတပ်ဆင်ထားသော လျှပ်စစ်မိုတာများက ကားကို ကုပ်အား ကောင်းကောင်းရရှိစေပြီး လည်ပတ်အားကိုလည်း ပိုကောင်းစေခြင်းကြောင့်
အချိုးအကွေ့များတွင် လျင်မြန်ဖျတ်လတ်စေပါသည်။ ထူးခြားချက်မှာ EP9 တွင် လျှစ်စစ်မိုတာ လေးခုကို ခွဲခြားတပ်ဆင်ထားသလို ဂီယာကလည်း လေးခု သီးခြားပါဝင်ပါသည်။ ကား၏ အမြင့်ဆုံးအမြန်နှုန်းက
တစ်နာရီကို ၁၉၅ မိုင်နှုန်းဖြစ်ပြီး ၂ ဒသမ ၇ စက္ကန့်အတွင်းတွင် သုညမိုင်မှ တစ်နာရီ ၆၂ မိုင်နှုန်း ရောက်အောင် အရှိန်မြှင့်တင်နိုင်ပါသည်။ ကား၏ ဘက်ထရီကို အားအပြည့်သွင်းရန်အတွက် အချိန် ၄၅ မိနစ်သာ
ကြာမြင့်ပြီး အားအပြည့်သွင်းထားမည်ဆိုလျှင် ၂၆၅ မိုင်နှုန်းအထိ မောင်းနှင်အသုံးပြုနိုင်ပါသည်။ ထို့အပြင် ကားဘက်ထရီကို သင့်တင့်သော အပူချိန်တွင်ရှိနေစေမည့် Cooling System ကောင်းကောင်းလည်း
ပါဝင်ပါသည်။ နှစ်ယောက်စီးကားအတွင်းခန်းကိုတော့ ကာဗွန်ဖိုင်ဘာသားများ အသုံးပြုပြီး ပြိုင်ပွဲဝင်ကားတစ်စီးအသွင် ဖန်တီးထားပါသည်။