ဗြိတိသျှ ကားထုတ်လုပ်ရေးလုပ်ငန်းတစ်ခုဖြစ်သော McLaren သည် ၂ဝ၁၈ ခုနှစ်၏ ဂျီနီဗာကားပြပွဲမှာ McLaren Ultimate Series ထဲက အသစ်လွင်ဆုံးကားမိုဒယ်တစ်ခုကို ထပ်တိုးမိတ်ဆက်လိုက်ပါသည်။
ထိုကားမှာ P15 ဟုလည်းခေါ်သော McLaren Senna ပြိုင်ကားသစ်သာဖြစ်ပြီး ကားနာမည်သည် ၁၉၉ဝ ပြည့်လွန်နှစ် အစောပိုင်းက McLaren Formula One အသင်း၏ ပြိုင်ကားမောင်းသမားဟောင်း ဘရာဇီးလူမျိုး Ayrton Senna ကို အစွဲပြု မှည့်ခေါ်ထားခြင်းဖြစ်ပါသည်။
Senna ကားသစ်သည် McLarenF1 နဲ့ P1 ကားမိုဒယ်များနှင့် ဆက်စပ်မှုရှိနေသော်လည်း ထိုကားမိုဒယ် နှစ်ခုစလုံး၏ တိုက်ရိုက်ဆက်ခံသူပေ။
McLaren Senna ပြိုင်ကားသစ်ကို စုစုပေါင်းအစီးရေငါးရာသာ ထုတ်လုပ်ရန် ရည်ရွယ်ထားပြီး အစီးငါးရာစလုံးကို အဂင်္လန်နိုင်ငံ၊ Surrey နယ်၊ Woking မြို့က McLaren Production Centre မှာသာ လက်ဖြစ် တည်ဆောက်မည် ဖြစ်ပါသည်။
ကား၏ဈေးကို ပေါင်ခုနစ်သိန်းခွဲ (အမေရိကန် ဒေါ်လာ ၈၃၇,ဝဝဝ) သတ်မှတ်ထားပြီး ကားအားလုံးကို ကြိုတင်ရောင်းချထားပြီးပါပြီ။
၂ဝ၁၉ မိုဒယ် McLaren Senna ကားများကို ၂ဝ၁၈ ခုနှစ်မကုန်ခင်မှာပဲ ဝယ်ယူထားသူများဆီ အရောက်ပို့ဆောင်ပေးမည် ဖြစ်ပါသည်။
တံခါးနှစ်ပေါက်နှင့် ပြိုင်ကားမိုဒယ်သစ် Senna သည် McLaren 720S မိုဒယ်ကို အခြေခံထားခြင်းဖြစ်ပြီး ကာဗွန်ဖိုင်ဘာသားကိုယ်ထည်နှင့် Twin-Turbocharged အင်ဂျင်တို့ကို ထပ်တိုးမွမ်းမံထားသော ဗားရှင်းများကို အဓိက မှီငြမ်းတည်ဆောက်ထားခြင်းဖြစ်ပါသည်။
နေ့စဉ် အသုံးပြု မောင်းနှင်နိုင်သော ကားတစ်စီးဖြစ်သော်လည်း ပြိုင်ပွဲသုံးကားအဖြစ် အဓိကရည်ရွယ်ဖန်တီးထားသော Senna သည် ကားကိုယ်ထည်အလေးချိန်လျော့နည်းအောင် အထူးမွမ်းမံထားပြီး ပေါ့ပါးကြံ့ခိုင်သော ကာဗွန်ဖိုင်ဘာသားများကို အဓိကအသုံးပြု တည်ဆောက်ထားပါသည်။
အမိုက်စားစွမ်းဆောင်ရည်နှင့် လေခွင်းအားလည်း ကောင်းမွန်အောင် အထူးဒီဇိုင်းထွင်ထားသော Senna ၏ ကိုယ်ထည်ပုံစံသည် သမားရိုးကျလှပခြင်းထက်ပိုပြီး အလန်းစားရုပ်ထွက်ကို ပိုင်ဆိုင်ထားပါသည်။
ယခင်က McLaren မိုဒယ်များနှင့်လည်း လုံးဝကွဲပြားသော Senna ကားသစ်၏ အလန်းစားကိုယ်ထည် ရုပ်ထွက်သည် McLaren ၏ ‘Form-follows-function’ ဆိုသော ဒီဇိုင်းအယူအဆကို စံနမူနာယူဖန်တီးထားခြင်းလည်း ဖြစ်ပါသည်။
ကား၏ မြေဝပ်အားနှင့် လေခွင်းအား ညီညွတ်မျှတရန်အတွက် စနစ်တကျဒီဇိုင်းထွင်ထားပြီး McLaren ဒီဇိုင်နာများအနေနှင့် ကားကိုယ်ထည်အလေးချိန်ကိုလည်း အတတ်နိုင်ဆုံး လျှော့ချဖန်တီးပေးထားပါသည်။
ကားကိုယ်ထည် အချိုးအစားအရ McLaren ကားတစ်စီးမှန်း သိသာနိုင်သော်လည်း ကားကိုယ်ထည်အရှေ့နှင့် အနောက်အထိ ကောက်ကြောင်းလိုင်းအားလုံးကို လုံးဝအသစ်ဖန်တီးထားပါသည်။
ကားကိုယ်ထည်မှာ အနောက်ဘက်က အရွယ်အစားကြီးမားသော နှစ်ထပ်လေပင့်အား ထိန်းတောင်ပံကြီး၊ နှစ်ထပ် Rear Diffuser ၊ Formula One ကားများ ပုံစံမှီငြမ်းထားသော ကားခေါင်မိုးက Roof Scoop ၊ ကား ရှေ့မျက်နှာစာက လေစုပ်ပေါက်များ၊ ဘေးဘက်လေစုပ်ပေါက်များ၊ ကားအနောက်ဘက်က တရုတ်ကတ်ပုံစံ လေစုပ်ပေါက်များနှင့် အရွယ်အစား ကြီးမားသော
ရှေ့ဘီးခုံးဧရိယာများကဲ့သို့ ကာဗွန်ဖိုင်ဘာသား လေခွင်းအား ဒီဇိုင်းအပြင်အဆင်များ ပါဝင်ပါသည်။
အထူးသဖြင့် ကိုယ်ထည်အနောက်ပိုင်းကို လေခွင်းအား ကောင်းမွန်ရန်နှင့် လေအေးများများ ရရှိစေရန် အထူးဖန်တီးထားသည်ဟု ဆိုနိုင်ပါသည်။
ကားအိပ်ဇောစနစ်ကိုလည်း တိုက်တေနီယမ်သားနှင့် ပေါ့ပါးလှပစွာ ဖန်တီးထားပါသည်။
ကားတံခါးတွေကိုတော့ F1 နဲ့ P1 မိုဒယ်တွေလို ခေတ်သစ်စူပါပြိုင်ကားများတွင် အသုံးများသော Dihedral Door များကိုသာ အသုံးပြုထားပါသည်။
ဒီဇိုင်းလှပသော အလူမီနီယမ် ကားဘီးများသည်လည်း ပေါ့ပါးခြင်းကြောင့် ကားကိုယ်ထည်အလေးချိန်ကို ပိုလျော့နည်းစေပါသည်။
Senna ပြိုင်ကားသစ်မှာ McLaren 720S ၏ 4.0 Liter Twin-Turbocharged V8 အင်ဂျင်ကိုသာ အဆင့်မြှင့်မွမ်းမံတပ်ဆင်ထားပြီး မြင်းကောင်ရေ ၇၈၉ ကောင်အားအထိ ထုတ်လုပ်ပေးနိုင်ခြင်းကြောင့် စွမ်းအားအပြည့်ဝဆုံး လမ်းပေါ်မောင်း McLaren ပြိုင်ကားဟုလည်း ဆိုနိုင်ပါသည်။
အင်ဂျင်က ထုတ်လုပ်ပေးလိုက်သော စွမ်းအင်များကိုတော့ အသစ်မွမ်းမံထားသော Dual-Clutch Auto ဂီယာခုနစ်ချက်မှတစ်ဆင့် ကားနောက်ဘီးများဆီ ပို့လွှတ်မောင်းနှင်စေမည်ဖြစ်ပါသည်။
ကား၏ အမြင့်ဆုံး အမြန်နှုန်းက တစ်နာရီကို ၂၁၁ မိုင်နှုန်းဖြစ်ပြီး ၂ ဒသမ ၈ စက္ကန့် အတွင်းမှာ သုညမိုင်မှ တစ်နာရီ ၆၂ မိုင်နှုန်း ရောက်အောင် အရှိန်မြှင့်တင်နိုင်ပါသည်။
နှစ်ယောက်စီးကားအတွင်းခန်းတွင်လည်း ကာဗွန်ဖိုင်ဘာသားများ အသုံးပြုထားပြီး ကားထိုင်ခုံများကိုတော့ ဝယ်သူ၏ ဆန္ဒအတိုင်း Alcantara ၊ သို့မဟုတ် Leather နှင့် ဆင်ယင်မွမ်းမံနိုင်ပါသည်။
ကားထိုင်ခုံနှစ်ခု၏ အနောက်ဘက်တွင် နှစ်ယောက်စာ ကားပြိုင်ပွဲသုံးဦးထုပ်များနှင့် ပြိုင်ပွဲဝင်ဝတ်စုံများထားရန် နေရာအလုံအလောက်ရှိပါသည်။