Honda မှ ရုပ်ထွက်ဒီဇိုင်းသစ်ပြောင်းလဲထားသည့်မော်ဒယ်သစ် 2018 Honda Fit ကိုကုမ္ပဏီ၏ တရားဝင်အွန်လိုင်းဝပ်က်ဆိုက်တွင်စတင်မိတ်ဆက်ပြသသွားခဲ့ပါသည်။
Honda Fit မှာအချို့သောကမ္ဘာ့စျေးကွက်တွင် Honda Jazz ဆိုပြီးလည်းသိကြပါသည်။
Honda ၏အအောင်မြင်ဆုံး Hatchback ကားဟုဆိုနိုင်သည့် Fit စီးရီးမှာအာရှတလွှားတွင် အလွန်ကိုကျော်ကြားစျေးကွက်များစွာပိုင်ဆိုင်ထားသည့်မြို့တွင်းကားလေးဖြစ်ပါသည်။
ထပ်မံထွက်ရှိမည့်2018 မော်ဒယ်သစ်၏ရုပ်ထွက်အပြောင်းအလဲကိုကြိုတင်ခံစားနိုင်ရန် Honda မှ စတင်ပြသ လိုက်ခြင်းဖြစ်ပြီး 2018 မော်ဒယ်ဖြစ်သော်လည်းလာမည့်ဇွန်လတွင်ဂျပန်စျေးကွက်ထဲစတင်ရောင်းချ ပေးသွားတော့မည်ဖြစ်ပါသည်။
မျိုးဆက်သစ်အဖြစ်ထပ်မံထွက်ရှိခြင်းမဟုတ်သော်လည်းပိုမိုလှပသည့်ရုပ်ထွက်နှင့်ပြောင်းလဲထွက်ရှိလာခဲ့ ပါသည်။
အရှေ့ဘက်တွင် LED driving မီးသီးများပါသည့်ရှေ့မီးခွက်သစ် ၊ မီးခွက်နှင့်တသားတည်း ပေါင်းစပ်ပုံဖော်ထားသည့်ရှဲဒီဇိုင်းသစ် ၊ ပိုချပ်ယပ်တဲ့ဘန်ဘာ ၊ ကွဲပြားသည့် foglights ပုံစံသစ်တို့ဖြင့် ဆွဲဆောင်မှုအကောင်းဆုံးအနေအထားဖြင့်တွေ့လာရခြင်းဖြစ်ပါသည်။
အနောက်ဖက်တွင်လည်းရုပ်ထွက်ပိုကြွစေသည့်နောက်မီးခွက်ဒီဇိုင်းသစ်ကိုအထင်းသားတွေ့လာရပြီး အသွင်ဆန်းဆန်းနှင့်ဝယ်ယူသူများကိုစိတ်ကြိုက်ဆွဲဆောင်နိုင်မည်ဖြစ်ပါသည်။
ထို့ပြင်အဆင့်မြင့်လုံခြုံရေးနည်းပညာများဖြစ်သည့်လမ်းလျှောက်သူများအားအာရုံခံပေးမည့် pedestrian detection ၊တိုက်မိခြင်းမှကာကွယ်ပေးမည့် automated braking ၊ လမ်းမပေါ်မှထွက်လျှင်အချက်ပြပေးမည့် lane departure warning ၊လမ်းမထက်ကအမှတ်အသားများအားအချက်ပြပေးမည့် traffic sign recognition၊cruise control ၊lane keeping assistance စသည်ဖြင့်တွဲဖက်ပါဝင်လာမည် ဖြစ်ကြောင်းသိရသည်။
အတွင်းခန်းတွင်လည်းအညိုရောင် Leather ကွက်ဖြင့်အလှဆင်ထားတဲ့ထိုင်ခုံ ၊ 7 လက်မလှပသည့် piano နက်ရောင်ဖြင့်တောက်ပြောင်စွာဆင်ယင်ထားသည့်ဂီယာစနစ်တို့ဖြင့်အသစ်လွင်ဆုံးခမ်းခမ်းနားနားဖြင့်ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။
စွမ်းအားပေးစနစ်အတွက် 1.3 လီတာ နှင့် 1.5 လီတာဆလင်ဒါလေးလုံးထိုးအင်ဂျင်တို့ဖြင့်ရွေးချယ်နိုင်ရုံမက ဆီစားသက်သာသည့် Hybrid မော်ဒယ်နှင့်လည်းရွေးချယ်နိုင်ပါသည်။
မော်ဒယ်သစ်တွင်ထုတ်ခဲ့သမျှ Fit ထဲတွင်အခန့်ညားဆုံးဟုဆိုနိုင်ပြီးနည်းပညာများစွာ ထပ်မံပေါင်းစပ်ပါရှိလာသည့်အတွက်စျေးကွက်တွင်အရောင်းသွက်အုန်းမည်မှာအသေအချာဖြစ်ပါသည်။