ဒိန်းမတ်နိုင်ငံမှ စွမ်းဆောင်ရည်မြင့် စူပါပြိုင်ကားကုမ္ပဏီ Zenvo သည် ကုမ္ပဏီ၏ ပထမဆုံးကားမိုဒယ် Zenvo ST1 ကို ထုတ်လုပ်ဈေးကွက်တင်ပြီးနောက် ၂၀၁၆ ခုနှစ်ထဲတွင် TS1 မိုဒယ်ကို အစားထိုးထုတ်လုပ်ခဲ့ပါသည်။
၂၀၁၆ ခုနှစ်၏ ဂျီနီဗာကားပြပွဲကြီးမှာ TS1 ကိုတင်သာမက TS1 ကိုအခြေခံထားသော ပြိုင်ပွဲမောင်း ကားမိုဒယ် TSR ၏ Concept ကားကိုပါ ပွဲထုတ်ပြသခဲ့ပါသည်။
၂၀၁၈ ခုနှစ်၏ ဂျီနီဗာ ကားပြပွဲတွင်လည်း Zenvo ၏ အခြေခံအကျဆုံး လမ်းပေါ်မောင်း ပြိုင်ကားဟုဆိုရမည့် နောက်ဆုံးပေါ်မိုဒယ်သစ် TSR-S ကို ထုတ်လုပ်မှုမိုဒယ်အဖြစ် ပြသခဲ့ပါသည်။
ST1 GT နှင့် ပြိုင်ပွဲမောင်းကား TSR များ၏ ကြားတွင်ရှိသော TSR-S ပြိုင်ကားသစ်သည် မူရင်း ST1 ပြိုင်ကားကိုယ်ထည်နှင့် ခပ်ဆင်ဆင်တူပါသည်။
သို့သော် TSR မိုဒယ်၏ အသစ်မွမ်းမံထားသော လေခွင်းအား အစိတ်အပိုင်းတွင်သာမက အများသုံးလမ်းတွင်ရော ကားပြိုင်ကွင်းထဲတွင်ပါ စွမ်းဆောင်ရည် တိုးတက်စေမည့် ထူးထူးခြားခြား အပြင်အဆင်သစ်များလည်း ပါဝင်ပါသည်။
TSR-S ဆိုသော မိုဒယ်အမည်မှာ S သည် အများသုံးလမ်းပေါ်မောင်းခွင့်ရ Street Legal Version ကို ရည်ညွှန်းထားပါသည်။
Zenvo အနေဖြင့် TSR-S ပြိုင်ကားသစ်ကို တစ်နှစ်တွင် ငါးစီးသာ ထုတ်လုပ်ရောင်းချသွားရန် ကန့်သတ်ထားပါသည်။
ကားဈေးကို အတိအကျ မသိရသေးသော်လည်း ယခင်မိုဒယ်တုန်းက အမေရိကန်ဒေါ်လာ တစ်သန်းကျော်ဖြစ်ခြင်းကြော်င့ ကျွမ်းကျင်သူများက 2018 Zenvo TSR-S ကားသစ်၏ ဈေးသည် ဒေါ်လာနှစ်သန်းနီးပါးဖြစ်မည်ဟု ခန့်မှန်းထားကြပါသည်။
စူပါပြိုင်ကားဈေးကွက်တွင် Zenvo TSR-S နှင့် အဓိကပြိုင်ဘက်ဖြစ်လာမည်က Koenigsegg Agera RS နှင့် Bugatti Chiron တို့ဖြစ်ပါသည်။
TSR-S ပြိုင်ကားသစ်သည် TSR မိုဒယ်၏ လမ်းပေါ်မောင်းဗားရှင်းဖြစ်ခြင်းကြောင့် ကားကိုယ်ထည်ဒီဇိုင်းတော်တော်များများသည် TSR နှင့် ခပ်ဆင်ဆင်တူပါသည်။
သို့သော် Zenvo သည် TSR-S ပြိုင်ကားသစ်ကို လေခွင်းအားအပြင်အဆင်သစ်များနှင့် ထပ်တိုးမွမ်းမံထားပြီး ပိုပေါ်လွင်ဆန်းသစ်အောင် ဖန်တီးထားပါသည်။
ကားတွင် အမြင်အာရုံကို အဖမ်းစားနိုင်ဆုံးက အသစ်မွမ်းမံထားသော ကားအရှေ့အလယ်ပိုင်းနှင့် အရှေ့ဘမ်ပါဧရိယာတိုဖြစ်ပါသည်။
ကားရှေ့မျက်နှာစာက ရှဲလ် (Grille) အရွယ်အစားကတော့ TSR မိုဒယ်ထက် နည်းနည်းပိုကြီးပြီး ကားရှေ့မျက်နှစာ၏ အနိမ့်ဆုံးက Splitter များဆီအထိ ရှဲလ်ဧရိယာကိုချဲ့ထွင်ဖန်တီးထားပါသည်။
Splitter တွေကိုလည်း ထပ်တိုးမွမ်းမံထားပြီး ကားအရှေ့ဘက်အထိ အများကြီးချဲ့ကားမထားသော်လည်း ဘေးဘက်က ခံ့ညားလှပသော လေစုပ်ပေါက်များကို ထည့်သွင်းထားပါသည်။
ထိုကဲ့သို့ ဒီဇိုင်းသစ်သည် အရှေ့ဘက်မြေဝပ်အားကို ကောင်းစေသလို ကားကိုယ်ထည်အောက်ဘက်ကို တိုက်ရိုက်လေစီးဆင်းစေပြီး ကားအရှေ့ကနေအနောက်အထိ မြေဝပ်အားကို တိုးတက်ကောင်းမွန်စေပါသည်။
အဆင့်မြှင့်တင်မွမ်းမံထားသော ရှေ့ဘမ်ပါနှင့် ကားရှေ့ဘီး လေပေါက်များသည် ကားဘီးဝန်းကျင်က လေကို တည်ငြိမ်နေစေပါသည်။
ထူးခြားသော Zenvo ကားရှေ့မီးများကိုလည်း အသစ်မွမ်းမံထားရာတွင် အပေါ်ဘက် ထောင့်စွန်းက ကားမီးအုံ ဒီဇိုင်းသစ်တွင် သေးငယ်သော LED ကားမီးလေးများ ထပ်တိုးတပ်ဆင်ထားပြီး ကားမီးခွက်အုံကြီးတစ်ခုလုံးကို ကာဗွန်ဖိုင်ဘာသားနှင့် ဖန်တီးထားပါသည်။
ထို့ပြင်ကားမှာ Bi-LED နည်းပညာနှင့် တရွတ်ဆွဲမှုကို လျှော့ချပေးမည့် လေစုပ်ပေါက်များလည်း ပါဝင်ပါသည်။
ကားရှေ့စက်ဖုံးပေါ်က အရွယ်အစားကြီးမားသော လေစုပ်ပေါက်များသည် ပြိုင်ပွဲဝင်ဗားရှင်းတုန်းကဲ့သို့ မပြောင်းမလဲရှိနေသေ်ာလည်း လေစုပ်ပေါက်နှစ်ခု၏ အလယ်က ဧရိယာကိုတော့ ကာဗွန်ဖိုင်ဘာသားနှင့် ဖန်တီးတည်ဆောက်ထားပါသည်။
ထိုကာဗွန်ဖိုင်ဘာသား ဧရိယာနှင့် ကားဘမ်ပါတို့ကိုတော့ လိမ္မော်ရောင် အစင်းလိုင်းခပ်သေးသေးနှင့် ပေါင်ခတ်အနားသတ်ပေးထားပါသည်။
ကားဘီးများကလည်း TSRလို ပြိုင်ပွဲသုံးမဟုတ်ဘဲ ထူးခြားကွဲပြားသော ကားဘီးဒီဇိုင်းနဲ့ လမ်းပေါ်မောင်းကားသုံးတာယာများကို အစားထိုးတပ်ဆင်ထားပါသည်။
ကားအနောက်ဘက်မှာ TSR အပြင်အဆင်တွေနဲ့ ခပ်ပါးပါးထပ်တိုးထားတဲ့ လေခွင်းအပြင်အဆင်သစ်တွေပါတဲ့ ဒီဇိုင်းသစ်တွေ ရောနှောနေပါသည်။
အထင်ရှားအသိသာဆုံး ထူးခြားချက်က TSR-S မိုဒယ်အတွက် အထူးဖန်တီးထားတဲ့ ကာဗွန်ဖိုင်ဘာသား လေပင့်အားထိန်းတောင်ပံကြီးပဲဖြစ်ပြီး ကားခေါင်မိုးလောက်အထိ မြင့်မားပါသည်။
Zenvo ကနေ Centripetal လို့အမည်ပေးထားတဲ့ ထိုတောင်ပံကြီးသည် ခပ်ကွေးကွေးအသွင်ရှိတာကြောင့် လမ်းပေါ်မောင်းကားလား၊ ပြိုင်ပွဲဝင်ကားလားဆိုတာ ခွဲခြားရခက်ပါသည်။
နောက်ထပ်ထူးခြားချက်တစ်ခုက ကား နောက်ဖုံးတစ်ခုလုံးကို နေရာယူထားတဲ့ LMP1 ပုံစံ Air Scoop ကြီးသာ ဖြစ်ပါသည်။
Diffuser ကလည်း TSR နဲ့ ဆင်တူပေမဲ့ ခပ်ပါးပါး မွမ်းမံထားတာကြောင့် ကားအောက်ပိုင်းလေစီးဆင်းမှုကို ပိုကောင်းစေပြီး တည်ငြိမ်မှုကိုလည်း ပိုတိုးစေပါသည်။
ကားနောက်မီးတွေမှာတော့ ကိုယ်ထည်အလေးချိန်လျှော့ချဖို့အတွက် မီးအုံတစ်ခုတည်းပဲ တပ်ဆင်ထားပါသည်။
ကားကိုယ်ထည်တစ်ခုလုံးနီးပါးကို ကာဗွန်ဖိုင်ဘာသားတွေနဲ့ တည်ဆောက်ထားပြီး အောက်ခံထည်ကိုတော့ ပေါ့ပါးကြံ့ခိုင်တဲ့ အလူမီနီယမ်နဲ့သံမဏိတို့ ပေါင်းစပ်ဖန်တီးထားပါသည်။
TSR-S ပြိုင်ကားသစ်မှာ TSR ကဲ့သို့ 5.8 Liter V8 Twin-Supercharged အင်ဂျင်တပ်ဆင်ပေးထားပေမဲ့ မြင်းကောင်ရေ 1177 အား အထိ ထုတ်လုပ်ပေးနိုင်တာကြောင့် TSR ထက် စွမ်းအင်ပိုများပါသည်။
TSR နှင့်မတူသော TSR-S ၏ အထူးခြားဆုံးအချက်ကတော့ ပြောင်းလဲထွက်ရှိနေတဲ့ စွမ်းအင်တွေအတွက် Performance Setting ကို Manual နည်းနဲ့ ပြောင်းလဲချိန်ညှိနိုင်ခြင်းဖြစ်ပါသည်။
အင်ဂျင်က ထုတ်လုပ်ပေးလိုက်တဲ့ စွမ်းအင်တွေကို Paddle-Shift ဂီယာ ခုနစ်ချက်ကနေတစ်ဆင့် ကားဘီးတွေဆီ ပို့လွှတ်မောင်းနှင်စေမည်ဖြစ်ပါသည်။
ကား၏ အမြင့်ဆုံးအမြန်နှုန်းက တစ်နာရီကို ၂ဝ၂ မိုင်နှုန်းဖြစ်ပြီး ၂ ဒသမ ၈ စက္ကန့် အတွင်းမှာ သုညမိုင်ကနေ တစ်နာရီ ၆၂ မိုင်နှုန်းရောက်အောင် အရှိန်မြှင့့််တင်နိုင်ပါသည်။
နှစ်ယောက်စီး ကားအတွင်းခန်းကတော့ ပြိုင်ကားဆန်ဆန် အတော်လေးရိုးရှင်းပြီး ကားမောင်းသူအသုံးပြုရတာ လွယ်ကူအဆင်ပြေစေဖို့ ဦးစားပေးဖန်တီးထားပါသည်။