2018 Rolls-Royce Dawn Aero Cowling


ကမ္ဘာကျော် ဇိမ်ခံကားကုမ္ပဏီကြီး Rolls-Royce သည် ၂ဝ၁၃ ခုနှစ်မှာ Ghost ကားမိုဒယ်၏ ပလက်ဖောင်းကို အသစ်မွမ်းမံပြီး ကုမ္ပဏီ၏ ပထမဆုံး တံခါးနှစ်ပေါက်နှင့် Coupe ကိုယ်ထည်ပုံစံ ခရီးဝေးမောင်းဇိမ်ခံကားမိုဒယ် Wraith ကို ဖန်တီးခဲ့ပါသည်။

နောက် ၂ နှစ်အကြာမှာတော့ အမိုးဖွင့်ဇိမ်ခံကားမိုဒယ်သစ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီး Wraith ကားကိုယ်ထည်ပုံစံ အမိုးဖွင့်ဗားရှင်း ကို Dawn ဟု မိုဒယ်အမည်သစ် မှည့်ခေါ်ခဲ့ပါသည်။

၂ဝ၁၈ ခုနှစ်မှာတော့ ယခင်ကဲ့သို့ သမားရိုးကျ လေးယောက်စီးအတွင်းခန်းအစား နှစ်ယောက်စီးဇိမ်ခံပြိုင်ကားပုံစံ အသွင်ပြောင်းလဲ၍ရအောင် ထပ်တိုးမွမ်းမံထားသော Dawn Aero Cowling မိုဒယ်သစ်ကို ထိုနှစ် ဂျီနီဗာကားပြပွဲကြီးမှာ တရားဝင်ပွဲထုတ်ပြသခဲ့ပါသည်။

ကုမ္ပဏီ၏ အဆိုအရ လှပသက်ဝင်လွန်းသော ကားကိုယ်ထည်ဒီဇိုင်းကြောင့် ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံး Drophead(အမိုးဖွင့်) ပြိုင်ကားဟု တင်စားခေါ်ဝေါ်ကြသော Dawn Aero Cowling ကို စတိုင်ကျလှပမှုကိုရော တကယ့်လက်တွေ့ကျကျအသုံးဝင်မှုကိုပါ လိုချင်သည့် ကားဝယ်သူဖောက်သည်များ၏ အလိုဆန္ဒအတိုင်း ဖန်တီးတည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။

Dawn Aero Cowling မိုဒယ်သစ်ကိုလည်း Rolls-Royce အထူးထုတ်ကား မိုဒယ်များ၏ ထုံးစံအတိုင်း အရေအတွက်များများ ထုတ်လုပ်မှာမဟုတ်ပေ။

2018 Rolls-Royce Dawn Aero Cowling ၏ ဈေးကို အတိအကျမသိရသေးသော်လည်း ကျွမ်းကျင်သူများကတော့ ပုံမှန် Dawn မိုဒယ်၏ အမေရိကန်ဒေါ်လာ သုံးသိန်းခွဲ နီးပါးရှိသည့်ဈေးထက် အနည်းဆုံးဒေါ်လာတစ်သောင်းခန့်သာ ပိုများမည်ဟု ခန့်မှန်းထားကြပါသည်။

အမိုးဖွင့်ပုံစံဖြစ်ခြင်းကလွဲလျှင် Rolls-Royce Wraith မိုဒယ်နှင့် ကိုယ်ထည်ပုံစံချင်း သိပ်မကွာခြားလှသော Dawn Aero Cowling ဇိမ်ခံကားသစ်ကို Rolls-Royce ကားများ၏ ထုံးစံအတိုင်း အပြစ်အနာအဆာကင်းသော တည်ဆောက်ရေးပညာ၊ အဆင့်မြင့်တင့်တယ်သည့် ဒီဇိုင်းပုံစံများနှင့် အလှပဆုံးဖန်တီးထားပါသည်။

ကားကိုယ်ထည်မှာ ပေါ့ပါးကြံ့ခိုင်သော ကာဗွန်ဖိုင်ဘာသားနှင့် အလူမီနီယမ်တို့ကို အဓိကအသုံးပြုထားခြင်းကြောင့် Rolls-Royce ကားများထဲတွင် အတော်လေး အလေးချိန်ပေါ့ပါးသည့် ကားတစ်စီးဟု ဆိုနိုင်ပါသည်။

ကားရှေ့မျက်နှာစာသည် မြင်တွေ့နေကျ Rolls-Royce ကားများကဲ့သို့ ထုထည်ကြီးမားခံ့ညားပြီး အဆင့်မြင့်လှပသောကောက်ကြောင်း လက်ရာ၊ ထည်ဝါသည့် Rolls-Royce ပင်တိုင်ရှဲလ် (Grille)၊ ရှဲလ်၏ အထက်က ရုပ်ကြွလိုဂိုရုပ်တု၊ ကားရှေ့မီးကြီးများနှင့် နှင်းခွဲမီးများကို ယခင်ကဲ့သို့ ထည့်သွင်းထားပါသည်။

ကာက်ကြောင်းငြိမ်သက်သော ကားဘေးဘက်က သိသာထင်ရှားသည့် ကားဘီးခုံးများအောက်တွင် ပြောင်လက်တောက်ပနေသော၂၁ လက်မအရွယ် အလွိုင်းဘီးများ တပ်ဆင်ထားပါသည်။

ကားအနောက်ဘက်ကိုလည်း သစ်လွင်သော ကားနောက်မီး၊ Rolls-Royce အမှတ်တံဆိပ်လိုဂို R စာလုံး၊ ခရိုမီယမ်ရောင် အိပ်ဇောပိုက်များနှင့် ယခင်လို ရိုးရိုးရှင်းရှင်းသာ ဖန်တီးထားပါသည်။

အထူးခြားဆုံး ပြောင်းလဲသွားသည်မှာ ကားခေါင်မိုးနှင့် ကားရှေ့ထိုင်ခုံများ၏ အနောက်ဘက်ဧရိယာသာ ဖြစ်ပါသည်။

ကားခေါင်မိုး မပါတော့သည့် Dawn Aero Cowling ကားသစ်မှာတော့ ရှေ့ထိုင်ခုံများ၏ အနောက်ဘက်ဧရိယာမှာ ကားရှေ့ထိုင်ခုံများနှင့် အရောင်အသွေးတူတူဖန်တီးထားသော ခုံးမိုးပုံစံအရာ နှစ်ခုပါဝင်ပါသည်။

ထို့ထက် ပိုထူးခြားသည်မှာ ထိုခုံးမိုးများကို ဖွင့်လို့ရသည့် အဖုံးများကဲ့သို့ အရှင်ဖန်တီးထားသည့် အချက်ဖြစ်ပါသည်။

ထိုခုံးမိုးပုံစံ အဖုံးနှစ်ခုကို ပိတ်ထားချိန်တွင် ကားသည် နှစ်ယောက်စီးအမိုးဖွင့်ကားတစ်စီးအသွင်ဆောင်နေပြီး အဖုံးနှစ်ခုကို ဖွင့်လိုက်မည်ဆိုရင်တော့ ကားနောက်ခန်းထိုင်ခုံနှစ်ခုအဖြစ် ပေါ်ထွက်လာမည်ဖြစ်ပါသည်။

ကားနောက်ခန်းထိုင်ခုံများကို ကာဗာလုပ်ထားသော ထိုအဖုံးများသည် အမိုးဖွင့်ပြိုင်ကားများတွင် ပါဝင်လေ့ရှိသည့် ခုံးမိုးပုံစံ Flying Buttress အစစ်များကဲ့သို့ ကားကိုယ်ထည်၏ လေစီးဆင်းမှုကို အထောက်အကူဖြစ်စေသောကြောင့် ကားအတွင်းကို ပိုပြီးဇိမ်ကျသက်သာမှုရစေပါသည်။

တံခါးနှစ်ပေါက်ဇိမ်ခံကားသစ် Dawn Aero Cowling သည် နောင်တော် Dawn မိုဒယ်နှင့် ကိုယ်ထည် ပုံစံချင်း အတော်လေးကွဲပြား ပြောင်းလဲသွားသော်လည်း စက်ပိုင်းဆိုင်ရာနှင့် စွမ်းဆောင်ရည်မှာ ကွာခြားမှု မရှိပေ။

ထို့ကြောင့် ကားမှာ အရင်လို မြင်းကောင်ရေ ၅၇ဝ အား V12 အင်ဂျင်ကိုပဲ တပ်ဆင်ပေးထားပါသည်။

နှစ်ယောက်စီးကားအသွင် ဖန်တီးထားပေမဲ့ လိုအပ်ရင် လူလေးယောက်အထိ လိုက်ပါစီးနင်းနိုင်သော ကားအတွင်းခန်းတွင် ကားထိုင်ခုံများကို အကောင်းစား Casden Tan Leather နှင့် ဖန်တီးမွမ်းမံထားပြီး အညိုနှင့်အနက် နှစ်ရောင်ကို ရောစပ်ဖန်တီးထားပါသည်။

ထိုင်ခုံအဖုံးလို့ဆိုရမည့် ကိုတော့ ကာဗွန်ဖိုင်ဘာနှင့် ရောစပ်ထားသော်လည်း Leather နဲ့ မွမ်းမံထားပါသည်။

 

Read 829 times