ပုံစံသစ်ဖြင့် ဒီဇိုင်းအဆန်းများ များစွာပါဝင်သည့် 2018 Peugeot 508 GT Sedan


ပြင်သစ်ကားကုမ္ပဏီတစ်ခုဖြစ်သည့် Peugeot သည် ၂ဝ၁၁ ခုနှစ်ကတည်းက ထုတ်လုပ်ဈေးကွက်တင်ခဲ့သည့် အကြီးစားမိသားစုစီးကားမိုဒယ် ၅ဝ၈ ၏ ဒုတိယမျိုးဆက်ကို ၂ဝ၁၈ ခုနှစ် ဂျီနီဗာကားပြပွဲကြီးမှာ တရားဝင်ပွဲထုတ်ပြသခဲ့ပါသည်။

၂ဝ၁၇ ခုနှစ်က ပွဲထုတ်ခဲ့ဖူးသည့် Shooting Brake Concept မိုဒယ်ကို မှီငြမ်းဖန်တီးထားသော ၅ဝ၈ မိုဒယ်သစ်ကို ငြီးငွေ့စရာ သမားရိုးကျဆီဒန်ပုံစံမှ ခွဲထွက်ပြီး Coupe ကားကိုယ်ထည်ဆန်ဆန် တံခါးလေးပေါက်ဆီဒန်ကားအဖြစ် အဆင့်မြင့်လှပအောင် အသစ်မွမ်းမံဖန်တီးထားပါသည်။

ကိုယ်ထည်ပုံစံပိုလှပသော်လည်း စွမ်းဆောင်ရည်ကိုလည်း မလျော့ကျစေဘဲ လုံခြုံရေးအစီအမံများ ထပ်တိုးတပ်ဆင်ပေးထားသည့် 2018 Peugeot 508 မိုဒယ်သစ်ကို Trim Level အမျိုးမျိုးနှင့် ရရှိနိုင်ပြီး အဆင့်အမြင့်ဆုံးကတော့ 508 GT ဖြစ်ပါသည်။

Peugeot 508 ဆီဒန်ကားသစ်ကို ဓာတ်ဆီအင်ဂျင်နှစ်မျိုးနှင့် ဒီဇယ် အင်ဂျင်လေးမျိုး စုစုပေါင်းအင်ဂျင်ခြောက်မျိုး ရွေးချယ်ရရှိနိုင်ပြီး အင်ဂျင် အပေါ်မူတည်လို့ မြင်းကောင်ရေ ၁၃ဝ အားကနေ ၂၂၅ ကောင်အားအထိ ထုတ်လုပ်ပေးနိုင်ပါသည်။

အခြေခံ 508 မိုဒယ်မှာ မြင်းကောင်ရေ ၁၈ဝ အား 1.6 Liter ဓာတ်ဆီအင်ဂျင် တပ်ဆင်ထားပြီး အဆင့်အမြင့်ဆုံးနှင့် စွမ်းဆောင်ရည်အကောင်းဆုံးဟု ဆိုရမည့် 508 GT ၏ အင်ဂျင်ကတော့ မြင်းကောင်ရေ ၂၂၅ ကောင်အားအထိ ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပါသည်။

အင်ဂျင် အားလုံးကို Auto ဂီယာရှစ်ချက်နှင့် တွဲဖက်တပ်ဆင်ထားပါသည်။

မောင်းနှင်မှုအပိုင်းကို ပြောရမည်ဆိုလျှင် 508 မိုဒယ်သစ်သည် ယနေ့ခေတ်၏ အကောင်းဆုံး ပလက်ဖောင်းများထဲက တစ်ခုလို့ဆိုရမည့် EMP2 ပလက်ဖောင်းလိုမျိုး Peugeot PSA လုပ်ငန်းစုက ထုတ်ဖော်ဖန်တီးထားသည့် နည်းပညာနှင့် ကျွမ်းကျင်မှုများကို လက်ခံရရှိထားခြင်းကြောင့် စွမ်းအား ပြည့်ဝသွက်လက်မှုရှိပြီး အလေးချိန်လည်းလျော့နည်းရုံမကဘဲ ဆီစားနှုန်း ပိုနည်းသလို လုံခြုံရေးနှင့် စွမ်းဆောင်ရည်တို့လည်း ပိုကောင်းမွန်ပါသည်။

ကိုယ်ထည်ဂဟေဆက်သည့် နည်းပညာသစ်ကို မိတ်ဆက်အသုံးပြုထားပြီး ကားကို ပိုကျစ်လျစ်ကြံ့ခိုင်စေပါသည်။

ယခင်မိုဒယ်နှင့်မတူဘဲ ပိုထူးခြားဆန်းသစ်သည့် 508 ဆီဒန်ကားသစ်သည် ယခင် Concept ကား၏ အလန်းစားဒီဇိုင်းများကို ပေါင်းစပ်ပြီး ကိုယ်ထည်အရွယ်အစားပိုသေးသော ဒီဇိုင်းအသွင်သစ်ကို ပိုင်ဆိုင်ထားပါသည်။

ကိုယ်ထည်ပိုသေးငယ်ပြီး ပိုလည်းနိမ့်သည့် ၅ဝ၈ မိုဒယ်သစ်၏ ကိုယ်ထည်သည် မြင်မြင်ချင်းမှာတင် ထင်သာမြင်သာရှိပြီး စွမ်းအားပြည့်ဝဟန်လည်း ပေါက်ပါသည်။

ကားကိုယ်ထည်၏ အလျားရော အနံရောသည် ယခင်မိုဒယ်ထက် ပိုတိုပြီး ကိုယ်ထည်ကလည်း ယခင်ထက်ပိုနိမ့်သည့် ခပ်ဝပ်ဝပ် အနေအထားမျိုးရှိပါသည်။

ကားရှေ့မျက်နှာစာမှာ ဗြက်ကျယ်သည့် အလန်းစားရှဲလ် (Grille) ဒီဇိုင်း၊ ရှည်လျားကျယ်ပြန့်သည့် လေစုပ်ပေါက်များနှင့်အတူ ဆွဲဆောင်အားကောင်းသည့် အရှေ့အလယ်ပိုင်းဒီဇိုင်းကို  တွေ့မြင်ရမည်ဖြစ်ပါသည်။

သွယ်လျလှပသော ကားရှေ့မီးများကိုလည်း ရှဲလ်နှင့် တစ်ဆက်တည်းလို ဖန်တီးထည့်သွင်းထားပါသည်။

ကားအရှေ့ဘက် ထောင့်စွန်းနေရာများတွင် လေစုပ်ပေါက်ပုံစံအတုအစား ခပ်ခွက်ခွက်မျက်နှာပြင်ပုံစံမျိုးကို ထည့်သွင်းထားခြင်းကြောင့် ကိုယ်ထည်ကောက်ကြောင်းများကို ပိုထင်ရှားသိသာစေပြီး ကားရှေ့မီးအုံတစ်ခုစီမှ လေစုပ်ပေါက်ဆီအထိ အောက်ဘက်ကို ဒေါင်လိုက်ဖြာကျနေသော LED ကားမီးများကလည်း ကား၏ အသွင်ကို ပိုပြီး ဆန်းပြားသစ်လွင်စေပါသည်။

ထင်ရှားပေါ်လွင်သော ကားဘေးဘက်က အလယ်ကောက်ကြောင်းလိုင်းသည် ကားမီးအုံဆီအထိ မရောက်သော်လည်း ကားတံခါးလက်ကိုင်ဝန်းကျင်က ကောက်ကြောင်းဒီဇိုင်းသည် ကား၏အသွင်ကို အဆင့်မြင့်မြင့် ပေါ်လွင်လှပစေပါသည်။

ခပ်ခွက်ခွက်မျက်နှာပြင်နေရာမှာ ကားအနောက်ဘက်ပိုင်းကို ရှိရင်းစွဲထက်ပိုပြီး တောင့်တင်း ကြံ့ခိုင်ဟန် ပေါက်စေပါသည်။

အဆင့်မြင့်စတိုင်လ်ကျသည့် ကားအနောက်ဘက်မှာလည်း သုံးခုတွဲကားနောက်မီးများသည် ကား၏ ဇိမ်ခံကားအသွင်ကို ပေါ်လွင်စေပြီး Rear Diffuser ဒီဇိုင်းကတော့ ပြိုင်ကားတစ်စီး၏ အသွင်ကို ခပ်ပါးပါး ရယူထားပါသည်။

ကားနောက်ဖုံးစွန်းက လေပင့်အားထိန်းတောင်ပံငယ်သည် သမားရိုးကျဆီဒန်ကားများထက် ပိုသိသာထင်ရှားပြီး တောက်ပသည့် ခရိုမီယမ်ရောင်အိပ်ဇောပိုက်များသည်လည်း ပြိုင်ကားဆန်သော အသွင်ကို ပိုပြီးပြည့်စုံသွားစေပါသည်။

ကားရှေ့မျက်နှာစာက ရှဲလ်ကွက်များပေါ်မှာရော ကားနောက်မီးများကြားက အနက်ရောင်ဧရိယာပေါ်မှာပါ Peugeot အမှတ်တံဆိပ်လိုဂိုရုပ်ကို တပ်ဆင်ပေးထားပြီး ထူးခြားချက်ကတော့ ရှေ့မျက်နှာစာရှဲလ်၏ အထက်နားမှာ 508 ဆိုသည့် မိုဒယ်လိုဂိုကို ခရိုမီယမ်ရောင်စာလုံးကြီးများနှင့် တပ်ဆင်ထားခြင်းဖြစ်ပါသည်။

ထိုကဲ့သို့ မိုဒယ်လိုဂို ရေးထိုးတပ်ဆင်ထားခြင်းသည် Peugeot 504 နှင့် 504 Coupe တို့ကို အလေးအမြတ်ပြုကာ မှီငြမ်းဖန်တီးထားခြင်းဖြစ်ပါသည်။

508 ဆီဒန်ကားသစ်၏ ဇိမ်ကျလွန်းသည့် အတွင်းခန်းတွင် Nappa Leather နှင့် Alcantara တို့လို အဆင့်မြင့်အသုံးအဆောင်များ အသုံးပြုထားပြီး GT Trim မှာဆိုလျှင် မီးခိုရောင်ဝက်သစ်ချသား အပြင်အဆင်ကိုပါ ရွေးချယ်ရရှိနိုင်ပါသည်။

ကားအတွင်းခေါင်မိုးမှာလည်း မြင်ကွင်းကျယ်ဝန်းသော Panoramic Sunroof နှင့် အရည်အသွေးမြင့် FOCAL အသံစနစ်များ ပါဝင်ပါသည်။

အထူးခြားဆုံးမှာ 508 ဆီဒန်ကားသစ်၏ စတီယာရင်သည် လက်ရှိဈေးကွက်ထဲက အပေါ့ပါးအသွက်လက်ဆုံး စတီယာရင်များထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး စတီယာရင်၏ ထိပ်ကိုရော အောက်ခြေကိုပါ ခပ်ပြားပြား Flat ပုံစံ ဖန်တီးထားပါသည်။

508 မိုဒယ်သစ်မှာ အသစ်ထပ်တိုးထားသည့် လုံခြုံရေးအစီအမံများပါဝင်ပြီး ထိုကားကဲ့သို့ အတန်းအစား ကားမျိုးများထဲတွင် ပထမဆုံးအဖြစ် Night Vision System ကိုလည်း ထည့်သွင်းပေးထားပါသည်။

ထို့ပြင် Stop & Go Function ပါဝင်သော Adaptive Cruise Control ၊ Peugeot ကားမိုဒယ်များထဲတွင် ပထမဆုံး App ဟုဆိုရမည့် Lane Positioning Assist ၊ နောက်ဆုံးပေါ် Active Safety Brake နှင့် Distance Alert ၊ Driver Attention Alert ၊ Speed Limit Recognition နှင့် Active Blind Spot Monitoring System များကဲ့သို့ ခေတ်မီအဆင့်မြင့်သော လုံခြုံရေး နည်းပညာအစုံအလင်ကိုလည်း တပ်ဆင်ပေးထားပါသည်။

၂ဝ၁၈ မိုဒယ် Peugeot 508 ဆီဒန်ကားသစ်၏ ဈေးကို Trim Level အလိုက် အမေရိကန်ဒေါ်လာ ၃၃,၇၁၃ နှင့်အထက် သတ်မှတ်ထားရာမှာ အဆင့်အမြင့်ဆုံး 508 GT ၏ ဈေးကတော့ ဒေါ်လာ ၄၆,၅၁၆ နှင့်အထက် ဖြစ်ပါသည်။

ဇိမ်ခံဆီဒန်ကားဈေးကွက်မှာ 2018 Peugeot 508 နှင့် အဓိကပြိုင်ဘက်များ ဖြစ်လာမှာကတော့ Skoda Superb နှင့် Honda Accord များသာဖြစ်ပါသည်။

 

Read 707 times