Mustang GT Premium ထက် ပိုဖျတ်လတ်သလို စွမ်းဆောင်ရည်လည်း ပိုကောင်းသော 2018 Ford Mustang Bullitt


ခေတ်အဆက်ဆက် အထင်ကရအဖြစ်ဆုံး Mustang ပြိုင်ကားများထဲတွင် တစ်စီးအပါအဝင်ဟု ဆိုရမသည့် Bullitt ကားမိုဒယ်သည် နာမည်ကျော် ဟောလိဝုဒ် မင်းသားကြီး စတိဗ်မက်ကွင်းန် ပါဝင်သော Bullitt(1968) ရုပ်ရှင်ဇာတ်လမ်းထဲမှာ ရုပ်ရှင်သမိုင်းကြောင်းတစ်လျှောက် အကောင်းဆုံး ကားစွန့်စား မောင်းနှင်ခန်းအတွက် ပါဝင်အသုံးတော်ခံခဲ့ပါသည်။

ဆယ်စုနှစ်ငါးခုကျော် ကြာပြီးနောက်မှာတော့ ဈေးကွက်ထဲမှာ Bullitt ပြိုင် ကားလေး အသစ်တစ်ဖန်ရောက်ရှိရန် အကြောင်းဖန်လာပါသည်။

Ford ကားကုမ္ပဏီသည် Bullitt ရုပ်ရှင်၏ နှစ်ငါးဆယ်ပြည့်အထိမ်းအမှတ်အဖြစ် Mustang Bullitt ပြိုင်ကားမိုဒယ်ကို လွန်ခဲ့သောနှစ်များစွာကတည်းက စတင်ပြင်ဆင်ခဲ့ပြီး ၂ဝ၁၈ ခုနှစ်၏ ဒိထရွိုက် ကားပြပွဲမှာ ကနဦးကားမိုဒယ်နှင့်အတူ ပွဲထုတ်ပြသခဲ့ပါသည်။

မူလကားမိုဒယ်၏ ခြေရာကို နင်းနိုင်သော Mustang Bullitt ပြိုင်ကားသစ်သည် Mustang GT ကို အခြေခံထားခြင်းဖြစ်ပြီး ကားအတွင်းရော အပြင်မှာပါ ထူးခြားသည့် ဒီဇိုင်းအပြင်အဆင်များ ဖန်တီးထားသော်လည်း လက်တွေ့တွင် GT ထက် ပိုဖျတ်လတ်သလို စွမ်းဆောင်ရည်လည်း ပိုကောင်းပါသည်။

2018 Ford Mustang Bullitt ပြိုင်ကားသစ်ကို ၂ဝ၁၈ ခုနှစ် နွေရာသီမှာပဲ ဈေးကွက်တင်ရောင်းချမှာဖြစ်ပြီး ဈေးကိုတော့ အမေရိကန်ဒေါ်လာ ၄၆,၅၉၅ နှင့်အထက် သတ်မှတ်ထားပါသည်။

ထိုနှုန်းထားသည် Mustang GT Premium မိုဒယ်ထက်တောင် ဈေးပိုကြီးပါသည်။

မကြာသေးခင်ကမှ ပွဲထုတ်ခဲ့သည့် ၂ဝ၁၈ မိုဒယ် Mustang ပြိုင်ကားကိုပဲ အခြေခံတည်ဆောက်ထားသော Bullitt ကားမိုဒယ်သစ်မှာ အထူးခြားဆုံးကတော့ အသစ်မွမ်းမံထားသည့် LED ကားရှေ့မီးများ၊ ပုံစံအသစ် ပြောင်းလဲထားသော ရှေ့မျက်နှာစာ ရှဲလ်(Grille) ၊ Diffuser ဒီဇိုင်းသစ်နှင့် အသစ်ဖန်တီးထားသော ကားနောက်မီးပုံစံသစ်များဖြစ်ပါသည်။

သို့သော် Bullitt ပြိုင်ကားသစ်မှာ သူ့၏ မူပိုင်ဒီဇိုင်းသစ်များလည်း ပါဝင်ပြီး အဓိကအနေနှင့် ရုပ်ရှင်ထဲမှာ ပါဝင်ခဲ့သော မူလပြိုင်ကား၏ ဒီဇိုင်းအပြင်အဆင်များကိုသာ အခြေခံထားခြင်းဖြစ်ပါသည်။

ကားရှေ့ မျက်နှာစာမှာ အနက်ရောင်ဆန်ခါကွက်များနှင့် ပျားအုံကွက် ဒီဇိုင်းရှဲလ်ပုံစံသစ်ကို တွေ့မြင်နိုင်ပါသည်။

ရှဲလ်မှာ အမှတ်တံဆိပ်လိုဂို တပ်ဆင်မထားသော်လည်း ရှဲလ်အပေါ်ဘက်ပေါင်မှာ ခရိုမီရောင်များကို ခပ်ပါးပါး အသားပေး ထည့်သွင်းထားပါသည်။

မူလကားမိုဒယ်ကိုသာ အခြေခံထားသော ကားဘေးဘက်မှာတော့ မူလမိုဒယ်တုန်းက တွေ့မြင်ခဲ့ရသည့် သမားရိုးကျ Torque Thrust Wheel ဒီဇိုင်းနှင့် ၁၉ လက်မအရွယ် အလူမီနီယမ်ဘီးများ တပ်ဆင်ထားပါသည်။

ကားဘီးမှာ တွဲဖက်တပ်ဆင်ထားသော အနီရောင် ဘရိတ်တုံးကတော့ ယခင်နှင့်မတူသော ခေတ်သစ် အပြင်အဆင်တစ်ခုဖြစ်ပါသည်။

ကားအနောက်ဘက်မှာ Diffuser ကို အသစ်မွမ်းမံပြင်ဆင်ထားပြီး ထူးခြားလှပသော ကားနောက်ဘီးများကြား ကားနောက်ဘက်စွန်း၏ အလယ်မှာတော့ ဆီတိုင်ကီဖုံးအဝိုင်းအောက်ခံနှင့် Bullitt အမှတ်တံဆိပ်လိုဂိုကို အထင်အရှား တပ်ဆင်ပေးထားပါသည်။

ကားအနောက်ဘက်၏ အနိမ့်ဆုံးနေရာမှာတော့ အနက်ရောင် NitroPlate အိပ်ဇောပိုက် ဒီဇိုင်းသစ်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။

Bullitt ပြိုင်ကားသစ်ကို ကိုယ်ထည်အရောင်နှစ်မျိုးနှင့် ရရှိနိုင်ရာမှာ တစ်မျိုးက မူလကားမိုဒယ်လို အစိမ်းပုပ်ရောင်ဖြစ်ပြီး နောက်တစ်မျိုးကတော့ အနက်ရောင်ဖြစ်ပါသည်။

Bullitt ကားသစ်မှာ ယခင်မိုဒယ်ကဲ့သို့ GT အင်ဂျင်ကို ထပ်တိုးအဆင့်မြှင့့််တင်ပေးထားသော 5.0 Liter V8 အင်ဂျင် တပ်ဆင်ထားပြီး မြင်းကောင်ရေ ၄၈ဝ အားအထိ ထုတ်လုပ်ပေးနိုင်ခြင်းကြောင့် သမားရိုးကျ GT မိုဒယ်ထက် မြင်းကောင်ရေ နှစ်ဆယ်အား ပိုများပြီး V8 အင်ဂျင်ကိုတော့ Manual ဂီယာနှင့်သာ တွဲဖက်ပေးထားပြီး Auto ဂီယာ မပါဝင်ပေ။

ကား၏ အမြင့်ဆုံးအမြန်နှုန်းသည် တစ်နာရီကို ၁၆၃ မိုင်နှုန်း ဖြစ်သောကြောင့် GT ထက် တစ်နာရီ ရှစ်မိုင်နှုန်းပိုသာပြီး ပိုလည်းဖျတ်လတ်မြန်ဆန်ပါသည်။

နှစ်ယောက်စီး ကားအတွင်းခန်းမှာ GT ကားမိုဒယ်က ဒီဇိုင်းအပြင်အဆင်တချို့နှင့်အတူ ထူးခြားဆန်းသစ်သော အပြင်အဆင်များ ထည့်သွင်းတပ်ဆင်ထားပါသည်။

ကားမှာ Premium Package ကို တပ်ဆင်ထားခြင်းကြောင့် Leather အခင်းအကျင်း၊ Display ပိုကြီးသော Infotainment System ၊ အလူမီနီယမ်ခြေနင်းပြား၊ အဆင့်မြှင့်တင်ထားသော အသံစနစ်၊ လမ်းကြောင်းပြစနစ်၊ Adaptive Cruise Control နှင့် မိုးရွာခြင်းကို အာရုံခံလှုပ်ရှားမည့် ရေသုတ်တံတို့လို ခေတ်မီနည်းပညာအပြင်အဆင်များ ပါဝင်ပါသည်။

 

Read 747 times