ကမ္ဘာကျော်ပြိုင်ကားကုမ္ပဏီ Ferrari သည် ၂၀၁၆ ခုနှစ်တုန်းက Ferrari FF ပြိုင်ကား၏ ဆက်ခံသူမိုဒယ်သစ် GTC4 Lusso ကို တံခါးနှစ်ပေါက်နှင့် လေးယောက်စီး ခရီးဝေးမောင်းပြိုင်ကားအဖြစ် ပွဲထုတ်ခဲ့ပါသည်။
ထိုနောက်ပိုင်းတွင် GTC4 Lusso ၏ နောက်ဘီးယက်ဗားရှင်းအဖြစ် GTC4 Lusso T ကိုထပ်မံပွဲထုတ်ခဲ့ပါသည်။
စက်စွမ်းရည်ချင်း လုံးဝကွဲပြားသော GTC4 Lusso T ပြိုင်ကားအသစ်ကို ၂၀၁၆ ခုနှစ် ပါရီကားပြပွဲတွင်လည်း ပွဲထုတ်ပြသခဲ့ပြီး ၂၀၁၈ မိုဒယ်အဖြစ် စျေးကွက်တင်ရောင်းချရန် စီစဉ်ထားပါသည်။
Ferrari ၏ သမားရိုးကျ V12 အင်ဂျင်တပ် လေးယောက်စီး GT ပြိုင်ကားများနှင့် မတူဘဲ V8 အင်ဂျင်တပ် ပထမဆုံး လေးယောက်စီး Ferrari GT ပြိုင်ကားလည်းဖြစ်ပါသည်။
ထို့ပြင် Ferrari GTC4 Lusso T ကို ပြိုင်ကားဆန်ဆန်ပေါ့ပါးဖျတ်လတ်ပြီး အသုံးပြုရလွယ်ကူသော ပြိုင်ကာမျိုး၊ သို့မဟုတ် နေ့စဉ်မောင်းနှင်အသုံးပြုနိုင်သော ပြိုင်ကားမျိုးရှာဖွေနေသူများအတွက် အထူးရည်ရွယ်ဖန်တီး ထားပါသည်။
၂၀၁၈ မိုဒယ် Ferrari GTC4 Lusso T ၏ စျေးကို အခြေခံအနေနှင့် အမေရိကန်ဒေါ်လာ ၂၆၀၀၀၀ နှင့်အထက် သတ်မှတ်ထားပါသည်။
တံခါးနှစ်ပေါက်နှင့် GT ပြိုင်ကားသစ်လေး GTC4 Lusso T သည် V12 ဗားရှင်းကဲ့သို့ ကားနောက်ပိုင်း ခပ်မတ်မတ် ခပ်လျှောလျှော Shooting Brake Coupe ကိုယ်ထည်မျိုးဖြစ်ပြီး ဒီဇိုင်းအပြင်အဆင်များကလည်း ခပ်ဆင်ဆင်တူခြင်းကြောင့် ကိုယ်ထည်ပုံစံချင်း သိပ်မကွာခြားပေ။
ခပ်ဝပ်ဝပ်ကားကိုယ်ထည်ဟန်ကို အထင်းသားပေါ်လွင်စေသော ဗြက်ကျယ်ကျယ် ခပ်လျှောလျှော ကားရှေ့မျက်နှာစာသည် ရိုးရှင်းလှပပြီး ကားရှေ့ဘီးခုံထိပ်က ခပ်ကွေးကွေးရှည်ရှည် ကားရှေ့မီးများက အထင်းရှားဆုံး ဖြစ်ပါသည်။
ကားရှေ့စက်ဖုံးနှင့် ကားမီးများ၏ အောက်နားတွင် ခရိုမီယမ်ရောင်ဘားတန်းသုံးတန်းနှင့် အလျားလိုက်ရှဲလ် (Grille) ကြီးပါဝင်ပါသည်။
ရှဲလ်၏ အလည်တည့်တည့်တွင် Ferrari အမှတ်တံဆိပ် သင်္ကေတမြင်းရုပ်ပုံလေးကို အထင်အရှားတပ်ဆင်ပေးထားပါသည်။
ထို့အပြင် ကားစက်ဖုံးအစွန်းတွင်လည်း Ferrari အမှတ်တံဆိပ် လိုိုဂို တပ်ဆင်ထားပါသည်။
ရှဲလ်၏ အောက်ဘက် ထောင့်စွန်းတစ်ဖက်စီတွင် မြေဝပ်အားကောင်းစေမည့် Front Splitter ကို ပေါ်လွင်အောင် အရွယ်အစားကြီးကြီး ဖန်တီးထားပြီး ကိုယ်ထည်ရောင်အတိုင်း ဆေးခြယ်ပေးထားပါသည်။
ကားဘေးဘက်တွင် ပိုလက်ရာမြောက်သော အတွန့်အချိုး ကောက်ကြောင်းများကို ပိုမြင်သာပြီး ကားရှေ့ဘီးခုံးဧရိယာအစွန်းတွင် အနက်ရောင်သတ္တုပြားသုံးခုကို တရုတ်ကတ်သဖွယ် ထည့်သွင်းပေးထားသော လေစုပ်ပေါက်ပါဝင်ခြင်းကြောင့် ကားကို ပြိုင်ကားဆန်သော ရုပ်ထွက်မျိုး ပိုရစေပါသည်။
ထိုလေစုတ်ပေါက် အထက်နားတွင် Ferrari အမှတ်တံဆိပ်လိုဂိုကို ထပ်မံထည့်သွင်းထားပြီး ကားတံခါးအောက်ဘက်က Side Skirt ကို အနက်ရောင်ဆေးခြယ်ထားပါသည်။
ကားဘီးခုံများအောက်တွင် ဒီဇိုင်းဆန်းသစ်လှပသော လက်မနှစ်ဆယ်အရွယ်ကားဘီးများ တပ်ဆင်ပေးထားပါသည်။
အရွယ်အစားကြီးမားသော ခပ်မြင့်မြင့် ကားနောက်ဘီးခုံဧရိယာနှင့် ဗြက်ကျယ်သော ကားအနောက်ဘက်မှာ ပြိုင်ကားထက်စာလျှင် Hatchback ကားနှင့် ပိုပြီးဆင်တူနေပါသည်။
သို့သော် ထိုအချက်က ကားကို စွမ်းအားပြည့်ဝဟန်ပေါက်စေပြီး တခြားပြိုင်ကားများထက်လည်း တမူထူးခြားစေပါသည်။
ကားအနောက်ဘက်တွင် Ferrari ၏ ထုံးစံအတိုင်း ရိုးရှင်းလှပသော ကားနောက်မီးဝိုင်းများပါဝင်ပြီး ကားမီးများ၏ အလယ်တွင် Ferrari အမှတ်တံလိုဂိုပါဝင်ပါသည်။
ကြီးမားလှပသော နောက်ဘမ်ပါတွင် ရိုးရိုးရှင်းရှင်း အိပ်ဇောပိုက်ဝိုင်းများနှင့်အတူ အနက်ရောင် Rear Diffuser ဧရိယာကို ခံ့ခံ့ညားညား တွေ့မြင်နိုင်ပါသည်။
နောက်ဘီးယက်စနစ်သုံး ပြိုင်ကားသစ်လေး GTC4 Lusso T တွင် ဆင့်ကဲ မွမ်းမံထားသော မြင်းကောင်ရေ ခြောက်ရာအား 3.9 Liter Twin-turbo V8 အင်ဂျင်ကို Dual-Clutch Auto ဂီယာခုနှစ်ချက်နှင့် တွဲဖက်တပ်ဆင် ထားပါသည်။
ကား၏ အမြန်နှုန်းက တစ်နာရီကို ၁၉၉ မိုင်နှုန်းဖြစ်ပြီး အချိန် သုံးစက္ကန့်ခွဲအတွင်းတွင် သုညမိုင်မှ တစ်နာရီ ၆၂ မိုင်နှုန်းရောက်အောင် အရှိန်မြှင့်တင်နိုင်ပါသည်။
စွမ်းအင်ပြည့်ဝပြီး စွမ်းဆောင်ရည်လည်းကောင်းမွန်သော GTC4 Lusso T သည် ကိုယ်ထည်အလေးချိန် သိသိသာသာပေါ့ပါးခြငး်ကြောင့် သွက်လက်ဖျတ်လတ်ပြီး တုံ့ပြန်မှုမြန်ဆန်သကဲ့သို့ ခရီးဝေး မောင်းနှင်နိုင်ရန်အတွက် ဆီစားနှုန်းကလည်း အရင်ကထက်ပိုသက်သာပါသည်။
ကား၏ ဆီစားနှုန်းသည် မြို့တွင်းတွင် တစ်ဂါလန် ၁၅ မိုင်နှုန်းဖြစ်ပြီး အဝေးပြေးလမ်းတွင် တစ်ဂါလန် ၂၁ မိုင်နှုန်းအထိ အသုံးပြုမောင်းနှင်နိုင်ပါသည်။
GTC4 Lusso T ၏ လေးယောက်စီး အတွင်းခန်းတွင် ကားမောင်းသူရော လိုက်ပါစီးနင်းသော ခရီးသည်များပါ အလန်းစား ကားမောင်းနှင်မှု အတွေ့အကြုံကို ခံစားရရှိစေရန် အထူးဒီဇိုင်းထွင်ထားသော Dual Cockpit တည်ဆောက်ပုံကို အသုံးပြုထားပါသည်။