Ferrari ကုမ္ပဏီမှ အသစ်ထုတ်လုပ်လိုက်သော ပြိုင်ဘက်ကင်း 2018 Ferrari 488 Pista


နာမည်ကျော် ပြိုင်ကားကုမ္ပဏီ Ferrari သည် ၂ဝ၁၅ ခုနှစ်တွင် 458 ပြိုင်ကားကို အစားထိုးထားသည့် 488 မိုဒယ်သစ်ကို ထုတ်လုပ်ခဲ့ပြီး အပြောင်းအလဲအမျိုးမျိုးနှင့် 488 အထူးထုတ်မိုဒယ်တွေကိုလည်း ထပ်တိုးထုတ်လုပ်ခဲ့ပါသည်။

၂ဝ၁၈ ခုနှစ်၏ ဂျီနီဗာကားပြပွဲကြီးတွင် နောက်ဆုံးပေါ် 488 မိုဒယ်သစ် 488 Pista ကို ပွဲထုတ်ပြသခဲ့ပါသည်။

Pista ဆိုသည်မှာ အီတလီဘာသာစကားနှင့်ဆိုလျှင် ကားပြိုင်ကွင်းဟု အဓိပ္ပာယ်ရပြီး ကားပြိုင်ပွဲများတွင် ပြိုင်ဘက်ကင်းခဲ့သည့် Ferrari ၏ အမွေအနှစ်များကို တိုက်ရိုက်အလေးအမြတ်ပြု မှည့်ခေါ်ထားခြင်းဟုလည်း ဆိုနိုင်ပါသည်။

နာမည်ကျော် 488 GTE နှင့် 488 Challenge ပြိုင်ပွဲဝင်ကားများကို နမူနာယူဖန်တီးထားသည့် 488 Pista တွင် 488 GTB ထက် စွမ်းအားပိုပြည့်ဝကောင်းမွန်စေရန် စက်ပိုင်းဆိုင်ရာကိုရော ကိုယ်ထည်အစိတ်အပိုင်းများကိုပါ ထပ်တိုးမွမ်းမံထားပါသည်။ 

ထို့ပြင် 2018 Ferrari 488 Pista သည် ပြိုင်ကားဆန်ဆန် စွမ်းအားပြည့်ဝသွက်လက်မှုမှာရော ကားပြိုင်ပွဲနှင့်ဆိုင်သော နည်းပညာပိုင်းတွင်ပါ ယခင်ကထွက်ရှိခဲ့ဖူးသည့် Special Series များနှင့် ကွဲပြားခြားနားသည့် ခြေလှမ်းသစ်တစ်ခုလည်းဖြစ်ပါသည်။

ကားဈေးကိုတော့ အတိအကျမသိရသေးသော်လည်း 488 GTB ၏ ဈေးသည် အမေရိကန်ဒေါ်လာ နှစ်သိန်းခွဲဝန်းကျင်ဖြစ်ခြင်းကြောင့် ကျွမ်းကျင်သူများကတော့ 2018 Model Ferrari 488 Pista သည် ဒေါ်လာ၃၂ဝဝဝဝ နှင့် ၃၄ဝဝဝဝ ကြား ဖြစ်မည်ဟု ခန့်မှန်းထားကြပါသည်။

488 Pista ပြိုင်ကားသစ်၏ ကိုယ်ထည်ဒီဇိုင်းသည် ယခင်မိုဒယ်၏ ခြေရာအတိုင်းလိုက်ပြီး လမ်းပေါ်မောင်း ပြိုင်ကား 488 GTB နှင့် ပြိုင်ပွဲသုံးကား GTE ၊ Challenge မိုဒယ်များ၏ ကြားနေရာမှာ ရှိပါသည်။

ကားကိုယ်ထည်တွင် အသိသာအထင်ရှားဆုံး ပြောင်းလဲသွားခြင်းမှာ ကားရှေ့ မျက်နှာစာဖြစ်ပါသည်။

ကားရှေ့ဘမ်ပါကို GTB လို ခပ်ရိုးရိုးပုံစံမဟုတ်ဘဲ ပြိုင်ပွဲဝင်ကားပိုဆန်သော ကိုယ်ထည်အစိတ်အပိုင်းသစ်များနှင့် မြင်တွေ့ရမည်ဖြစ်ပါသည်။

ကိုယ်ထည် အစိတ်အပိုင်းသစ်များထဲတွင် ပထမဆုံးအနေဖြင့် အမြင်အာရုံကို ဖမ်းစားနိုင်မည့်အရာကတော့ F1 ပြိုင်ပွဲဝင်ကားဟန်ကို ယူထားသော S-Duct နှင့် ခပ်ရှုပ်ရှုပ် Splitter ဒီဇိုင်းတို့ပဲဖြစ်ပြီး မြေဝပ်အားကို တိုးတက်စေသော အစိတ်အပိုင်းများလည်းဖြစ်ပါသည်။

Splitter ကို အပိုင်းသုံးပိုင်း ခွဲခြားဖန်တီးထားပြီး ကားဘေးဘက် လေစုပ်ပေါက်များသည် အရွယ်အစားကြီးမားပါသည်။

ကားရှေ့စက်ဖုံးကိုလည်း ဒီဇိုင်းမွမ်းမံထားပြီး GTB တုန်းကလိုမဟုတ်ဘဲ ကားရှေ့မီးကြီးနှစ်ခုကြား ဆန့်ထုတ်ထားသော အရွယ်အစားကြီးကြီး လေစုပ်ပေါက် ကို အစားထိုးတပ်ဆင်ထားပါသည်။

ကားစက်ဖုံးမှာတော့ V ပုံစံအနေအထားကိုပဲ ဆက်လက်တွေ့မြင်ရမှာဖြစ်ပြီး ကားရှေ့မီးတွေကလည်း မပြောင်းလဲဘဲ ကားဘေးဘက်မှာတော့ အပြောင်းအလဲက သိပ်မသိသာသော်လည်း Side Skirt နှင့် ကားနောက်ဘီးခုံးလေစုပ်ပေါက်တို့ကို ခပ်ပါးပါးမွမ်းမံထားပါသည်။

ခံ့ညားလှပပြီးသား ကားအနောက်ဘက်ဒီဇိုင်းကတော့ Pista ကို ပိုကြံ့ခိုင်တောင့်တင်းသော ရုပ်ထွက်မျိုးအဖြစ် ပိုပြီးသိသာထင်ရှားစေပါသည်။

ကားအနောက်ဘက်က လေပင့်အားထိန်းတောင်ပံသည် ပိုကြီးမားပြီး ပိုလည်းမြင့်မားသော အနေအထားနှင့် လင်းပိုင်အမြီးဒီဇိုင်းမျိုးရှိပါသည်။

Diffuser သည် အရွယ်အစားကြီးမားပြီး အနောက်ဘက်မျက်နှာစာ၏ ၅ဝ ရာခိုင်နှုန်းခန့်အထိ နေရာယူထားပါသည်။

ဒေါင်လိုက် ငါးဆူးတောင်ပုံ သတ္တုပြားများကလည်း အရွယ်အစားကြီးပြီး ပြိုင်ပွဲဝင်ကားများကဲ့သို့ ကားကိုယ်ထည်အောက်ပိုင်းအထိ နေရာယူထားပါသည်။

ကားအနောက်ဘက်စွန်း၏ ဘေးတစ်ဖက်စီတွင် ဒေါင်လိုက်လေစုပ်ပေါက်တစ်ခုစီ ပါဝင်ပါသည်။

အသစ်မွမ်းမံထားသော လေခွင်းအားအပြင်အဆင်များက 488 Pista ကို 488 GTB ထက် ၂ဝ ရာခိုင်နှုန်းခန့် မြေဝပ်အား ပိုတိုးလာစေပါသည်။

ကားစက်ဖုံး၊ ဘမ်ပါများနှင့် အနောက်ဘက် လေပင့်အားထိန်းတောင်ပံတို့ကိုလည်း ကာဗွန်ဖိုင်ဘာသားများနှင့် ဖန်တီးပြုလုပ်ထားခြင်းကြောင့် ကားကိုယ်ထည်အလေးချိန်သည် GTB မိုဒယ်ထက် ပေါင်နှစ်ရာလောက် ပိုပေါ့ပါးပါသည်။

Option အဖြစ် ရွေးချယ်တပ်ဆင်နိုင်သော လက်မနှစ်ဆယ်အရွယ် ကာဗွန်ဖိုင်ဘာသား ကားဘီးများကလည်း ကား၏ အလေးချိန်ကို ၄ဝ ရာခိုင်နှုန်းခန့် ထပ်တိုး ပေါ့ပါးသွားစေပါသည်။

488 Pista ပြိုင်ကားသစ်တွင် အဆင့်မြှင့်တင်ထားသော မြင်းကောင်ရေ ၇၁ဝ အား 3.9 L Twin Turbocharged V8 အင်ဂျင်ကို Dual-Clutch ဂီယာ ခုနစ်ချက်နှင့် တွဲဖက်တပ်ဆင်ထားပါသည်။

ထိုစွမ်းအင်ပမာဏသည် 488 GTB ထက် မြင်းကောင်ရေ ငါးဆယ်အားပိုများပြီး 488 Pista ကိုလည်း စွမ်းအားအပြည့်ဝဆုံး V8 အင်ဂျင်တပ် Ferrari ကားတစ်စီး ဖြစ်လာစေပါသည်။

ကားတွင် Side-Slip Angle Control နှင့်အတူ ကားမြန်မြန်မောင်းချိန်တွင် ထိန်းချုပ်မောင်းနှင်မှု ပိုကောင်းမွန်စေမည့် ဆိုင်းထိန်းစနစ်ကိုလည်း ဖန်တီးတပ်ဆင်ပေးထားပါသည်။

ကား၏ အမြင့်ဆုံးအမြန်နှုန်းသည် တစ်နာရီကို ၂၁၁ မိုင်နှုန်း အထိ တိုးတက်လာပြီး ၂ ဒသမ ၈၅ စက္ကန့် အတွင်းမှာ သုညမိုင်ကနေ တစ်နာရီ ၆၂ မိုင်နှုန်း ရောက်အောင် အရှိန်မြှင့်တင်နိုင်ခြင်းကြောင့် 488 GTB ထက်ရော 458 Speciale ထက်ပါ ပိုမြန်ဆန်သွက်လက်ပါသည်။

ကားအတွင်းခန်းမှာတော့ မြင်တွေ့နေကျ Ferrari ပြိုင်ကားများ၏ အတွင်းခန်းများနှင့် သိပ်မကွာလှဘဲ အတွင်းခန်းတစ်ခုလုံးမှာ အနက်ရောင်ကို အသားပေးအသုံးပြုထားပါသည်။

ကားဒက်ရှ်ဘုတ်၊ ထိုင်ခုံများနှင့် Centre Console တို့တွင် အနီရောင်ကို ရောစပ်အသုံးပြုထားပြီး ခရီးသည်ထိုင်ခုံဘက်က ဒက်ရှ်ဘုတ်ဘက်ခြမ်းတွင် 488 Pista အမှတ်တံဆိပ်အမည်ကို တပ်ဆင်ထားပါသည်။

 

Read 966 times