ဒူဘိုင်းအခြေစိုက် စူပါကားထုတ်လုပ်ရေးကုမ္ပဏီသစ် W Motors သည် ၂ဝ၁၂ ခုနှစ်တွင် ကုမ္ပဏီ၏ ပထမဆုံးထုတ်လုပ်မှုမိုဒယ် ဒီဇိုင်းဆန်း Lykan HyperSport စူပါပြိုင်ကားနှ ကမ္ဘာ့ကားလောကတစ်ခုလုံးကို အံ့သြတကြီးဖြစ်စေခဲ့ဖူးပါသည်။
၂ဝ၁၅ ခုနှစ်တွင် ဒုတိယမြောက် စူပါပြိုင်ကား Fenyr SuperSport ၏ Concept မိုဒယ် ကို ပထမဆုံးအကြိမ် ပွဲထုတ်ခဲ့ပြီး ၂ဝ၁၇ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်မှာတော့ ဒူဘိုင်းက W Motors ဆိုင်ဖွင့်ပွဲနှင့်အတူ အပြောင်းအလဲများစွာနှင့် Fenyr Super Sport ၏ ထုတ်လုပ်မှုဗားရှင်းကိုပါ ပွဲထုတ်ပြသခဲ့ပါသည်။
ထို့ပြင် W Motors Fenyr Super Sport ပြိုင်ကား မိုဒယ်သစ်ကို ၂ဝ၁၈ ခုနှစ်၏ ဂျီနီဗာကားပြပွဲကြီးမှာလည်း ထုတ်လုပ်မှုမိုဒယ်အဖြစ် တရားဝင်ပွဲထုတ်ခဲ့ပါသည်။
Fenyr ဆိုသောအမည်သည် ဒဏ္ဍာရီလာ မိစ္ဆာဝံပုလွေကြီး Fenrir ကို အစွဲပြုမှည့်ခေါ်ထားခြင်းဖြစ်ပါသည်။
ယခင် မိုဒယ်နှင့် ဒီဇိုင်းပုံစံကွဲပြားပြီး စွမ်းအားလည်း ပိုပြည့်ဝသော ၂ဝ၁၈ မိုဒယ် W Motors Fenyr SuperSport ပြိုင်ကားသစ်၏ ဈေးသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၅ သန်းနှင့်အထက် ဖြစ်သောကြောင့် ယခင်က Lykan Hyper Sport မိုဒယ်ထက်စာလျှင် အတော်လေး ဈေးပိုသက်သာပါသည်။
Lykan မိုဒယ်တုန်းက ခုနစ်စီးသာ ထုတ်လုပ်ခဲ့သော်လည်း ယခုကားသစ်ကိုတော့ တစ်နှစ်မှာ ၂၅ စီး ထုတ်လုပ်ရန် ရည်ရွယ်ထားခြင်းကြောင့် Fenyr SuperSport ပြိုင်ကားသစ်သည် W Motors အတွက်တော့ ပထမဆုံးအကြိမ် အရေအတွက် များများထုတ်လုပ်မည့် မိုဒယ်အဖြစ် ခြေလှမ်းကြီးတစ်ခု စလှမ်းလိုက်ခြင်း ဖြစ်သသည်။
ထို့ပြင် SuperSport ၏ အောင်မြင်မှု အတိုင်းအတာသည် ကုမ္ပဏီ၏ ရှေ့ဆက်မည့် အနာဂတ်ကိုလည်း ပုံဖော်ပေးသွားမည်ဖြစ်ပါသည်။
Concept ကားတုန်းကနှင့် မတူဘဲ အပြောင်းအလဲများများ မွမ်းမံထားသော ထုတ်လုပ်မှု မိုဒယ်စူပါပြိုင်ကားသစ် Fenyr SuperSport ၏ ကိုယ်ထည်ကို ကျည်ကာကားတစ်စီးလို အလွှာအထပ်ထပ် မျက်နှာပြင်ဒီဇိုင်းအဖြစ် ဖန်တီးတည်ဆောက်ထားပါသည်။
ပေါ့ပါးကြံ့ခိုင်သော အလူမီနီယမ် အောက်ခံထည်ကို အသုံးပြုထားပြီး ကားကိုယ်ထည်တစ်ခုလုံးကို ကာဗွန်ဖိုင်ဘာသားများနှင့် ဖန်တီးထားခြင်းကြောင့် ကားသည် အတော်လေး ပေါ့ပါးပါသည်။
ထို့ပြင် စွမ်းဆောင်ရည်ကောင်းမွန်စေရန် ကားကိုယ်ထည်တစ်ခုလုံးကို အချိုးအစားညီမျှပြီး လေခွင်းအားကောင်းကောင်းရရှိအောင်လည်း အထူးမွမ်းမံထားပါသည်။
ကား၏ ရှေ့မျက်နှာစာသည် LED ကားရှေ့မီး ဒီဇိုင်းဆန်း၊ အရွယ်အစားကြီးမားသော လေစုပ်ပေါက်များ၊ လေစီးဆင်းမှု ချောမွေ့ကောင်းမွန်လှသော ဒီဇိုင်းဆန်း ကားရှေ့စက်ဖုံးနှင့် ဘေးဘက်တွင် သိသိသာသာ ငေါ်ထွက်နေသည့် Side Skirt များကြောင့် ခံ့ညားလှပနေပါသည်။
ဘေးဘက်က ခပ်ဆန်းဆန်း လေစုပ်ပေါက်များသည် ပြေလျှောလျှောကားခေါင်မိုးဆီအထိ ဆန့်ထွက်နေပြီး Fenyr SuperSport ကို တောင်ပံမဲ့ တိုက်လေယာဉ် အသေးစားလေးနဲ့တောင် ဆင်တူသွားစေပါသည်။
ကားအနောက်ဘက်တွင် အရွယ်အစားကြီးမားသော Diffuser ၊ ရှည်သွယ်သောကားနောက်မီးများနှင့် အတော်လေးဆန်းပြားသစ်လွင်သော ကားအနောက်ဘက်လေပင့်အားထိန်းတောင်ပံတို့ ပါဝင်ပါသည်။
ထိုလေပင့်အားထိန်းတောင်ပံကြီးမှာ အနောက်မျက်နှာစာအကျယ်အတိုင်းဖန်တီးထားသော အရွယ်အစားကြီးကြီး သမားရိုးကျဆန်ဆန် တောင်ပံတစ်ခုတင်မကဘဲ ကားနောက်ဘီးခုံးများတွင် ခပ်မြင့်မြင့်တပ်ဆင်ထားသော လေပင့်အားထိန်းတောင်ပံ အပိုတစ်စုံလည်းပါဝင်ပါသည်။
ခေတ်သစ် စူပါပြိုင်ကား အတော်များများကဲ့သို့ ထိုကားတွင် လေပင့်အားထိန်း တောင်ပံအရှင် ပါဝင်ပြီး SuperSport ၏ Triptych ဟုအမည်ပေးထားသော ထိုလေပင့်အားထိန်းတောင်ပံကို အပိုင်းသုံးပိုင်းခွဲခြားကာ Electro-Mechanical စနစ်ကို အသုံးပြုထားပါသည်။
ဘေးဘက်က လေခွင်းသတ္တုပြားများသည် တစ်နာရီ မိုင်ငါးဆယ်နှုန်းမှာ အလိုအလျောက် ဖြန့်ကားသွားမှာဖြစ်ပြီး အဓိကအလယ်ပိုင်းကတော့ တစ်နာရီ ၇၅ မိုင်နှုန်း မှာ စတင်သက်ဝင် လှုပ်ရှားမည်ဖြစ်ပါသည်။
ကားဘရိတ်အုပ်လိုက်ပြီဆိုရင်တော့ သုံးခုတွဲ လေပင့်အားထိန်းတောင်ပံသည် ကားကိုယ်ထည်ဆီ သေသေသပ်သပ် ပြန်ခေါက်သွားမည် ဖြစ်ပါသည်။
ကားတံခါးများကိုတော့ Lykan မိုဒယ်ကဲ့သို့ ခပ်ဆန်းဆန်းမဟုတ်ဘဲ သမားရိုးကျပုံစံ Suicide Door ဒီဇိုင်းကိုသာ အသုံးပြုထားပါသည်။
ယခင်ထက် ပိုထူးခြားလှပသော Fenyr SuperSport ပြိုင်ကားသစ်မှာ အထူးဖန်တီးထားသည့် 3.0 Liter Twin-Turbocharged Flat-6 အင်ဂျင်ကို တပ်ဆင်ထားပြီး မြင်းကောင်ရေရှစ်ရာအားအထိ ထုတ်လုပ်ပေးနိုင်ခြင်းကြောင့် Lykan မိုဒယ်ထက် စွမ်းအားပိုပြည့်ဝပါသည်။
အင်ဂျင်ကထုတ်လုပ်ပေးလိုက်သော စွမ်းအင်များကိုတော့ Dual-Clutch ဂီယာ ခုနစ်ချက်မှတစ်ဆင့် ကားဘီးများဆီ ပို့လွှတ်မောင်းနှင်စေမည်ဖြစ်ပါသည်။
ကား၏ အမြင့်ဆုံးအမြန်နှုန်းသည် တစ်နာရီကို ၂၄၅ မိုင်နှုန်းဖြစ်ပြီး အချိန် ၂ ဒသမ ၇ စက္ကန့်အတွင်း သုညမိုင်မှ တစ်နာရီ မိုင် ခြောက်ဆယ် နှုန်းရောက်အောင် အရှိန်မြှင့်တင်မောင်းနှင်နိုင်ပါသည်။
နှစ်ယောက်စီး ကားအတွင်းခန်းကို ကာဗွန်ဖိုင်ဘာသား၊ Alcantara များဖြင့် အဆင့်မြင့်လှပစွာ ဖန်တီးထားပြီး ခေတ်သစ်နည်းပညာများလည်း ထည့်သွင်းထားပါသည်။