2018 ACURA ILX SPECIAL EDITION


ဂျပန်ကားကုမ္ပဏီတစ်ခုဖြစ်သော Honda ပိုင် ဇိမ်ခံကား အမှတ်တံဆိပ်လုပ်ငန်းခွဲ Acura သည် ၂ဝ၁၂ ခုနှစ်မှာ Honda Civic ၏ နဝမမြောက် မျိုးဆက်မိုဒယ်ကို အခြေခံပြီး အရွယ်အစားသေးငယ်သော အဆင့်မြင့် စပို့ဆီဒန်ကားမိုဒယ် ILX ကို မိတ်ဆက်ထုတ်လုပ်ခဲ့ပါသည်။

TSX မိုဒယ်ကို အစားထိုးထုတ်လုပ်ခဲ့ပြီး သင့်လျော်သောဈေးနှုန်းနှင့် အဆင့်မြင့် အသေးစား ဆီဒန်ကားတစ်စီး၏ ဂုဏ်ပုဒ်ကို ဆက်လက်ထိန်းသိမ်းထားသော ILX ၏ ၂ဝ၁၆ မိုဒယ်သစ်ကို ၂ဝ၁၄ ခုနှစ် အယ်လ်အေကားပြပွဲမှာ မွမ်းမံပြသခဲ့ပါသည်။

၂ဝ၁၈ ခုနှစ်မှာလည်း ILX မိုဒယ်ကို အသစ်မွမ်းမံခဲ့ပြီး Special Edition ဆိုသော Trim Level အသစ်တစ်ခု ထပ်တိုးပါဝင်လာပါသည်။

ILX Special Edition မိုဒယ်အနေနှင့် စက်စွမ်းရည်ပိုင်းမှာ တခြားမိုဒယ်များနှင့် ထူးခြားကွဲပြားသွားတာမျိုးမရှိဘဲ မြင်းကောင်ရေ ၂ဝ၁ ကောင်အား 2.4 Liter ဆလင်ဒါလေးလုံးထိုး အင်ဂျင်ကိုသာ တိုက်ရိုက်ဆီဖျန်းစနစ်၊ Dual Overhead Cams ၊ i-VTEC Variable Timing System တိုနှင့် တွဲဖက်တပ်ဆင်ပေးထားပါသည်။

အင်ဂျင်က ထုတ်လုပ်ပေးလိုက်သော စွမ်းအင်များကိုတော့ Dual-Clutch Auto ဂီယာရှစ်ချက်မှတစ်ဆင့် ကားရှေ့ဘီးများဆီ ပို့လွှတ်မောင်းနှင်စေမည်ဖြစ်ပြီး ဂီယာကို စတီယာရင်မှာ တပ်ဆင်ပေးထားသော Paddle Shifter လေးများမှလည်း ထိန်းချုပ်အသုံးပြုနိုင်ပါသည်။

ကားကို ညက်ညောညင်သာစွာ မောင်းနှင်အသုံးပြုနိုင်အောင် မွမ်းမံဖန်တီးထားသော ILX မိုဒယ်သစ်၏ ဆီစားနှုန်းကတော့ မပြောင်းလဲဘဲ ယခင်လို မြို့တွင်း တစ်ဂါလန် ၂၅ မိုင်နှင့် အဝေးပြေးလမ်း တစ်ဂါလန် ၃၅ မိုင်နှုန်းဖြစ်ပြီး စုစုပေါင်းဆိုရင် တစ်ဂါလန် ၂၉ မိုင်နှုန်းအထိ အသုံးပြုနိုင်ပါသည်။

မိုဒယ်သစ်အနေနှင့် ခပ်ပါးပါးမွမ်းမံထားသော ILX မှာ ဘေးဘက် ကိုယ်ထည်အချိုးအစားသည် ခပ်နိမ်နိမ့် ခေါင်မိုးကောက်ကြောင်းလိုင်းနှင့် မလိုအပ်ဘဲ အထက်ကိုဆန်တက်သွားသော အလယ်ပိုင်းကောက်ကြောင်းများကြောင့် ခပ်ဆန်းဆန်းအနေအထားမျိုးရှိပြီး ကားနောက်ပိုင်းကတော့ သမားရိုးကျပုံစံ ဖြစ်ပါသည်။

အခြေခံမိုဒယ်အဆင့်ထက်ပိုသာပြီး ထူးခြားပေါ်လွင်ပြီးသားကိုယ်ထည်ကို ပိုင်ဆိုင်ထားသော ILX ၏ မိုဒယ်သစ်သည် သိပ်ထူးခြားမှုမရှိသော်လည်း ILX Special Edition မိုဒယ်မှာတော့ ကိုယ်ထည် ဒီဇိုင်းအပြင်အဆင်များကို အဆင့်မြှင့်တင် ဖန်တီးထားပါသည်။

ထိုကဲ့သို့ အဆင့်မြှင့်တင်ရာမှာ နာမည်ကျော် A-Spec Package ၏ ကား အနောက်ဘက် လေပင့်အားထိန်း တောင်ပံသစ်နှင့် Side Skirt များကဲ့သို့ လေခွင်းအား အစိတ်အပိုင်းသစ်များကို တပ်ဆင်ထည့်သွင်းထားခြင်းကြောင့် ကားကို ပိုပြီးသွက်လက်ဖျတ်လတ်သည့်ရုပ်ထွက်မျိုး ရရှိစေပါသည်။

ထို့အပြင် Acura Jewel Eye LED ကားရှေ့မီးများ၊ ၁၈ လက်မအရွယ် ကားဘီးဒီဇိုင်းသစ်နှင့် Special Edition စာသားတံဆိပ်များကိုလည်း တပ်ဆင်ပေးထားပါသည်။ ကားကိုယ်ထည်တစ်ခုလုံးမှာ အသိသာအပေါ်လွင်ဆုံးမှာ ဆန်းသစ်လှပသည့် ကားရှေ့မျက်နှာစာဖြစ်ပြီး Jewel Eye LED ကားရှေ့မီးများ၊ အမြင်အာရုံကို ဆွဲဆောင်ဖမ်းစားနိုင်လောက်အောင် လှပသော ရှဲလ် (Grille) ဒီဇိုင်းနှင့် တင့်တယ်လှပသောနှင့် အနောက်ဘက်က အောက်ပိုင်းမျက်နှာစာများကြောင့် ထူးခြားပေါ်လွင်နေပါသည်။ တစ်တန်းတည်းအသွင် ဖန်တီးထားသော ရှေ့ မျက်နှာစာ ရှဲလ်နှင့် ကားရှေ့မီးများ၏ အောက်ဘက်က ခပ်ချွန်းချွန်းကောက်ကြောင်းများသည် ကားကို ပိုထူးခြားသစ်လွင်စေပြီး ထိုဧရိယာအောက်ဘက်မှာတော့ ထင်ထင်ရှားရှား ပေါင်ခတ်ဖန်တီးထားသည့် လေစုပ်ပေါက်များနှင့် နှင်းခွဲမီးများ ပါဝင်ပါသည်။

သမားရိုးကျဆန်သော ကားအနောက်ဘက်မှာတော့ စက်ဖုံးအစွန်းမှာ Acura အမှတ်တံဆိပ်လိုနှင့် ILX မိုဒယ်အမည်ကို ခရိုမီယမ်ရောင်တောက်ပစွာ တပ်ဆင်ပေးထားပါသည်။

ပြိုင်ကားဆန်ဆန် သွက်လက်ပေါ့ပါးဟန်ပေါက်သော ကိုယ်ထည်ရုပ်ထွက်ကို ပိုင်ဆိုင်ထားသည့် တံခါးလေးပေါက် စပို့ဆီဒန်ကားသစ် ILX Special Edition မှာ ကားအတွင်းခန်းကိုလည်း အဆင့်မြင့်ပစ္စည်း အသုံးအဆောင်များနှင့် မွမ်းမံထားသောကြောင့် ဇိမ်ခံကားတစ်စီး၏ အသွင်ကို ရယူထားပါသည်။

Special Edition အပါအဝင် ILX မိုဒယ်တိုင်းမှာ တစ်ချက်ထိလိုက်ရုံဖြင့် အဖွင့်/အပိတ် ပြုလုပ်ပေးနိုင်မည့် One-Touch Power Moonroof ၊ သော့မလိုသော Keyless Entry နှင့် Push-Button Start ၊ နောက်ကြည့်ကင်မရာ၊ ပုံစံရှစ်မျိုး ပြောင်းလဲချိန်ညှိနိုင်သော ကားမောင်းသူထိုင်ခုံများသာမက သားရေကွပ် စတီယာရင်နှင့် Shifter ခလုတ်များ ပါဝင်ပါသည်။

ထို့အပြင် ငါးလက်မအရွယ် မြင်ကွင်းစုံဖန်သားပြင်၊ ခေတ်မီလုံခြုံရေးစနစ်များနှင့်အတူ လုံခြုံရေးပိုကောင်းစေရန် Acura Watch နှင့် Driver-assistive နည်းပညာများကိုလည်း ထည့်သွင်းတပ်ဆင်ထားပါသည်။

၂ဝ၁၈ ခုနှစ် မိုဒယ် Acura ILX ကားသစ်၏ဈေးကို Trim Level အလိုက် အနိမ့်ဆုံး အမေရိကန်ဒေါ်လာ ၂၈,၁ဝဝ မှ အမြင့်ဆုံး ဒေါ်လာ သုံးသောင်းခွဲနှင့်အထက် သတ်မှတ်ထားပါသည်။

Trim Level အသစ် ဖြစ်သော ILX Special Edition ၏ ဈေးသည် ဒေါ်လာ ၂၈,၉ဝဝ နှင့်အထက်ဖြစ်သောကြာင့် အခြေခံမိုဒယ်ထက် ဒေါ်လာ ရှစ်ရာ ဈေးပိုများပါသည်။

 

Read 754 times