2017 Toyota Yaris iA Sedan


Mazda2 ကားမိုဒယ်ကို အခြေခံဖန်တီးထားသော ရှေ့ဘီးယက်စနစ်သုံး Yaris iA ဆီဒန်ကားသစ်မှာ မြင်းကောင်ရေ ၁၀၆ ကောင်အား 1.5 liter ဆလင်ဒါလေးလုံးထိုးအင်ဂျင်ကို တပ်ဆင်ပေးထားပါသည်။

အင်ဂျင်မှ ထုတ်လုပ်ပေးသော စွမ်းအင်တွေကို Manual ဂီယာခြောက်ချက်မှတစ်ဆင့် ကားရှေ့ဘီးတွေဆီ ပို့လွှတ်မောင်းနှင်စေမည်ဖြစ်ပြီး Auto ဂီယာခြောက်ချက်ကိုလည်းရွေးချယ်တပ်ဆင်နိုင်ပါသည်။

Yaris iA မှ8 ဒသမ ၇ စက္ကန့်အတွင်းမှာ သုညမိုင်မှ တစ်နာရီမိုင်ခြောက်ဆယ်နှုန်းရောက်အောင်အရှိန်မြှင့်တင်နိုင်မည်ဖြစ်ပါသည်။

အသေးစားဆီဒန်ကားလေးပီပီ သွက်လက်မြန်ဆန်စွာ မောင်းနှင်အသုံးပြုနိုင်သကဲ့သို့ ညက်ညောညင်သာစွာဂီယာချိန်းနိုင်ပြီး တုံ့ပြန်အားမှာလည်း ကောင်းမွန်မြန်ဆန်ပါသည်။

ကား၏ ဆီစားနှုန်းမှာ Manual ဂီယာနဲ့ဆိုလျှင် မြို့တွင်းတွင် တစ်ဂါလန် မိုင်သုံးဆယ်၊ အဝေးပြေးလမ်းမှာ ၃၉ မိုင်နှင့် ပျမ်းမျှတစ်ဂါလန် ၃၄ မိုင်နှုန်းအထိ အသုံးပြုနိုင်ပြီး Auto ဂီယာဆိုလျှင် မြို့တွင်းတွင် တစ်ဂါလန် ၃၂ မိုင်၊ အဝေးပြေးလမ်းမှာ မိုင်လေးဆယ်နှင့် ပျမ်းမျှတစ်ဂါလန် ၃၅ မိုင်နှုန်းအထိ အသုံးပြုမောင်းနှင်နိုငသောကြောင့် Yaris iAသည် Toyota ကားများထဲတွင် ဟိုက်ဘရစ်ကားမဟုတ်သော ဆီစားအသက်သာဆုံးကားမိုဒယ်တွေထဲမှ တစ်ခုအပါအဝင်ဖြစ်ပါသည်။

Toyota ၏အသေးဆုံးဆီဒန်ကားဖြစ်သော်လည်း တံခါးလေးပေါက်ဆီဒန်ကားသစ် Yaris iA သည်အရင် Scion iA၏ ကိုယ်ထည်ပုံစံနှင့် သိပ်မကွားခြားကြောင်းသိရသည်။

ကြံ့ခိုင်တောင့်တင်းသော ကိုယ်ထည်အဖြစ်တည်ဆောက်ဖန်တီးထားသည့် Yaris iA ၏ ကားရှေ့မျက်နှာစာမှာ ကားအရှေ့စွန်းတစ်ခုလုံးနီးပါး နေရာအပြည့်ယူထားသော ဆဌဂံပုံစံ ရှလ်(grille)ကြီးနှင့် ခပ်ချွန်းချွန်းးမျက်ဝန်းပုံစံ ကားရှေ့မီးမှာ အပေါ်လွင်ဆုံးဖြစ်ပါသည်။

ခရိုမီယမ်ရောင်တောက်ပနေသော Toyota အမှတ်တံဆိပ်ကိုလည်းပေါ်လွင်စွာမြင်တွေ့နိုင်ပါသည်။

ကားကိုယ်ထည်၏ အရှေ့အလယ်ပိုင်းအပါအဝင် အသစ်မွမ်းမံထားသောဒီဇိုင်းအပြင်အဆင်တချို့က Yaris iAကို သေးသွယ်သည့် Mazda 3 ကားမိုဒယ်နှင့် ခပ်ဆင်ဆင်တူစေပါသည်။

သေသပ်လှပစွာဖန်တီးထားသော ကားတံခါးပေါင်၊ ကားတံခါးလက်ကိုင်၊ ကားဘေးမှန်တို့နှင့်အတူ စတိုင်လ်ကျလှပသလောက် စွမ်းဆောင်ရည်ကောင်းမွန်သော 5-spoke ဒီဇိုင်း ၁၆ လက်မအရွယ်ကားဘီးများကို လိုက်ဖက်ညီစွာ တပ်ဆင်ပေးထားပါသည်။

လှပပြီး ခပ်မြင့်မြင့် ခေါင်မိုးကောက်ကြောင်းတွေမှ ခပ်ပြေပြေဆင်းသက်လာသော ကားနောက်ပိုင်းတိုတိုတွင် ထူးခြားပေါ်လွင်သော ကားနောက်မီးတွေနှင့်အတူ Toyota အမှတ်တံဆိပ်၊ iAမိုဒယ်အမည်နှင့် သေးသွယ်သော ခရိုမီယမ်ရောင် အိပ်ဇောပိုက်တွေကို လှပသေသပ်စွာတပ်ဆင်ထားပါသည်။

ကားကိုယ်ထည်အရောင်အနေဖြင့် အရင် Hatchback မိုဒယ်ကို မှီးငြမ်းထားသော ခဲပုပ်ရောင်၊ ခရိုမီယမ်ရောင်၊ ငွေရောင်၊ အနက်ရောင်၊ အပြာရောင်၊ နက်ပြာရောင်နှင့် အနီရောင်တို့ကို ရွေးချယ်ရရှိနိုင်ပါသည်။

လူငါးယောက်စီးနိုင်သော Yaris iA ၏ အတွင်းခန်းမှာ သူ့အတန်းအစားနှင့်သူလှပသေသပ်မှုရှိသည်ကိုလည်းတွေ့ရပါသည်။

ထို့ပြင် ရှေ့ကိုခေါက်ချနိုင်သော ကားနောက်ခန်းထိုင်ခုံတွေမှာ ခရီးထွက်သည့်အခါ ကားအတွင်းခန်းကိုပိုကျယ်ဝန်းရန် ဖန်တီးထားပြီး ပြိုင်ကားဆန်ဆန် ကားရှေ့ခန်းထိုင်ခုံတွေမှာလည်း သက်သာဇိမ်ကျစေပါသည်။

ကားအတွင်းမှာ Tilt-and-telescoping စတီယာရင်၊ လေအေးပေးစနစ်၊ နောက်ကြည့်ကင်မရာ၊ ခလုတ်ခုံ(Center Console) မှာတပ်ဆင်ထားသောခလုတ်တစ်ခုမှ ထိန်းချုပ်အသုံးပြုနိုင်မည့်ခုနှစ်လက်မအရွယ် Touch Screen ဖန်သားပြင်၊ သတင်းအချက်အလက်နှင့် ဖျော်ဖြေရေးအတွက် Infotainment System၊ Push-button Start ၊bluetooth ကြိုးမဲ့ချိတ်ဆက်စနစ်နှင့် စပီကာခြောက်လုံးပါ အသံစနစ်တို့ကို ခေတ်မီအဆင့်မြင့်သောကားအတွင်းခန်းနည်းပညာပစ္စည်းတွေ ပါဝင်ပြီး လမ်းကြောင်းပြစနစ်ကိုလည်း ထပ်တိုးရွေးချယ်ထည့်သွင်းနိုင်ပါသည်။

၂၀၁၇ ခုနှစ်မိုဒယ် Toyota Yaris iA ဆီဒန်ကားအသစ်ကို Trim Level အမျိုးမျိုးခွဲခြားမထားသောလည်း ကားဈေးနှုန်းမှာ ဂီယာရွေးချယ်မှုအပေါ်မူတည်သောကြောင့် Manual ဂီယာနှင့် Yaris iA ဆိုလျှင် ဒေါ်လာ ၁၅,၉၅၀ နှင့်အထက်ဖြစ်ပြီး Auto ဂီယာနှင့်ဆိုလျှင် ဒေါ်လာ ၁၇,၀၅၀ အထက်သတ်မှတ်ထားပါသည်။

Toyota မှ yaris iA ကဲ့သို့ကုမ္ပဏီထုတ်ကားသစ်အတွက် အခြေခံအဖြစ်ပေးသည့် အာမခံမျာ အချိန် ၃၆ လ၊ (သို့မဟုတ်) ခရီးမိုင် ၃၆,၀၀၀ဖြစ်ပါသည်။

Source:automobile journal

Read 3850 times