ဂျပန်တွင် စတင်ရောင်းချနေတဲ့ တစိတ်တပိုင်း အလိုအလျှောက် မောင်းစနစ်ပါ 2017 Nissan X-Trai


နိုင်ငံတကာဈေးကွက်ထဲ ဈေးကွက်အခိုင်အမာ ရယူထားနိုင်တဲ့ Nissan ရဲ့နာမည်ကျော် X-Trail SUV ရဲ့ 2017 မော်ဒယ်သစ်ကို ဂျပန်ပြည်တွင်းဈေးကွက်ထဲ စတင်ဝင်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။

2017 Nissan X-Trail မှာ ဂျန်နရေးရှင်းသစ်တော့မဟုတ်ပေမယ့် ရုပ်ထွက်ပြောင်းလဲလာခဲ့ပြီး အထူးသဖြင့် ရှေ့နောက် မီးခွက်ဒီဇိုင်းသစ် ကိုတွေ့ရကာ LED projector မီးလုံးနှင့် LED Daytime Running Lights တို့ဖြင့် ပေါင်းစပ်ပါဝင်လာခဲလို့ဆွဲဆောင်မှု အကောင်းဆုံး အနေအထားဖြင့် မြင်တွေ့လာခဲ့ရပါတယ်။ အတွင်းပိုင်းကိုလည်း ပိုကျယ်ဝန်းအောင်အနည်းငယ်ချဲ့ထားပြီး အကောင်းဆုံး ဖြည့်စွမ်းလာမှုအနေဖြင့် မော်ဒယ်သစ် X-Trail တွင် တစိတ်တပိုင်း အလိုအလျှောက် မောင်းနည်းပညာ ပါဝင်လာခဲ့ရုံမက နည်းပညာပိုင်းတွင်လည်း အရေးပေါ် အလိုအလျှောက် ရပ်တန့်ပေးမယ့် ဘရိတ်စနစ် AEB ( autonomous emergency braking) ထပ်ပေါင်းပါရှိလာခဲ့တာပါ။

မော်ဒယ်သစ်တွင် 1.6 လီတာ ဓါတ်ဆီအင်ဂျင်ကို အနားပေးကာ ရုန်းအားပိုကောင်းတဲ့ 2.0 လီတာ တာဗိုဒီဇယ် အင်ဂျင်သစ်ဖြင့် အသစ်ထပ်မံ ထုတ်ပေးလာခဲ့ပါတယ်။ ဒီဇယ်မော်ဒယ်တွင် စွမ်းအား 130 kW နှင့် ရုန်းအား 380 Nm ထုတ်ပေးနိုင်စွမ်းရှိပြီး CVT အော်တိုဂီယာနှင့် တွဲဖက်ပေးထားကာ လေးဘီးယပ် တစ်မျိုးဖြင့်သာ ရရှိနိုင်မှာပါ။

ထုတ်နေကျ ဓါတ်ဆီအင်ဂျင်များဖြစ်တဲ့ 2.0 လီတာ ၊ 2.5 လီတာ တို့ဖြင့်လည်း ရွေးချယ်နိုင်ပြီး 2.0 လီတာတွင် စွမ်းအား 106 kW နှင့် ရုန်းအား 200 Nm စွမ်းဆောင်ပေးနိုင်ပါတယ်။ 2.5 လီတာတွင်တော့စွမ်းအား 128 kW နှင့် ရုန်းအား 226 Nm ထုတ်ပေးနိုင်ကာ မန်နူရယ် ၊ CVT အော်တိုဂီယာ နှင့် 2WD , 4WD ဆိုပြီး စိတ်ကြိုက်ရွေးချယ် သွားနိုင်မှာပါ။ ဘရမ်းရဲ့ပထမဆုံးသော တစိတ်တပိုင်း အလိုအလျှောက် မောင်းစနစ် ပါဝင်တဲ့ကားလည်းဖြစ်ပြီး Hybrid မော်ဒယ်တွင်သာ တွဲဖက်တပ်ဆင်ပေးထားတယ်လို့ဆိုပါတယ်။ ထိုစနစ်မှာ ကားရဲ့ throttle, ဘရိတ်, စတီယာရင် တို့ကို အလိုအလျှောက်ထိန်းချုပ်ပေးမှာဖြစ်ပြီး ဟိုင်းဝေးလမ်းတွင်သာမက မြို့တွင်းတွင်ပါ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကိရိယာနှင့် နည်းပညာပေါင်းစပ်ပါဝင်မှုတွင် 19 လက်မ အလွိုင်းဘီး ၊ အပူပေးစနစ်ပါ လျှပ်စစ်စနစ်ဖြင့် ခေါမ်းသိမ်းနိုင်တဲ့ နောက်ကြည့်မှန် ၊ နောက်ဘက် Spoiler ၊ auto-wiper ၊ အပူပေးစနစ်ပါ D-shape စတီယာရင်သစ်၊ push button start ၊ cruise control ၊ forward collision warning ၊ airbag ခြောက်လုံး ၊ hill start assist ၊ စပီကာရှစ်လုံးပါ Bose audio system ၊ electric tailgate ၊ moonroof ၊ ဂြိုလ်တုလမ်းညွန်စနစ်ပါ 7 လက်မ infotainment system ၊ dual-zone climate ၊ ရှေ့ထိုင်ခုံ အပူပေးစနစ် စသည်ဖြင့် အမြင့်ဆုံးဂရိတ်တွင် စုံလင်အောင်ပါဝင်သွားမှာပါ။

ဒါ့အပြင်အဆင့်မြင့် နည်းပညာများဖြစ်တဲ့360-degree camera system ၊ blind-spot monitoring ၊ rear cross-traffic alert ၊ lane departure warning စသည့်ဖြင့် အကောင်းဆုံး ဖြည့်စွမ်းပေးထားတာပါ။

မော်ဒယ်သစ် Nissan X-Trail မှာအဓိကအားဖြင့် Hyundai Tucson, Mazda CX-5, Toyota RAV4 စတဲ့ကားတွေနှင့် အပြိုင် ရောင်းချသွားရမှာဖြစ်ပြီး ကားရဲ့ဂရိတ်ခွဲများအလိုက် ဈေးနှုန်းများကို ပုံပါအတိုင်း လေ့လာနိုင်ပါတယ်။

 

Read 1472 times