အင်္ဂလန်နိုင်ငံ၏ နာမည်ကျော်ပြိုင်ကားကုမ္ပဏီတစ်ခု ဖြစ်သော Lotus သည် ပြိုင်ကားကောင်းကောင်းတွေကို တစ်နှစ်ပြီးတစ်နှစ် မရိုးရလေအောင် ဖန်တီးထုတ်လုပ် ခဲ့ပါသည်။
ပြီးခဲ့တဲ့နှစ်က စွမ်းဆောင်ရည်မြင့် Exige Sport 350 ပြိုင်ကားမိုဒယ်ကို ထုတ်လုပ်ခဲ့ပြီး Lotus သည် ၂ဝ၁၇ ခုနှစ်မှာလည်း အဆင့်အမြင့်ဆုံးနှင့် နောက်ဆုံးပေါ် Exige မိုဒယ်ဟုဆိုရမည့် Exige Sport 380မိုဒယ်သစ်ကို ထပ်တိုးထုတ်လုပ်ခဲ့ပါသည်။
ကုမ္ပဏီ၏ အဆိုအရ Sport 350 မိုဒယ်ကို အခြေခံတည်ဆောက်ထားသော Exige မိုဒယ်၏ မိသားစုဝင်သစ် လမ်းပေါ်မောင်းခွင့်ရ ပြိုင်ကားသစ်လေး Sport 380 သည် အပေါ့ပါးဆုံး၊ စွမ်းဆောင်ရည်အပြည့်ဝဆုံးနှင့် အလျင်မြန်ဆုံး Exige ကားမိုဒယ်ဟုလည်း ဆိုနိုင်ပါသည်။
ပြိုင်ဘက်များထက်လည်း သာလွန်မြန်ဆန်သော ၂ဝ၁၇ ခုနှစ်မိုဒယ် Lotus Exige Sport 380 ပြိုင်ကားသစ်လေးအတွက် ကြိုတင်အမှာစာတွေကို ၂ဝ၁၆ ခုနှစ်ကတည်းက လက်ခံခဲ့ပြီး Manual ဂီယာနှင့်မိုဒယ်ကိုတင်မက Auto ဂီယာနှင့် မိုဒယ်ကိုလည်း ရွေးချယ်ရရှိနိုင်ပါသည်။
Manual ဂီယာနှင့် Sport 350 ပြိုင်ကားကို ၂ဝ၁၇ ခုနှစ် အစောပိုင်းကတည်းက စတင်ဈေးကွက်တင်ခဲ့ပြီး Auto ဂီယာတပ် မိုဒယ်ကိုတော့ ၂ဝ၁၇ ခုနှစ်၏ နွေဦးရာသီမှာ ဈေးကွက်တင်ရောင်းခဲ့ပါသည်။
Coupe ဗားရှင်း ထက် Roadster ဗားရှင်းအရင်ထွက်ရှိလာသော ၂ဝ၁၇ Lotus Exige Sport 380 ပြိုင်ကားသစ်လေး၏ ဈေးနှုန်းမှာ ဗြိတိသျှဈေးကွက်တွင် ပေါင် ၆၇,၉ဝဝ (အမေ ရိကန်ဒေါ်လာ ၁၁၃,၈၂၉ ဝန်းကျင်)ဖြစ်ပါသည်။
တံခါးနှစ်ပေါက်နှင့် နှစ်ယောက်စီး ပြိုင်ကား သစ်လေး Lotus Exige Sport 380 သည် Sport 350 မိုဒယ်ကိုသာ အခြေခံပြီး အချိုးအစားကျနစွာ တည်ဆောက်ထားခြင်းကြောင့် အပြောင်းအလဲ နည်းပါးပါသည်။
ကားကိုယ်ထည်၏ အပေါ်ယံသွင်ပြင်က မပြောင်းလဲသလို ဗြက်ကျယ်သော ခပ်ဝပ်ဝပ်ကိုယ်ထည် ဟန်ပန်၊ မြင့်မားပေါ်လွင်သော ကားဘီးခုံးဧရိယာ၊ ကားတံခါးအနောက်ဘက်က အရွယ်အစားကြီးမားသော ပါးဟက်ပုံလေစုပ်ပေါက်များနှင့် ကိုယ်ထည်အတွန့်အချိုး ကောက်ကြောင်းတွေကလည်း ခပ်ဆင်ဆင်တူပါသည်။
ကား ခေါင်မိုးကောက်ကြောင်းများသည် ကားအနောက်ဘက်ဆီ လှလှပပ ဆင်းသက်လာပြီး တိကျသေသပ်သော ခပ်ပြားပြား ခပ်တိုတို ကားအနောက်စွန်းဒီဇိုင်းသည် ကား၏ အသွင်ကို ပြိုင်ကားဆန်ဆန် ခံ့ညားလှပဟန် ပေါက်စေပါသည်။
ကားရှေ့မျက်နှာစာမှာ အနက်ရောင် ပေါင်ကွပ်ထားသော ကားရှေ့မီး ဒီဇိုင်းသစ်ပါဝင်သလို ကားအနောက်ဘက်မှာတော့ ယခင်ကဲ့သို့ မီးအုံလေးခု မဟုတ်တော့ဘဲ နှစ်ခုကိုသာ ရိုးရိုးရှင်းရှင်း တပ်ဆင်ပေး ထားပါသည်။
အရှေ့မျက်နှာစာက ထပ်တိုးထားသော Canard ပြားများနှင့် အနောက်ဘက်က GT စတိုင်လ် အနက်ရောင် လေပင့်အားထိန်းတောင်ပံတို့က ကား၏ လေခွင်းအားကို ပိုပြီး တိုးတက်ကောင်းမွန်စေပါသည်။
ကားကိုယ်ထည်တစ်ခုလုံးမှာ မူလကိုယ်ထည်အရောင် တင်မကဘဲ အနက်နှင့် အနီကိုလည်း ရောစပ်ဖန်တီးထားပြီး ကားအရှေ့ဘက် လေကာမှန်ပေါင်၊ ကားခေါင်မိုး ဧရိယာ၊ လေကာမှန်အစွန်း ကားရှေ့စက်ဖုံးပေါ်ကအနက်ရောင်ဧရိယာ၊ ကားရှေ့မီးအုံ၏ ဘေးပတ်လည်ပေါင်၊ လေစုပ်ပေါက်များ၊ ကားဘီးတွေနှင့် ကား အနောက်ဘက်စွန်းဧရိယာတို့ကို အနက်ရောင်အဖြစ် တွေ့မြင်နိုင်ပြီး ကားကိုယ်ထည်အောက်ခံ Undetray ၊ ကိုင်းနှစ်ခွနှင့်ဘေးဘက်မှန်များ၊ ကား ရှေ့စက်ဖုံးပေါ်က အနက်ရောင် Access Panel ဧရိယာပေါင်၊ ဘေးဘက်လေစုပ်ပေါက်၊ ကားအနောက်ဘက် လေပင့်အားထိန်းတောင်ပံနှင့် Rear Diffuser တို့ကို အနီရောင် ဆေးခြယ်ဖန်တီးထားပါသည်။
ကားအရှေ့ဘက်က Front Splitter ၊ အသစ်မွမ်းမံထားသော Access Panel ၊ ဘမ်ပါမှာ တပ်ဆင်ထားသော Canard များ၊ အရွယ်အစားကြီးမားသော အနောက်ဘက်လေပင့် အားထိန်းတောင်ပံနှင့် Rear diffuser များကဲ့သို့ကိုယ်ထည်အစိတ်အပိုင်းများကို ပေါ့ပါးကြံ့ခိုင်သော ကာဗွန်ဖိုင်ဘာသားများနှင့် ဖန်တီးထားခြင်းကြောင့် ကားကိုယ်ထည် အလေးချိန်ကို ပိုပေါ့ပါးစေပါသည်။
ထိုသို့ အလေးချိန်ကို လျှော့ချတည်ဆောက်ထားခြင်းကြောင့်လည်း ယခင်မိုဒယ်များထက် ပိုပြီး ပေါ့ပါးဖျတ်လတ်ပါသည်။
ထပ်တိုးထားသော လေခွင်းအစိတ်အပိုင်းများက မြေဝပ်အားကိုလည်း ပိုကောင်းခြင်းကြောင့် Sport 380 ၏ မြေဝပ်အားသည် ပြိုင်ဘက် Porsche Cayman GT4 ထက်တောင် ပိုကောင်းမွန်ပါသည်။
ကားကို စွမ်းဆောင်ရည်ကောင်းစေသော အဓိကအားသာချက်တွင် ပေါ့ပါးသော ကိုယ်ထည်အလေးချိန်ပါသာဖြစ်ပါသည်။
ကာဗွန်ဖိုင်ဘာသားကားခေါင်မိုးသည် ယခင်ကထက် ပိုလေးသော်လည်း ကာဗွန်ဖိုင်ဘာသား ကားအနောက်ဘက်စွန်းမှာ ယခင်ကထက် ပိုပေါ့ပါးပါသည်။
ထို့ပြင် Sport 380 ၏ ကိုယ်ထည်တစ်ခုလုံး အလေးချိန်သည် Exige 350 ထက်လည်း ၅၅ ပေါင်လောက် ပိုပေါ့ပါသည်။
Sport 380 ပြိုင်ကားသစ်တွင် Sport 350 မိုဒယ်၏ အင်ဂျင်ကို ထပ်တိုးအဆင့်မြင့်တင်ထားသော 3.5 L Supercharged V6 အင်ဂျင် တပ်ဆင်ထားပြီး မြင်းကောင်ရေ ၃၇၅ ကောင်အားအထိ ထုတ်လုပ်ပေး နိုင်ခြင်းကြောင့် Sport 350 ထက် မြင်းကောင်ရေ သုံးဆယ်အား ပိုများပါသည်။
Sport 380 ၏ အမြင့်ဆုံးအမြန်နှုန်းက တစ်နာရီကို ၁၇၈ မိုင်နှုန်းဖြစ်ပြီး ၃ ဒသမ ၅ စက္ကန့်အတွင်းမှာ သုညမိုင်မှ တစ်နာရီ မိုင်ခြောက်ဆယ်နှုန်းရောက်အောင် အရှိန်မြင့်တင်နိုင်ပါသည်။
ထိုနှုန်းထားအရဆိုလျှင် Sport 380 သည် Lotus Sprt 350 ထက်လည်း ပိုပြီး မြန်ဆန်ဖျတ်လတ်ပါသည်။
အင်ဂျင်က ထုတ်လုပ်ပေးလိုက်သော စွမ်းအင်များကို အဆင့်မြင့်တင်ထားသော Manual ဂီယာ ခြောက်ချက်မှတစ်ဆင့် ကားဘီးများဆီ ပို့လွှတ် မောင်းနှင်စေမည်ဖြစ်ပါသည်။
ကားအတွင်းခန်းကိုတော့ Lotus ကားများ၏ ထုံးစံအတိုင်း ကားမောင်းသူကိုသာ အဓိက အသားပေးထားပြီး ကားအတွင်းခန်းနည်းပညာများကို ခေတ်မီအောင် အဆင့်မြင့်ဖန်တီးထည့်သွင်းထားပါသည်။