2017 Lamborghini Huracan LP 610-4 Avio


ကမ္ဘာကျော်ပြိုင်ကားကုမ္ပဏီ Lamborghini သည်နာမည်ကျော် Gallardo ပြိုင်ကားမိုဒယ်ကို အစားထိုးထုတ်လုပ်ထားသည့် Huracan မိုဒယ်ကို ၂၀၁၄ ခုနှစ်မှစတင်ရောင်းချခဲ့ကြောင်းသိရသည်။LP610-4Avio ဟုဆိုသောအမည်မှာ 610 သည်ကားအင်ဂျင်၏စွမ်းအင်ပမာဏ 610PS ကိုရည်ညွှန်းပြီး 4 သည်လေးဘီးယက်စနစ်ကိုဆိုလိုခြင်းဖြစ်ပါသည်။

Huracan မိုဒယ်အတွက်ပထမဆုံးကန့်သတ်မိုဒယ်အဖြစ် Lamborghini ထုတ်အထူးမွမ်းမံဗားရှင်းလိုင်းထဲကို ဝင်ရောက်လာသည့် Huracan Avio သည် အရောင်အသွေး၊ ဒီဇိုင်းအပြင်အဆင်နှင့် အသုံးအဆောင်ပစ္စည်းမှအစ ဗြိတိသျှတော်ဝင်လေတပ်ကို အစွဲပြုဖန်တီးထားခြင်းဖြစ်ပြီး စွမ်းအားပြည့်ဂျက်လေယာဉ်တစ်စီး၏ နည်းပညာ၊ လေခွင်းအားနှင့် ဒီဇိုင်းပုံစံတို့ကိုလည်း မှီငြမ်း ရယူထားကြောင်းသိရသည်။

စုစုပေါင်းကားအစီးအရေ ၂၅၀ သာထုတ်လုပ်ရောင်းချသွားမည့် 2017 Lamborghini Avio စူပါပြိုင်ကားသစ်၏ အခြေခံဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ နှစ်သိန်းကျော်မည်ဖြစ်ကြောင်းသိရသည်။

Lamborghini ထုတ်အထူးကန့်သတ်မိုဒယ်များကဲ့သို့ တံခါးနှစ်ပေါက်နှင့် စူပါပြိုင်ကားသစ်မှာလည်း အထူးဖန်တီးထားသည့် ကိုယ်ထည်အရောင်အသွေးများကို လက်ခံရရှိထားပါသည်။
ကားကိုယ်ထည်အရောင်ကို အီတလီလေတပ်၏ အမှတ်တံဆိပ် logo မှအရောင်ငါးရောင် အတိုင်းဖန်တီးထားသောကြောင့် ဝယ်သူအနေဖြင့် မိးခိုးရောင်၊ အပြာရောင်၊ ငွေမင်ရောင်၊ ခဲပုပ်ရောင်နှင့် အစိမ်းဖန့်ဖန့် သံလွင်သီးရောင်တို့ကို ရွေးချယ်ရရှိနိုင်မည်ဖြစ်ပါသည်။

အရောင်ငါးရောင်ထဲမှ သုံးရောင်မှာမီးခိုးရောင်ကိုသာအခြေခံထားပြီး အပြာရောင်နှင့် အစိမ်းရောင်တို့မှာ Huracan Avio မိုဒယ်ကို တစ်မျိုးတစ်ဖုံကွဲထွက်စေမည့် အရောင်ဆန်းလေးတွေဖြစ်ကြောင်းသိရသည်။

ကိုယ်ထည်အရောင်တစ်ခုချင်းစီမှာ အဖြူ၊ သို့မဟုတ် မိးခိုးရောင်ကို အသုံးပြုပြီး ကားခေါင်မိုးတစ်လျှောက်နှင့် ကားရှေ့စက်ဖုံးပေါ်တွင် နှစ်ကြောင်းတွဲ မျဉ်းပြိုင်နှစ်ကြောင်းအဖြစ် ဒီဇိုင်းထွင် ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။

ထိုမျဉ်းအရောင်ကို ကားဘေးဘက်အနိမ့်ဆုံးနေရာမှ Side Skirt ဧရိယာ၊ ကားရှေ့ဘက် Splitter နေရာနှင့် ကားဘေးဘက်မှန်အထိုင်ခွက်တို့မှာလည်း ကိုယ်ထည်အရောင်နှင့် အရောင်ကွဲအဖြစ် တွေ့မြင်နိုင်မည် ဖြစ်ပါသည်။

လေယာဉ်တည်ဆောက်ရေးပညာကို မှီငြမ်းထားသည့် ဒီဇိုင်းပုံစံအသစ်ကြောင့် ခံ့ညားလှပသော ကားကိုယ်ထည်မှာ ပေါ်လွင်ထင်ရှားသော Huracan မိုဒယ်၏ ကောက်ကြောင်းလိုင်းတွေကို အသွင်သစ်နှင့် မြင်တွေ့ကြရမည်ဖြစ်သည်။

ကား၏ အောက်ခံကိုယ်ထည်ကို ပေါ့ပါးကြံ့ခိုင်သည့် ကာဗွန်ဖိုင်ဘာသားနှင့် အလူမီနီယမ်သတ္တုများကို ပေါင်းစပ်တည်ဆောက်ထားသောကြောင့် ကိုယ်ထည်ပေါ့ပါးရုံသာမက ကျစ်လျစ်တောင့်တင်းပြီး စွမ်းဆောင်ရည်ကိုလည်း ပိုမိုတိုးတက်လာစေပါသည်။

ထို့ပြင်ကားကိုယ်ထည်၏ Double Wishbone ဆိုင်းထိန်းစနစ်တည်ဆောက်ပုံမှာ ကားကို ပြိုင်ကားစစ်စစ်တစ်စီး၏ စွမ်းဆောင်ရည်ရှိသကဲ့သို့ သက်သောင့်သက်သာမောင်းနှင် အသုံးပြုရန်အတွက် အဆင်ပြေစေမည်ဖြစ်ပါသည်။

Avio အထူးထုတ်ကားမိုဒယ်အနေဖြင့် အထူးခြားဆုံးကိုယ်ထည်အပြင်အဆင်တစ်ခုမျာ ကားတံခါးပေါ်မှ ကားအပြင်ဘက်ဘေးမှန်အောက်နားတွင် ထင်ထင်ရှားရှားရေးထိုးတပ်ဆင်ထားသည့် L63 logo တံဆိပ်ဖြစ်ပါသည်။

ထိုမိုဒယ်မှာ သမားရိုးကျပုံစံအတိုင်းကျယ်ဝန်းပြန့်ကားသည့် ကားရှေ့မျက်နှာစာမှာ ထောင့်ချိုးများများ ကောင်ကြောင်းများ ၊ ဆန်းသစ်လှပသော ကားရှေ့မီး၊ အနက်ရောင်လေစုပ်ပေါက်နှင့် ကား၏ မြေဝပ်အားကောင်းစေမည့် Front Splitter တို့ပါဝင်ပါသည်။

ကောက်ကြောင်းလှပသည့် ကားဘေးဘက်တွင် ခပ်ချွန်းချွန်းပုံစံလေစုပ်ပေါက်နှင့်အတူ လှပတောက်ပြောင်သော လက်မနှစ်ဆယ်အရွယ် ကားဘီးများကို လိုက်ဖက်ညီစွာ တပ်ဆင်ပေးထားမည် ဖြစ်ပါသည်။

 

Read 3024 times