2017 BMW 1 Series Sedan


ဆီဒန်ကားမိုဒယ်သစ်လေး 1 Series ကိုအခြေခံမိုဒယ်တင်မက Luxury၊ Sport ဗားရှင်းတို့နှင့်လည်းရရှိနိုင်ပြီး ဗားရှင်းအပေါ်မူတည်ပြီး အင်ဂျင်ကွာခြားမှုရှိပါသည်။

အခြေခံမိုဒယ် 1 Series မှာမြင်းကောင်ရေ ၁၃၆ ကောင်အား 1.5 liter တာဘိုအင်ဂျင် တပ်ဆင်ပေးထားပြီး အဆင့်အမြင့်ဆုံးအနေနဲ့ မြင်းကောင်ရေ ၂၃၁ ကောင်အား 2.0 liter တာဘိုအင်ဂျင်ကိုလည်းရွေးချယ်ရရှိနိုင်ပါသည်။

အင်ဂျင်အားလုံးကို Manual ဂီယာခြောက်ချက်နှင့် တွဲဖက်ပေးထားသောAuto ဂီယာရှစ်ချက်ကိုလည်း ထပ်တိုးရွေးချယ်တပ်ဆင်နိုင်ပါသည်။

အင်ဂျင်၊ စတီယာရင်နှင့် ကား၏ ဆီစားနှုန်းတို့ကို ချိန်ညှိနိုင်စေရန်အတွက် Comfort၊ Sport နှင့် Eco Pro ဟူသော မောင်းနှင်းမှုပုံစံ သုံးမျိုးကို ခွဲခြားထည့်သွင်းပေးထားသောကြောင့် ကားမောင်းသူအနေဖြင့် အခြေအနေအချိန်အခါပေါ်မူတည်ပြီး လိုသလိုချိန်ညှိမောင်းနှင်နိုင်ပါသည်။

ပျမ်းမျှအနေဖြင့် ကား၏ အနိမ့်ဆုံးစုစုပေါင်းဆီစားနှုန်းမှာ တစ်ဂါလန် ၄၂ ဒသမ ၇၇ မိုင်နှုန်းရှိသောကြောင့် ဇိမ်ခံဆီဒန်ကားတစ်စီးအတွက်ဆီစားသက်သာမည်ဖြစ်သည်။

ကားမျက်နှာစာမှာ BMW ၏ပင်တိုင် ကျောက်ကပ်နှစ်မြွှာရှဲလ် နှင့် ကား၏ အရှေ့အလယ်ပိုင်းဧရိယာတို့မှာ တစ်ထပ်တည်းတူညီနေသော်လည်း ကားရှေ့မီးမှာ ပိုပြီးသွယ်လျလှပသောကြောင့် ကားမျက်နှာစာကို ပေ့ါပါးသွက်လက်သည့်ဟန် ပိုပေါက်စေပါသည်။

တြာပီဇီယမ်ပုံစံအောက်ဘက်ရှဲလ်နှင့် သူ၏ တစ်ဖက်တစ်ချက်စီက အရွယ်အစားကြီးကြီးလေစုပ်ပေါက်ကြောင့် ကားရှေ့ဘမ်ပါဧရိယာမှာလည်း အရင်ကထက်ပိုပြီး ခံ့ညားလှပပါသည်။

BMW M မိုဒယ်တွင်တွေ့ရလေ့ရှိသည့် ရှေ့မျက်နှာစာတွင် သုံးပိုင်းခွဲထားသောလေစုပ်ပေါက်တွေမှာလည်း ကား၏ရုပ်ထွက်ကို ပိုပြီးထူးခြားစေပါသည်။

အသစ်မွမ်းမံဒီဇိုင်းထွင်ထားသော ဆဌဂံပုံစံ LED ကားရှေ့မီးတွေမှာ ညအချိန်သော်လည်းကောင်း၊ ရာသီဥတုဆိုးဝါးလွန်းချိန်မှာသော်လည်းကောင်း လမ်းတစ်လျှောက်ကို အလင်းအားကောင်းကောင်းပေးစွမ်းနိုင်ပါသည်။

ကားကိုယ်ထည်ကို လူငယ်တွေကြိုက်နှစ်သက်သည့် အရောင်ကွဲ ၁၀ မျိုးရွေးချယ်ရရှိနိုင်ပြီး ထိုအရောင်တွေထဲတွင် တောက်ပသော အပြာရောင်နှင့် အဆင့်မြင့်လှပသော ရွှေဝါရောင်တို့လည်း ထူးထူးခြားခြားပါဝင်ပါသည်။

လူငါးယောက်စီးနင်းနိုင်သည့် 1 Series Sedan မိုဒယ်သစ်၏ အတွင်းခန်းအပြင်အဆင်အတော်များများမှာ Hatchback နှင့် ခပ်ဆင်ဆင်တူပါသည်။

Start & Stop System ခလုတ်၊ Electric Brake၊ Head-Up Display ရောင်စုံဖန်သားပြင်၊ ၈ ဒသမ ၈ လက်မအရွယ် LED ဖန်သားပြင်နှင့် BMW iDrive System တို့ကဲသို့ ခေတ်မီ BMW ကားတစ်စီး၏ အတွင်းခန်းပစ္စည်းအသုံးအဆောင်ကိုလည်း အစုံအလင်ထည့်သွင်းတပ်ဆင်ပေးထားပါသည်။

ကားမောင်းသူအသားပေးဖန်တီးထားသော ကားရှေ့ခန်းဒီဇိုင်းမှာ စပို့စ်ဆီဒန်ကားတစ်စီးကဲ့သို့မောင်းရပျော်စေပြီး ကားမောင်းသူအတွက် အဆင်ပြေလွယ်ကူစေပါသည်။

အတွင်းခန်းတစ်ခုလုံးကို ပိုကျယ်ဝန်းအောင်စီမံထားသောကြောင့် ကားရှေ့ခန်းမှာရော ကားနောက်ခန်းမှာပါ ဇိမ်ကျကျလိုက်ပါစီးနင်းနိုင်ပြီး အတွင်းခန်းပိုမိုကျယ်ဝန်းစေရန် ကားနောက်ခန်းထိုင်ခုံတွေကိုလည်း ခေါက်ချထားနိုင်ပါသည်။

ထို့ပြင်BMW ၏ အဆိုအရ ကားအတွင်းခန်းမှာ Connected Drive နည်းပညာနှင့်အတူ ကုမ္ပဏီ၏ နောက်ဆုံးပေါ် လုံခြုံရေးအစီအမံများနှင့်အတူ Information system တို့ကိုလည်းထည့်သွင်းတပ်ဆင်ထားပါသည်။

၂၀၁၇ ခုနှစ်မိုဒယ် BMW 1Series Sedan ကားသစ်ကို လာမည့် ၂၀၁၇ ခုနှစ်၏ ပထမနှစ်ဝက်အတွင်းမှာ တရုတ်နိုင်ငံမှာ ဈေးကွက်တင်ရောင်းချသွားမည်ဖြစ်ပြီး ဈေးနှုန်းအနေဖြင့် အမေရိကန်ဒေါ်လာ ၂၆,၁၀၀ မှ ဒေါ်လာ ၃၇,၇၂၀ ကြားရှိနိုင်ကြောင်းသိရသည်။

Source:Automobile Journal

Read 1763 times