2017 Bentley Mulsanne Speed



အခြေခံမိုဒယ် Mulsanne ကဲ့သို့ 6.75Liter Twin-turbocharged V8 အင်ဂျင်တပ်ဆင်ပေးထားသော်လည်း ထပ်တိုးအဆင့်မြှင့်ထားသော နည်းပညာများကြောင့် Mulsanne Speed  အင်ဂျင်မှာ မြင်းကောင်ရေ ၅၃၀ အားအထိထုတ်လုပ်ပေးနိုင်ပါသည်။

အင်ဂျင်မှထုတ်လုပ်ပေးသော စွမ်းအင်များကို ZE Auto ဂီယာရှစ်ချက်မှတစ်ဆင့် ကားနောက်ဘီးတွေဆီ ပို့လွှတ်မောင်းနှင်စေမည်ဖြစ်ပါသည်။

ထပ်တိုးလာသည့် စွမ်းအင်နှင့် ဂီယာတို့က Mulsanne Speed ကိုအခြေခံမိုဒယ်နှင့် အတော်လေးကွဲပြားသွား စေပါသည်။

Mulsanne Speed ၏အမြင့်ဆုံးမြန်နှုန်းမှာ တစ်နာရီမိုင် ၁၉၀ နှုန်းဖြစ်ပြီး ၄ ဒသမ ၈ စက္ကန့်အတွင်းမှာသုညမိုင်မှ တစ်နာရီမိုင်ခြောက်ဆယ်နှုန်းအထိ အရှိန်မြှင့်တင်မောင်းနှင်နိုင်သောကြောင့် အခြေခံမိုဒယ်ထက် ပိုပြီးလျင်မြန် ဖျတ်လတ်ပါသည်။

ကား၏ ဆီစားနှုန်းမှာ မြို့တွင်းမှာ တစ်ဂါလန် ၁၁ မိုင်နှင့် အဝေးပြေးလမ်းမှာ တစ်ဂါလန် ၁၈ မိုင်မောင်းနှင် အသုံးပြုနိုင်မည်ဖြစ်ပါသည်။

တံခါးလေးပေါက်နှင့် ဇိမ်ခံဆီဒန်ကားမိုဒယ်သစ် Mulsanne Speed ၏ ကိုယ်ထည်မှာ ကြီးမားကျယ်ပြန့်သော ရှဲလ် ဒီဇိုင်းသစ်၊ ပြိုင်ကားဆန်ဆန်လေစုပ်ပေါက်နှင့် LED ကားရှေ့မီးတို့အပါအဝင် အခြေခံမိုဒယ်နှင့် ဒီဇိုင်းအပြင်အဆင်များပါဝင်ပါသည်။

၂၀၁၇ မိုဒယ်ကားသစ်အဖြစ်ဒီဇိုင်းမွမ်းမံထားသော ကားဦးထိပ် အရှေ့အလယ်ပိုင်းဧရိယာ၊ ကားစက်ဖုံးသစ်၊ အရှေ့ဘီးခုံဧရိယာ၊ ကားနောက်မြီးဒီဇိုင်းသစ်နှင့် အောက်ခံထည်ပုံစံသစ်တို့ကိုလည်း လက်ခံရရှိထားပါသည်။

ကားရှေ့ဘီးခုံတစ်ဖက်စီ၏ အနောက်ဘက်အောက်ခြေနားမှာလည်း ယခင်လို B ပုံစံလေစုပ်ပေါက်ပါဝင်ပြီး ထိုလေစုပ်ပေါက်နှင့် ကားနောက်ဘီးခုံးတို့ကို ရှည်လျားသော ခရိုမီယမ်ရောင် ဘားတန်းကြီးက သွယ်ဆက်ထားပါသည်။

ယင်းကားအမျိုးအစားတွင်သာပါရှိသော ၂၁ လက်မအရွယ် အဆင့်မြင့် Speed အလွိုင်းဘီးများနှင့် ခပ်ဝိုက်ဝိုက် ခပ်ပြားပြားအိပ်ဇောပိုက်တို့ပါဝင်ပါသည်။

ကားအနောက်ဘက်တွင်လည်း Bentley အမှတ်တံဆိပ်လိုဂိုကို အထင်အရှားတပ်ဆင်ထားပြီး ကားရှေ့ မီးအုံအတွင်းတွင် Bentley ဟူသောစာသားလေးကို လက်ရာမြောက်စွာ ထည့်သွင်းပေးထားသလို ကားဘီးများ၏ အလယ်ဗဟိုမှာလည်း B ဟူသောစာလုံးများပါဝင်ပါသည်။

Mulsanne အမျိုးအစား၏ အတွင်းခန်းမှာ လူငါးယောက်စီးနင်းနိုင်အောင် ကျယ်ဝန်းပြီး အရင်ထက်ဆိတ်ငြိမ် အောင်သာမကဇိမ်ကျသက်သာအောင်လည်း အထူးမွမ်းမံထားပါသည်။

ကားဒက်ရှ်ဘုတ်၊ Four-Spoke စတီယာရင်ဘီး၊ အလယ်ခလုတ်ခုံနှင့် နှစ်ရောင်စပ်ကားတံခါး အတွင်းနံရံတို့ အပါအဝင်အတွင်းခန်းအပြင်အဆင်အတော်များများမှာ တခြားမိုဒယ်များနှင့် ခပ်ဆင်ဆင်တူပါသည်။

ဝယ်ယူသူများအနေဖြင့် Hand-made သစ်ပါးသားပုံစံ ၁၃ မျိုးကိုရွေးချယ်နိုင်သော်လည်း Mulsanne Speed ကားသစ်မှာ Muillner Driving Specification Package ကိုတပါးတည်းထည့်သွင်းပေးထားပါသည်။

အထူးခြားဆုံးမှာ ကားထိုင်ခုံများကို စိန်တုံးကွက်ပုံစံဒီဇိုင်းဖန်တီးထားသော Leather များနှင့်ဆင်ယင် ထားပါသည်။

ထို့ပြင် ကားထိုင်ခုံနောက်မှီများတွင် ကျွမ်းကျင်သော လက်မှုပညာနှင့် ဖန်တီးနှိပ်ခတ်ထားသော Bentley အမှတ်တံဆိပ်လိုဂို B အတောင်ပံတပ်ပုံစံလေးများလည်းပါဝင်ပါသည်။

၂၀၁၇ မိုဒယ် Bentley Mulsanne ဆီဒန်ကားသစ်၏ အခြေခံမိုဒယ်အတွက်ဈေးကို အမေရိကန်ဒေါ်လာ ၃၀၄,၆၇၀ နှင့်အထက်သတ်မှတ်ထားပြီး ပိုအဆင့်မြင့်သော  Mulsanne Speed ၏ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၃၃၅,၆၀၀ နှင့်အထက်ဖြစ်ပါသည်။

Read 1674 times