2017 Aston Martin DB11


ယင်းကားအမျိုးအစားမှာ ကမ္ဘာကျော် James Bond ရုပ်ရှင်တွင် ပင်တိုင်ပါဝင်လေ့ရှိသောနာမည်ကျော် Aston Martin DB9 ပြိုင်ကားမိုဒယ်ကို အစားထိုးထုတ်လုပ်လိုက်သော DB11 မိုဒယ်အသစ်ဖြစ်ပါသည်။

သက်တမ်းရင့်ပြိုင်ကားကုမ္ပဏီ Aston ၏ဒုတိယရာစုနှစ် စီမံကိန်းမှာ ပထမဆုံးမိုဒယ်အဖြစ်ပွဲထုတ်လိုက်သောDB 11မှာကုမ္ပဏီအတွက် အနာဂတ်ခြေလှမ်းသစ်တစ်ခုဖြစ်သကဲ့သို့ Aston နှင့် ဂျာမန်ကားကုမ္ပဏီ Daimler AG တို့ပူးပေါင်းဆောင်ရွက်မှုမှာ ပေါက်ဖွားလာသော ပထမဆုံးကားမိုဒယ်သစ်ဖြစ်ပါသည်။

ခရီးဝေးမောင်းတံခါးနှစ်ပေါက်ဖင်လျှောပြိုင်ကားလေး DB11 ကိုAston ၏ ဒီဇိုင်းသဘောတရားအသစ်များနှင့် ဖန်တီးထားပြီး ၁၉၆၀ ပြည့်လွန်နှစ်ဝန်းကျင်လောက်ကတည်းက Aston ဟု နာမည်ကျော်ကြားစေသော ဂန္တဝင်ဒီဇိုင်းအပြင်အဆင်တွေလည်း ရှိနေပါသေးသည်။

ထို့ပြင်DB11 မိုဒယ်သည် Aston သမိုင်းတစ်လျှောက် စွမ်းအားအပြည့်ဝဆုံးနှင့် စွမ်းဆောင်ရည်အကောင်းမွန်ဆုံး DB မိုဒယ်ဟုလည်းသိရပါသည်။

၂၀၁၆ ခုနှစ်နှစ်ကုန်ပိုင်းလောက်ကတည်းက ဈေးကွက်တင်ရောင်းချရန်စီစဉ်ထားသော ၂၀၁၇ ခုနှစ် မိုဒယ် Aston Martin DB11 ၏ဈေးကို အမေရိကန်ဒေါ်လာ ၂၁၁,၉၉၅ သတ်မှတ်ပေးထားသောကြောင့် DB9 ထက်၁၂ ရာခိုင်နှုန်းခန့် ဈေးပိုများပါသည်။

နာမည်ကျော် DB9 ပြိုင်ကားကို ဆက်ခံမည့် မိုဒယ်သစ်၏ကိုယ်ထည်ဒီဇိုင်းကို James Bond ရုပ်ရှင်၏ ဇာတ်ဝင်ကားအဖြစ် DB 10 ပေါ်ထွက်လာချိန်တွင် ကားမိုဒယ်သစ်၏ဒီဇိုင်းပုံစံကို ခန့်မှန်းသိရှိလာကြပါသည်။

တရားဝင်ပွဲထုတ်ပြသသည့် အချိန်တွင် ထုတ်လုပ်မှုမိုဒယ်အသစ်DB11 ၏ကိုယ်ထည်ဒီဇိုင်းပုံစံအရွယ်အစားမှာ DB10ကိုအခြေခံဖန်တီးထားကြောင်းသိရသည်။

DB11 ၏ အထူးခြားဆုံးအချက်မှာ Aston သည် ၂၀၁၁ ခုနှစ်တည်းက ကုမ္ပဏီထုတ်ကားမိုဒယ်အတော်များများအသုံးပြုခဲ့သော VH ပလက်ဖောင်းအစား Mercedes ၏ စွမ်းဆောင်ရည်လုပ်ငန်းခွဲ AMG နှင့် ပူးပေါင်းဖန်တီးထားသော ပေါ့ပါးကြံ့ခိုင်သည့် ပလက်ဖောင်းတည်ဆောက်ပုံသစ်ကို အသုံးပြုထားပါသည်။

လှပသော ကားရှေ့မျက်နှာစာမှာ ဒီဇိုင်းမွမ်းမံပြင်ဆင်ထားသော ကားစက်ဖုံးနှင့်အတူ DB10 ဟန်လွှမ်းသော Aston ၏ ပင်တိုင်ရှလ်(Grille) ကိုလိုက်ဖက်တင့်တယ်စွာတွေ့မြင်ရမည်ဖြစ်သည်။

ရှဲလ်ထက် နည်းနည်းမြင့်သော ကားဘီးခုံးဧရိယာတစ်ဝိုက်မှ ကားရှေ့မီးများ၏ ဒီဇိုင်းမှာလည်း DB10ကိုအခြေခံဖန်တီးထားသောလည်း DB10 ၏ ကားမီးထက်အနည်းငယ်ပိုကြီးပြီး DB9 ထက်တော့အရွယ်အစားပိုသေးပါသည်။

ကိုယ်ထည်ဘေးပိုင်းမှာ တခြားမိုဒယ်များနှင့် အကွဲပြားဆုံးအစိတ်အပိုင်းဖြစ်သည်။

DB11 မှာကားနောက်ဘီးခုံးဧရိယာာမှာ ပြိုင်ကားဆန်ဆန်ဖျက်လက်ပေါ့ပါးဟန်ပေါက်ပြီး ကားပြတင်းဧရိယာ နောက်ဘက်စွန်းနှင့် ခေါင်မိုးကောက်ကြောင်းမှာ အရင်နှင့်မတူသော ဒီဇိုင်းပုံစံသစ်ဖြစ်ပါသည်။

ကား၏ overhang မှာအရင်မိုဒယ်တွေထက်ပိုတိုပါသည်။

ကားနောက်ဘက်ဆီ ခပ်လျှောလျှောဆင်းသွားသော ပြောင်လက်တောက်ပသော ကားခေါင်မိုးဒီဇိုင်းကို Aston ထုတ် DBX Concept မှရယူထားခြင်းဖြစ်ပြီး ကားပြတင်းဒီဇိုင်းနှင့် ကြံ့ခိုင်တောင့်တင်းသော ကားနောက်ဘီးခုံးမှာ Aston Martine One-77 ၏ အငွေ့အသက်လွှမ်းမိုးနေပါသည်။

DB11 တွင် မြင်းကောင်ရေ ခြောက်ရာအား 5.2 liter Twin-trubocharged V12 အင်ဂျင်တပ်ဆင်ပေးထားပါသည်။

အင်ဂျင်ကထုတ်လုပ်ပေးသော စွမ်းအင်ကို ZF Auto ဂီယာရှစ်ချက်မှတစ်ဆင့် ကားနောက်ဘီးတွေဆီ ပို့လွှတ်မောင်းနှင်စေမည်ဖြစ်သည်။

ကား၏အမြင့်ဆုံးအမြန်နှုန်းမှာတစ်နာရီ မိုင်နှစ်ရာနှုန်းဖြစ်ပြီး ၃ ဒသမ ၉စက္ကန့်အတွင်းတွင် သုညမိုင်မှ တစ်နာရီမိုင်ခြောက်ဆယ်နှုန်းရောက်အောင်အရှိန်မြှင့်တင်မောင်းနှင်နိုင်မည်ဖြစ်သည်။

Source:Automobile journal

Read 1910 times