ပြီးခဲ့သည့်နှစ်အတွက် နှစ်ချုပ်ကားရောင်းချရမှု စာရင်းများအရ ယခုလဆန်းပိုင်းမှစတင်ပြီး ဖြည်းဖြည်းချင်း ထုတ်ပြန်လာသည်ကို တွေ့ရသကဲ့သို့ လက်ရှိတိုးတက်များပြားလာသည့် ပြည်တွင်းမော်တော်ယာဉ် အသုံးပြုမှုနှင့်အတူ စျေးကွက်ဝင်မော်ဒယ်များထဲတွင် လူကြိုက်များသည့် မော်ဒယ်များကို ဖော်ပြပေးလိုက်ပါသည်။
ရာစုနှစ်ဝက်ဝန်းကျင် သက်တမ်းရှိ Toyota Corolla အနေဖြင့် ၂၀၁၅ ခုနှစ်တည်းက ကမ္ဘာ့အရောင်းအရဆုံး မော်ဒယ်အဖြစ် ရပ်တည်နိုင်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင်လည်း တစ်နှစ်အတွင်း အစီးရေ ၁၃၁၆၃၈၃ စီးရောင်းချနိုင်သကဲ့သို့ နံပါတ်(၁) နေရာကို ဆက်ထိန်းထားခဲ့ကြောင့် တွေ့ရပါသည်။
၂၀၁၅ ခုနှစ်အတွင်းရောင်းချရမှု အစီးရေ ၁၃၆၅၃၉၄ စီးထက် အနည်းငယ်လျော့ကျသွားခြင်းဖြစ်ပြီး ရာခိုင်နှုန်းအရ ၃.၆ ရာခိုင်နှုန်း ရောင်းအားကျသွားခြင်းဖြစ်ပါသည်။
အရောင်းရဆုံးနံပါတ်(၂)နေရာတွင် ၂၀၁၅ ခုနှစ်အတွင်းက နေရာဖယ်ပေးခဲ့ရသည့် အမေရိကန်အခြေစိုက် Ford ၏နာမည်ကျော်မော်ဒယ်လ် F-Series က ရပ်တည်နေပါသည်။
၂၀၁၆ ခုနှစ်အတွင်းတွင် F-Series ကအစီးရေ ၉၉၃၇၇၉ စီးရောင်းချနိုင်ခဲ့ပြီး ရောင်းအား ရ.၆ ရာခိုင်နှုန်းတက်လာသကဲ့သို့ ဒုတိယနေရာရောက်လာပါသည်။
၂၀၁၅ ခုနှစ်အတွင်း ဂျာမနီအခြေစိုက် Volkswagen ၏ မော်ဒယ်လ် Golf က ဒုတိယနေရာကို တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်ပြီး F-Series ကနံပါတ်(၃) နေရာရခဲ့ခြင်းဖြစ်ပါသည်။
တတိယနေရာကိုတော့ VV Golf ကပြန်ဆင်းသွားပြီး ရောင်းအား ၆.၂ ရာခိုင်နှုန်းကျဆင်းသွားသောကြောင့် အစီးရေ ၉၉၁၄၁၄ စီးပဲ ရောင်းချနိုင်ခဲ့တာ တွေ့ရပါသည်။
ထိုသို့ဖြစ်ခဲ့ခြင်းမှာ ပြီးခဲ့သည့်နှစ်အတွင်းက VW ၏ကားများတွင် ဓာတ်ငွေ့ထုတ်လွှတ်မှုဆိုင်ရာအားနည်းချက်ပေါ်ပေါက်ခဲ့သောကြောင့် ရောင်းအားကျဆင်းသွားခြင်းလည်း ဖြစ်ပါသည်။
ရောင်းအားအမြင့်ဆုံး နံပါတ်(၄) နေရာတွင်တော့ တောင်ကိုရီးယားအခြေစိုက် Hyundai ၏မော်ဒယ်လ် Elantra က အစီးရေ ရ၈၈၀၈၁ စီးဖြစ်ပါသည်။
နံပါတ် (၅) နေရာတွင် ဂျပန်အခြေစိုက် Honda ၏ CR-V မော်ဒယ်က အစီးရေ ရ၅၂၄၆၃ စီးဖြစ်ပါသည်။
နံပါတ်(၆) နေရာတွင် အမေရိကန်အခြေစိုက် Ford ၏ Focus မော်ဒယ်က အစီးရေ ရ၃၄၉၃၅ စီးစသဖြင့် အသီးသီးရှိနေပါသည်။
နံပါတ် (၇) နေရာတွင် ဂျပန်အခြေစိုက် Toyota ၏ RAV-4 မော်ဒယ်က အစီးရေ ရ၂၄၁၉၈ စီးဖြစ်ပါသည်။
နံပါတ် (၈) နေရာတွင် ဂျာမနီအခြေစိုက် Volkswagen ၏ Polo မော်ဒယ်က အစီးရေ ရ၀၄၀၆၂ စီးနှင့်ဖြစ်ပါသည်။
နံပါတ်(၉) နေရာတွင် ဂျပန်အခြေစိုက် Honda ၏ Civic မော်ဒယ်ကအစီးရေ ၆၆၈၇၀၇ စီးနှင့် ဖြစ်ပါသည်။
နံပါတ်(၁၀) နေရာတွင် ဂျပန်အခြေစိုက် Toyota ၏ Camry မော်ဒယ်က အစီးရေ ၆၆၀၈၆၈ စီးရောင်းချခဲ့ရပြီး အစဉ်လိုက် ရပ်တည်နေတာတွေ့ရပါသည်။
ယင်းမော်ဒယ်အားလုံးထဲတွင် Honda Civic ကရောင်းအားတက်နှုန်းအမြင့်ဆုံးဖြစ်ပြီး ၂၀၁၅ ခုနှစ် ရောင်းအားထက် ၁၈.၇ ရာခိုင်နှုန်းမြင့်တက်လာတာလည်း ဖြစ်ပါသည်။