သက်တမ်း ၆၇ နှစ် Mercedes ကို ဒေါ်လာ ၁၄၂ သန်းဖြင့် လေလံဆွဲသဖြင့် ဈေးအကြီးဆုံးကားအဖြစ် ရောက်ရှိ


သက်တမ်း ၆၇ နှစ် Mercedes ကို ဒေါ်လာ ၁၄၂ သန်းဖြင့် လေလံဆွဲသဖြင့် ဈေးအကြီးဆုံးကားအဖြစ် ရောက်ရှိ

 

နှစ်စီးတည်းသာ ထုတ်လုပ်ထားတဲ့  1955 Mercedes-Benz တစ်စီးကို လေလံပစ်ခဲ့တာမှာ ယူရို ၁၃၅ သန်း ဖြင့် လေလံဆွဲသွားတာကြောင့် ကမ္ဘာ့ဈေးအကြီးဆုံးကား အဖြစ်သို့ရောက်ရှိကြောင်း လေလံလုပ်ငန်း  RM Sotheby’ က ၂၀၂၂ မေလ ၁၉ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ 

 

 

"၁၉၅၅ ခုနှစ်မှာ ထုတ်လုပ်ခဲ့တဲ့  1955 Mercedes-Benz 300 SLR Uhlenhaut Coupe ကို လေလံတင်ခဲ့ရာ စံချိန်တင် ဈေးနှုန်း ယူရိုဒေါ်လာ ၁၃၅,၀၀၀,၀၀၀ ဖြင့် တသီးပုဂ္ဂလ ကားစုဆောင်သူတစ်ဦးကို ရောင်းချခဲ့ပါတယ်" လို့ လေလံလုပ်ငန်းရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ယူရိုဒေါ်လာ ၁၃၅,၀၀၀,၀၀၀ က အမေရိကန်ဒေါ်လာ ၁၄၂ သန်းနှင့် ညီမျှပါတယ်။ 

ကားရောင်းဈေး စံချိန်ဟောင်းက 1962 Ferrari 250 GTO  ကို ၂၀၁၈ ခုနှစ်က အမေရိကန်ဒေါ်လာ ၄၈ သန်းဖြင့် လေလံဆွဲခဲ့တာ ဖြစ်ပါတယ်။ ယခု စံချိန်သစ်က စံချိန်ဟောင်းထက် ၃ ဆ သာပါတယ်။

ဖိတ်ကြားခံရသူများသာ ပါဝင်ရတဲ့ လေလံပွဲဖြစ်ပြီး မေလ ၅ ရက်မှာ ဂျာမနီနိုင်ငံ စတက်ဂတ်မြို့ရှိ  MercedesBenz  ပြတိုက်မှာ ကျင်းပခဲ့ပါတယ်။

သက်တမ်း ၆၇ နှစ် ရှိပြီ ဖြစ်တဲ့ ကားကို ဖန်တီးပေးခဲ့တဲ့ အင်ဂျင်နီယာ Rudolf Uhlenhaut ကို ဂုဏ်ပြုသောအားဖြင့် Mercedes-Benz 300 SLR Uhlenhaut Coupe လို့ သူ့အမည်ထည့်သွင်းပြီး မော်ဒယ်အမည် ပေးထားပါတယ်။ အမြန်ဆုံး အမြန်နှုန်း တစ်နာရီ ၁၈၆ မိုင်အထိ ပြေးတဲ့ အိမ်စီးပြိုင်ကား ဖြစ်ပေမဲ့ ကားပြိုင်ပွဲတွေမှာ ဝင်ပြိုင်ဖို့် ရည်ရွယ်ပြီး ထုတ်လုပ်ထားပါတယ်။ ဆလင်ဒါ ၈ လုံးထိုး မြင်းကောင်ရေ ၃၀၀ အား ရှိတဲ့ အင်ဂျင် တပ်ဆင်ထားပါတယ်။
ကားနှစ်စီး ထုတ်လုပ်ပြီးချိန်မှာ Mercedes  က ကားပြိုင်ပွဲ ဝင်ပြိုင်တာတွေ ရပ်လိုက်တဲ့အတွက် နှစ်စီးစလုံး တစ်ခါမျှ ပြိုင်ပွဲမဝင်ခဲ့ရပါ။ 


 တံခါးနှစ်ပေါက်ပါပြီး တံခါးချပ်တွေက ဇင်ယော်တောင်ပံ ဖြစ်ပါတယ်။ ဆိုလိုတာက ဖွင့်ထားချိန်မှာ ဇင်ယော်တစ်ကောင် ဖြန့်ထားတဲ့ တောင်ပံနဲ့ ဆင်ဆင်တူနေတဲ့ ဒီဇိုင်း ဖြစ်တာကြောင့် ဇင်ယော်တောင်ပံ  "Gullwing"  လို့ အမည်တွင်တာ ဖြစ်ပါတယ်။ 

 

 

ဝယ်ယူသွားသူက ရံဖန်ရံခါမှာ ကားကို လူအများ ကြည့်ရှုခွင့်ရအောင် ပြသပေးဖို့ သဘောတူထားပါတယ်။ နှစ်စီးတည်း ထုတ်လုပ်ထားတာမှာ ကျန်တဲ့တစ်စီး Uhlenhaut Coupe  ကိုတော့ Mercedes-Benz  ကုမ္ပဏီပိုင်အဖြစ် ဆက်ရှိနေဆဲဖြစ်ပြီး  ဂျာမနီနိုင်ငံ စတက်ဂတ်မြို့ရှိ  MercedesBenz  ပြတိုက်မှာ ပြသပေးထားပါတယ်။

ဝယ်ယူသူ မည်သူမည်ဝါဆိုတာ ထုတ်ဖော်အသိပေးခြင်း မပြုပါဘူး။ ဝယ်ယူသူကိုယ်စားလှည်အဖြစ် ဗြိတိသျှမှ ဂန္ထဝင်ကား ရောင်းဝယ်ရေးလုပ်ငန်းရှင် Simon Kidston က လေလံပွဲကို တက်ရောက်ပြီး လေလံအောင်ခဲ့တာ ဖြစ်ပါတယ်။ 

ကားလေလံမှ ရရှိတဲ့ ငွေကို Mercedes-Benz Fund ထူထောင်ဖို့ အသုံးပြုမှာ ဖြစ်ပါတယ်။ Mercedes-Benz Fund က ကမ္ဘာ့ပညာသင်ဆု ရန်ပုံငွေ ဖြစ်ပါတယ်။ 

 

လေလံပွဲ မှတ်တမ်း


 

 

 

 

 

 

 

 

 

 

 

 

 

နညိ

 

Read 3484 times