လူစီးကားများသာမက လုပ်ငန်းသုံးကားများပါ အရောင်းအဝယ်ဖြစ်လာသည့် ကားဈေးကွက်နှင့် ကားဈေးနှုန်းများ


 

ဈေးကွက်မတည်ငြိမ်သဖြင့် ရန်ကုန်အဝယ်များသာမက နယ်အဝယ်များပါ ဆင်းနေသည့်အတွက် အရောင်းအဝယ်ပြန်လည်ကောင်းမွန်လာကြောင်း သိရပါသည်။

ယခင်လများက မူဝါဒများ မတည်ငြိမ်သည့်အတွက် ကားဈေးနှုန်းများ တည်ငြိမ်မှုမရှိခဲ့သလို အရောင်းအဝယ်လည်း အေးစက်ခဲ့ပါသည်။

သင်္ကြန်ကာလပြီး နောက်ပိုင်းတွင် ဈေးကွက်တဖြည်းဖြည်း တည်ငြိမ်လာသဖြင့် အရောင်းအဝယ်ပုံမှန်ပြန်ဖြစ်လာပြီး နယ်အဝယ်များ ဆင်းနေသည့်အတွက်လည်း ရန်ကုန်လိုင်စင်များသာမက နယ်လိုင်စင်ကားများပါ အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။ 

အရောင်းအဝယ်ပုံမှန်ဖြစ်လာသည်ဟု ဆိုသော်လည်း ကျပ်သိန်း ၁၅၀ မှ နှစ်ရာဝန်းကျင်ကားများသာ အရောင်းအဝယ်အဖြစ်များကြောင်း သိရပါသည်။

မူဝါဒများ တည်ငြိမ်လာသည့်အတွက် လိုအပ်သူများ ပြန်ဝယ်လာကြခြင်းကြောင့် အရောင်းအဝယ်ပြန်ကောင်းလာခြင်းဖြစ်ကြောင်း အောင်ကမ္ဘာကားအရောင်းစင်တာ မန်နေဂျာမှ ပြောကြားခဲ့ပါသည်။

ယာဉ်ရောင်းဝယ်ရေးစခန်းများတွင်လည်း နယ်အဝယ်များပြန်ဆင်းလာသည့်အတွက် စလစ်ကပ်ကားများသာမက ဖရီးပါမစ်ဘယ်မောင်းကားများပါ အရောင်းအဝယ်ပုံမှန်ပြန်ဖြစ်လာကြောင်း သိရပါသည်။

အထက်မြန်မာပြည်ဘက်မှ နယ်အဝယ်များအဆင်းများသဖြင့် လုပ်ငန်းသုံးကားများသာမက အိမ်စီးကားများပါ အရောင်းအဝယ်ဖြစ်နေပါသည်။

နံပါတ်ထွက်ပြီးသား ကားများထဲတွင် ၁၃၀၀ စီစီ၊ ၁၅၀၀ စီစီ ကားများဖြစ်သည့် Probox၊ Fit၊ Belta၊ Ractis၊ Fit Shuttle၊ GK 3 ကားများ အရောင်းအဝယ် အဖြစ်များသည် စလစ်ကပ်ကားများထဲတွင် စတိနံပါတ်များမှာ အရောင်းအဝယ်နည်းသော်လည်း နံပါတ်ထွက်ပြီးသား ကားများထဲ၌ Alphard၊ Wish၊ Kluger ကားများ အရောင်းအဝယ်ဖြစ်ကြောင်း ကားဝယ်/ရောင်းများက ဆိုပါသည်။

ရန်ကုန်လိုင်စင်ဖြင့် ကားဝယ်ယူခွင့်မူဝါဒ ထွက်ပေါ်မလာသေးသည့်အတွက် ကားတင်သွင်းမှုများ လျော့နည်းသွားပြီး နံပါတ်ထွက်ပြီးသားကားများနှင့် ကားအရောင်းစင်တာများမှ တင်သွင်းသည့် ဂျပန်ညာမောင်းကားများသာ အရောင်းအဝယ်ဖြစ်နေသည်။

ရန်ကုန်ကားတင်သွင်းခွင့်မူဝါဒကို စောင့်ဆိုင်းနေချိန်တွင် Brand New ကားများ၏ ဈေးကွက်လည်း ထင်သလောက်ကောင်းမလာဘဲ တစ်လလျှင် အစီးနှစ်ထောင်ကျော်သာ အရောင်းအဝယ်ဖြစ်ကြောင်း ကားသစ်တင်သွင်းရောင်းချသူများထံမှ သိရပါသည်။

စတိနံပါတ်ကားများ အရောင်းအဝယ်ကောင်းမလာသေးသည့်အတွက် စလစ်ဈေးလည်း ဈေးတန်းတစ်ခုတွင် ရပ်တန့်နေပြီး ရန်ကုန်လိုင်စင်သက်တမ်းနှစ် နှစ်ဆယ်စလစ်သည် ကျပ် ၁၂၅ သိန်း ဝန်းကျင်းနှင့် တိုက်ကြေစလစ် ကျပ်သိန်းတစ်ရာဝန်းကျင်တွင် အရောင်းအဝယ်ရှိနေသည်။

နယ်လိုင်စင်ကားများမှာ ဝယ်လက်နည်းနေသဖြင့် လိုအပ်သည့်သူများသာ ဈေးနှုန်းညှိနှိုင်းပြီး အရောင်းအဝယ်ပြုလုပ်နေကြောင်း ကားဈေးကွက်အတွင်းမှ သိရပါသည်။

ကားဈေးနှုန်းများ

စဉ်    ကားအမျိုးအစားများ    နံပါတ်    မိုဒယ်  ဈေးနှုန်း
၁ Toyota Vitz BGO 2011 180
၂ Honda Fit YGN 2011 150
၃ Toyota Wish YGN 2011 365
၄ Toyota Belta ယာယီ 2011 220
၅ Suzuki Carry Truck YGN 2007 85
၆ Toyota Hiace YGN 2007 390
၇ Suzuki Swift BGO 2011 175
၈ Toyota Probox MDY 2007 145
၉ Honda Insight MDY 2010 225
၁၀ Toyota Kluger YGN 2004 350

Source:automobile

Read 752 times