ဥပဒေသစ်များကို အာရုံစိုက်နေသဖြင့် အရောင်းအဝယ်အေးစက်နေသော ကားဈေးကွက်အခြေအနေနှင့် ကားဈေးနှုန်းများ

ဝင်ငွေခွန်ပြောင်းအလဲကို စောင့်ကြည့်နေသည့်အတွက်လည်း ယာဉ်ရောင်းဝယ်ရေးစခန်းများတွင် သာမက Brand New Showroom များနှင့် Used Car Sale Center များတွင်လည်း အရောင်းအဝယ်အေးစက်နေပါသည်။

YVQC စနစ်နှင့် ပတ်သတ်၍လည်း တင်သွင်းခွင့်ရမည့်အစီးရေ၊ ကောက်ခံမည့်အခွန်နှုန်းထားများအပေါ် သတင်းအမျိုးမျိုးထွက်ပေါ်နေသည့်အတွက် ကားဝယ်ယူမည့်သူများက အပြောင်းအလဲကို စောင့်ကြည့်နေကြပါသည်။

လက်ရှိဘဏ္ဍာနှစ်တွင် ပြည်ပမှ တင်သွင်းလာသည့် ကားများနှင့် ပြည်တွင်းထုတ်ကားများကို ဝင်ငွေခွန်ကောက်ခံရာ၌ ကျပ်သိန်းသုံးရာအထိကားများကို ၁၅ ရာခိုင်နှုန်း၊ သိန်း ၃၀၁ ကျပ်မှ သိန်းတစ်ထောင် အထိကားများကို ၂၀ ရာခိုင်နှုန်းနှင့် ကျပ်သိန်းတစ်ထောင်အထက်ကားမျာကို ၃၀ ရာခိုင်နှုန်း ကောက်ခံလျှက်ရှိရာ လာမည့်ဘဏ္ဍာနှစ်တွင် တန်ဖိုးမခွဲခြားဘဲ ၃ ရာခိုင်နှုန်းသာ ကောက်ခံမည်ဟု သတင်းများ ထွက်ပေါ်နေပါသည်။

အခွန်ကောက်ဥပဒေမူကြမ်းအရ ဝင်ငွေခွန်များလျှော့ပေါ့ကောက်ခံပါက တန်ဖိုးအပေါ်မူတည်ပြီး ပေးဆောင်ရမည့်အခွန်နှုန်းထားမာျး လျော့နည်းသွားမည်ဖြစ်ရာ ယင်းအပြောင်းအလဲကို စောင့်ကြည့်နေကြသောကြောင့် ဈေးကွက်အေးစက်သွားခြင်းဖြစ်ကြောင်းသိရပါသည်။

ယခုရက်ပိုင်းအတွင်း ကားဝယ်/ ရောင်းများနှင့် ဝယ်လက်အများစုမှာ YVQC စနစ်နှင့် ဝင်ငွေခွန်အပြောင်းအလဲအပေါ် အာရုံစိုက်နေကြသည့်အတွက် ၁၃၀၀ စီစီနံပါတ်ထွက်ပြီးသား ကားများနှင့် ၆၆၀ စီစီ Pick-up ကားလေးများသာ အရောင်းအဝယ်ရှိကြောင်းသိရပါသည်။

ကားအရောင်းစင်တာမာျးမှ တင်သွင်းထားသည့် စလစ်ကပ်ကားများမှာ ဝင်ငွေခွန်လျှော့ချပေးမည်ဆိုသော သတင်းများကြောင့် အရောင်းအဝယ်အေးနေပြီး ဧပြီလတွင် ထုတ်ပြန်မည့်မူဝါဒများ ထွက်ပေါ်ပြီးမှသာ အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာနိုင်ကြောင်း ကားတင်သွင်းသူများက သုံးသပ်ထားကြသည်။

ယခင်နှစ်များက သင်္ကြန်ကာလမတိုင်မီ အရောင်းအဝယ်ကောင်းလေ့ရှိသော်လည်း ယခုအခါ ကားဈေးကွက်ကို ကြီးမားစွာလှုပ်ခတ်နိုင်မည့် အပြောင်းအလဲများအား စောင့်ကြည့်နေမှုများကြောင့် ဈေးကွက်အခြေ အနေအေးစက်နေပြီး ကျောင်းဖွင့်ရာသီဖြစ်သည့် ဇွန်၊ ဇူလိုင်လရောက်မှသာ အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာနိုင်ဖွယ်ရှိကြောင်း ဝယ်/ရောင်းများက ခန့်မှန်းထားကြပါသည်။

ကားဈေးနှုန်းများ

စဉ်    ကားအမျိုးအစား    နံပါတ်    မိုဒယ်    ဈေးနှုန်း
၁ Toyota Alphard YGN 2003 355
၂ Toyota Wish YGN 2011 340
၃ Toyota Axio ယာယီ 2013 280
၄ Daihatsu Hijet BGO 2012 110
၅ Toyota Probox BGO 2012 180
၆ Honda Fit ယာယီ 2011 230
၇ Honda Insight MDY 2012 240
၈ Toyota Land Cruiser YGN 2010 1930
၉ Toyota Ractis BGO 2012 185
၁၀ Toyota Harrier YGN 2004 465

 

Read 1128 times