ကားအင်ဂျင်အရွယ်အစားကို ဆုံးဖြတ်တဲ့ သွင်းကုန်ခွန်


ကားထုတ်လုပ်တဲ့ လုပ်ငန်းတွေက ကြီးမားတဲ့ ကားဈေးကွက်ကြီးတစ်ခု ဖြစ်တဲ့ တရုတ်ပြည်တွင်းဈေးကွက်မှာ ကားတွေ ရောင်းချဖို့ တရုတ်ပြည်မှာ ကားစက်ရုံတွေ ထူထောင်ပြီး ထုတ်လုပ်ကြတယ်။ တရုတ်ပြည်တွင်း ကားထုတ်လုပ်တဲ့ လုပ်ငန်းတွေက ပြည်ပကားလုပ်ငန်းကို ဝယ်ယူလုပ်ကိုင်ကြတာ ရှိသလို ဖက်စပ်လုပ်ကိုင်တာတွေလည်း ရှိတယ်။ ကားတွေ ထုတ်လုပ်ပြီး ပြည်တွင်းဈေးကွက်မှာသာမက ပြည်ပဈေးကွက်တွေကိုပါ တင်ပို့ကြလို့ တရုတ်နိုင်ငံထုတ် ကားတွေ အလုံးအရင်းဖြင့် နိုင်ငံတကာဈေးကွက်ထဲသို့ ရောက်ရှိလာကြတယ်။ တစ်နည်းပြောရရင် အပြိုင်အဆိုင်ကြမ်းတဲ့ ကမ္ဘာ့ဈေးကွက်ယှဉ်ပြိုင်မှုက စိန်ခေါ်နေတာကို ဝင်ရောက် ယှဉ်ပြိုင်ကြရတာ ဖြစ်ပါတယ်။ 
အိမ်စီးကား၊ ဗင်၊ ထရပ်အပေါ့စား၊ ထရပ်၊ crossover SUV စတဲ့ကားပုံစံတွေ တင်ပို့ကြတယ်။ 
အဲဒီလို တင်ပို့ကြတာမှာ အိမ်စီးကား၊ ဗင်၊ ထရပ်အပေါ့စား၊  crossover SUV  ကားပုံစံတွေကို အများသောအားဖြင့် အင်ဂျင် အရွယ်အစား 1.5-liters နဲ့အောက် အရွယ်အစားဖြင့် ထုတ်လုပ်ထားကြတယ်။ တစ်နည်းပြောရရင် အင်ဂျင်အရွယ်အစားက 1.5-liters ထက် ပိုမကြီးကြဘူး။ 


အခုလို 1.5-liters ကို ဘောင်ခတ်ထားကြတာအတွက် ပဓာနကျတဲ့ အကြောင်းရင်းကတော့ သွင်းကုန်ခွန်နှုန်းထားတွေ ဖြစ်ပါတယ်။
ကားတွေကို ပြည်ပဈေးကွက်တွေထဲ တင်ပို့ ရောင်းချတဲ့အခါ ပေးဆောင်ရတဲ့ သွင်းကုန်ခွန်တွေဟာ ကားရောင်းချတဲ့ ဈေးနှုန်းတွေမှာ ကုန်ကျစရိတ်တစ်ခုအဖြစ် မပါမဖြစ် ထည့်သွင်းတွက်ချက်ပြီး ဈေးနှုန်း သတ်မှတ်ကြရတာကြောင့် ကားဈေးနှုန်း ချိုသာတဲ့ အားသာချက်ဖြင့် ပြိုင်ဘက်တွေကို ယှဉ်ပြိုင်နိုင်ဖို့ သွင်းကုန်ခွန် သက်သာမယ့် နည်းလမ်းကို ရှာကြံပြီး သုံးစွဲကြတယ်။ 

နမူနာအဖြစ် အာဆီယံဈေးကွက်ကို ကြည့်မယ်ဆိုရင် အာဆီယံနဲ့ တရုတ်နိုင်ငံတို့အကြား လွတ်လပ်ကုန်သွယ်ရေး သဘောတူညီချက်နဲ့ သွင်းကုန်စည်းမျဉ်းစည်းကမ်းတွေအရ မော်တော်ယာဉ်တစ်စီးကို တရုတ်နိုင်ငံမှ တင်သွင်းရင် အင်ဂျင်အရွယ်စား 1500cc နဲ့ အောက် ဖြစ်မှသာလျှင် သွင်းကုန်ခွန် ၅% မျှဖြင့် တင်သွင်းနိုင်တယ်။ 

အာဆီယံ ကျင့်သုံးတဲ့ အခွန်စနစ် ဖြစ်တဲ့ AHTN (ASEAN Harmonized Tax Nomenclature) မှာ ဖိလစ်ပိုင်နိုင်ငံကို နမူနာအဖြစ် ကြည့်ရင် ကွယ်လွန်သူ ဖိလစ်ပိုင်သမ္မတ အာကွီနိုလက်ထက် ၂၀၁၂ ခုနှစ်မှာ တရုတ်နဲ့ ဖိလစ်ပိုင် နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်အရ ၂၀၁၈ ခုနှစ်မှ စလို့ အင်ဂျင်အရွယ်အစား 1500cc နဲ့ အောက် မော်တော်ယာဉ် အမျိုးအစားတွေအတွက် သွင်းကုန်ခွန်ကို ၂၀ % အစား ၅% သို့ လျှော့ချသတ်မှတ်ကောက်ခံပါတယ်။ ဒီတော့ အဲဒီသဘောတူညီချက်ထဲ ဘောင်ဝင်မယ့် အင်ဂျင် အရွယ်အစားတွေကို သုံးစွဲပြီး ကားတွေ ထုတ်လုပ်တင်ပို့ကြတယ်။

 

Ford က သူ့ရဲ့  EcoSport ကားကို ၂၀၁၄ ခုနှစ်မှာ ထိုင်းနိုင်ငံရှိ Ford ကားစက်ရုံမှာ ထုတ်လုပ်ခဲ့တယ်။ နောက်တော့ ရှေ့မျက်နှာကို ပုံစံပြောင်းလိုက်တဲ့အခါ တရုတ်နိုင်ငံရှိ ဖက်စပ်လုပ်ငန်း Changan Ford စက်ရုံမှာ ထုတ်လုပ်ပြီး အာဆီယံဈေးကွက်ထဲကို တင်ပို့တယ်။ အဲဒီမော်ဒယ်အတွက် ရွေးစရာ အင်ဂျင်အမျိုးအစား နှစ်မျိုး စီစဉ်ပေးထားတယ်။ ဆလင်ဒါသုံးလုံး တာဘိုမပါ 1499cc အရွယ်အစားအင်ဂျင်ဖြင့် တစ်မျိုး ထုတ်လုပ်တယ်။ နောက်တစ်မျိုးကို  ဆလင်ဒါသုံးလုံး တာဘိုပါ 999cc အရွယ်အစားအင်ဂျင်ဖြင့် ထုတ်လုပ်တယ်။ ဒီတော့ 1499cc အရွယ်အစားအင်ဂျင်ဖြင့် ထုတ်လုပ်တဲ့ကားတွေက 1500cc နဲ့ အောက် မော်တော်ယာဉ် အမျိုးအစားမှာ အကျုံးဝင်ပြီး သတ်မှတ်ထားတဲ့ လျော့ပေါ့အခွန်နှုန်းထား ခံစားခွင့်ကို ရရှိတယ်။ အလားတူပင် 999cc အရွယ်အစားအင်ဂျင်ဖြင့် ထုတ်လုပ်တဲ့ ကားတွေကလည်း 1000ccနဲ့ အောက် မော်တော်ယာဉ် အမျိုးအစားမှာ အကျုံးဝင်ပြီး သတ်မှတ်ထားတဲ့ လျော့ပေါ့အခွန်နှုန်းထား ခံစားခွင့်ကို ရရှိတယ်။
တကယ်လို့ အရင်အတိုင်း ထိုင်းနိုင်ငံရှိ Ford စက်ရုံမှာ  EcoSport ကားကို ထုတ်လုပ်ပြီး ဖိလစ်ပိုင်ပြည်တွင်းစေဈးကွက်ထဲ တင်ပို့မယ်ဆိုရင် အခုလို အင်ဂျင် အရွယ်အစားကို သိပ်အလေးထားနေဖို့ မလိုဘူး။ ဘာလို့လဲဆိုတော့ အာဆီယံအတွင်း ထုတ်လုပ်တဲ့ကား ဖြစ်နေရင် သွင်းကုန်ခွန်  0%  သတ်မှတ်ထားလို့ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် သွင်းကုန်ခွန် ကောက်ခံခြင်း မရှိဘူး။ တရုတ်နိုင်ငံသို့ ပြောင်းရွှေ့ထုတ်လုပ်လိုက်တဲ့အတွက် ဖိလစ်ပိုင်ပြည်တွင်းဈေးကွက်သို့ တင်ပို့ဖို့ အခုလို အင်ဂျင်အရွယ်အစားတွေ သတ်မှတ်ပြီး ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ Ford က သူ့ရဲ့ Territory ကို တရုတ်နိုင်ငံရှိ နောက်ထပ် ဖက်စပ်လုပ်ကိုင်တဲ့ Jiangling Ford မှာ ထုတ်လုပ်တယ်။ ဆလင်ဒါလေးလုံး တာဘိုပါ 1492cc အင်ဂျင်အရွယ်အစားဖြင့် ထုတ်လုပ်တယ်။ ဖိလစ်ပိုင်ဈေးကွက်ကို တင်ပို့တော့ EcoBoost လို့ တံဆိပ်ကပ်တယ်။ 

 

 

Volkswagenကလည်း ဖိလစ်ပိုင်ပြည်တွင်းဈေးကွက်အတွက် ထုတ်လုပ်တဲ့ကားတွေကို ၂၀၁၈ ခုနှစ်ကစလို့ 1.5-liters မကျော်တဲ့ အင်ဂျင်အရွယ်အစားတွေနဲ့ ထုတ်လုပ်တယ်။ Santana, Santana GTS နဲ့ T-Cross တို့ကို ဆလင်ဒါလေးလုံး 1498cc အင်ဂျင်အရွယ်အစားဖြင့် ထုတ်လုပ်တယ်။  Lamando နဲ့  Lavida တို့ကို တာဘိုပါ 1395cc အင်ဂျင်အရွယ်အစားဖြင့် ထုတ်လုပ်တယ်။ 

 

Geely ကလည်း ရောင်းကောင်းတဲ့ Coolray ၊ အရွယ်ပိုကြီးတဲ့ Azkarra နဲ့ အရွယ်ပိုပြီး ကြီးမားတဲ့ Okavango တို့ကို ဆလင်ဒါ သုံးလုံး တာဘိုပါ 1499cc အင်ဂျင်အရွယ်အစားဖြင့် ထုတ်လုပ်တင်ပို့တယ်။ 

Chevrolet က သူ့ရဲ့  Tracker ကို တာဘိုပါ 999cc  အင်ဂျင်အရွယ်အစားဖြင့် ထုတ်လုပ်တယ်။  MG ကလည်း အလားတူ မဟာဗျူဟာ ကျင့်သုံးတယ်။ သူထုတ်လုပ်မယ့် ကားတွေအတွက် အင်ဂျင်အရွယ်အစား နှစ်မျိုး သတ်မှတ်ထားတယ်။ တာဘိုမပါ 1498cc နဲ့ တာဘိုပါ 1490cc တို့ ဖြစ်ပါတယ်၊ Chery နဲ့ Changan တို့ကလည်း 1.5L နဲ့အောက် အင်ဂျင်အရွယ်အစားတို့ဖြင့် ထုတ်လုပ်ပါတယ်။ 

သွင်းကုန်ခွန်နှုန်းထား သတ်မှတ်ပြဋ္ဌာန်းကြတာမှာ ကားကိုယ်ထည် ကြီးတာသေးတာ အကြောင်းမဟုတ်ဘဲ အင်ဂျင်အရွယ်အစား  cc (cubic centimeters) အရ သတ်မှတ်ကြတယ်။ (1,000 cc = 1 litre) 
AHTN မှာလည်း အလားတူပင် cc ဖြင့် ပိုင်းခြားသတ်မှတ်ထားတယ်။ ဒီတော့ အင်ဂျင်အရွယ်အစားဟာ 1500cc (1.5L) ကျော်သွားတာနဲ့ သွင်းကုန်ခွန်နှုန်းထား မြင့်မားသွားပါတယ်။ ဉပမာအားဖြင့် အင်ဂျင်အရွယ်အစားက 1501cc နဲ့အထက်ဆိုရင် သွင်းကုန်ခွန် ၅% အစား ၃၀% ပေးရတော့မှာ ဖြစ်ပြီး ကားရောင်းဈေးလည်း သိသိသာသာ များကုန်မှာ ဖြစ်ပါတယ်။ အဲဒီအခါမှာ ယှဉ်ပြိုင်ပွဲမှာ ဈေးကြီးနေတာနဲ့တင် တစ်ပန်းရှုံးနေတော့မှာ ဖြစ်ပါတယ်။ 

Source:.autoindustry.com/

Read 708 times