တစ်ပတ်အတွင်း ကားဈေးကွက်အခြေအနေနှင့် ကားဈေးနှုန်းများ


၂၀၁၈ ခုနှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ်ချက်များ ထုတ်ပြန်ပြီးနောက်ပိုင်းတွင် ကားစျေးများ မိုင်ကုန်ဖြင့်တက်သွားသော်လည်း တက်စျေးဖြင့် အရောင်းအဝယ်အဖြစ် နည်းနေသည့်အတွက် အရောင်းအဝယ်အေးစက်နေသည်။

စျေးကွက်အတွင်း ရန်ကုန်လိုင်စင်ဖြင့် အသစ်တင်သွင်းထားသည့် အင်ဂျင်ပါဝါ ၁၃၀၀ စီစီ ကားများမှာလည်း စျေးများ မိုင်ကုန်မြင့်တက်နေသကဲ့သို့ ကားအရောင်းစင်တာများတွင် ရှိသော Honda Fit GK3၊ Honda Fit Shuttle စသည့်ကားများကိုလည်း ကျပ်သိန်းသုံးရာဝန်ကျင်အထိ ခေါ်ရောင်းနေကြောင်း ပြည်တွင်း၌ CKD၊ SKD စနစ်ဖြင့် ထုတ်လုပ်သော ရန်ကုန်လိုင်စင်အမည်ပေါက် Suzuki Ciaz၊ Suzuki Ertiga နှင့် Nissan Sunny စသည့်ကားများအပေါ် အာရုံစိုက်လာကြောင်း သိရပါသည်။

ညာမောင်ကားများ၏ စျေးမှာ မိုင်ကုန်မြင့်တက်နေသည့်အချိန်တွင် သိန်းနှစ်ရာနှင့် သိန်းသုံးရာကြား သုံးချင်သူများအတွက် လက်ငင်းငွေချေရမည့်အစား အရစ်ကျရောင်းပေးသော Suzuki Ciaz၊ Suzuki Ertiga နှင့် Nissan Sunny တို့ဘက်သို့  စိတ်ဝင်စားမှုရှိလာကြပါသည်။

နယ်အဝယ်များ ဆင်းသော်လည်း ယခင်နှစ်များလောက် မရောင်းရကြောင်း၊ ပါမစ်လျှောက်ရမည့် ရက်က ကျန်နေသေးသည့်အတွက် စလစ်စျေးများက ယခုရက်ပိုင်းတွင် ကျဆင်းရန်မရှိကြောင်း၊ ပါမစ်သက်တမ်းတိုးပေးလိုက်သည့်အတွက် အရောင်းအဝယ်လိုက်နေသော အခြေအနေ ရပ်တန့်သွားပြီး ကားစျေးနှုန်းများ အတက်အကျမရှိကြောင်း RIXS Group မန်နေဂျင်း ဒါရိုက်တာကပြောကြားပါသည်။

လာမည့်နှစ်မှစ၍ ၂၀၁၄ မိုဒယ်နှင့်အထက် ဘယ်မောင်းကားများကိုသာ တင်သွင်းရမည်ဖြစ်ရာ ကိုရီးယား၊ တရုတ်ကားများကို တင်သွင်းမည့်လိုင်း၊ ဥရောပထုတ် ဘယ်မောင်းကားများကို တင်သွင်းမည့်လိုင်း၊ ဒူဘိုင်းကဲ့သို့ ဘယ်မောင်းအသုံးပြုသည့် အာရှနိုင်ငံမှ ဂျပန်ဘယ်မောင်းကားများကို တစ်ဆင့်ပြန်လည်တင်သွင်းမည့် လိုင်း အစရှိသဖြင့် တင်သွင်းမည့် ပုံစံအမျိုးမျိုးပြောင်းလဲသွားမည်ဖြစ်သည်။

ထို့အပြင် စျေးကွက်အတွင်း၌လည်း အသစ်ဝင်ရောက်လာမည့် ဘယ်မောင်းကားစျေးကွက်နှင့် ညာမောင်းစျေးကွက်ဟူ၍ စျေးကွက်နှစ်မျိုးကွဲပြားသွားမည် ဖြစ်သည်။

အပြင်ဝယ်လက်များကလည်း တက်စျေးအတိုင်းမပေးဘဲ ယခင်ပေါက်စျေးဖြင့်သာ စျေးဆစ်ပြီး ဝယ်ယူကြသဖြင့် စျေးတန်းစုံစမ်းရုံသာဖြစ်ပြီး လက်တွေ့အရောင်းအဝယ်မဖြစ်ကြောင်း သိရပါသည်။

ဝယ်/ရောင်းများကလည်း လက်ထဲတွင်ရှိသော ကားကို စျေးလျှော့ရောင်းပြီး ရောင်းရပါက နောက်တစ်စီးပြန်ရှာရာတွင် တက်စျေးဖြင့် ဝယ်ရမည်ဖြစ်သောကြောင့် ကြိုက်စျေးမရလျှင် မရောင်းဘဲ တင်းခံနေကြသည့်တွက် အရောင်းအဝယ်အဖြစ်နည်းသွားခြင်းဖြစ်ကြောင်း ကားဝယ်/ရောင်းများထံမှ သိရပါသည်။

တစ်ဦးချင်းမော်တော်ယာဉ်တင်သွင်းခွင့်ပါမစ်လျှောက်ထားခြင်းကို ဒီဇင်ဘာ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ခွင့်ပြုပေးခဲ့ရာ အဆိုပါ ရက်မတိုင်မီအတွင်း စလစ်စျေးများ မြင့်တက်နေသော်လည်း ယင်းရက်နောက်ပိုင်းတွင် စလစ်စျေးများ ပြန်လည်ကျဆင်းသွားဖွယ်ရှိကြောင်း  ကားတင်သွင်းသူများက ခန့်မှန်းထားကြပါသည်။

ကားစျေးနှုန်းများ

စဉ်       ကားအမျိုးအစားများ       နံပါတ်   မိုဒယ်   စျေးနှုန်း
၁ Honda Fit ယာယီ 2011 230
၂ Toyota Wish YGN 2011 355
၃ Suzuki Swift MDY 2011 175
၄ Toyota Alphard YGN 2003 345
၅ Toyota Probox BGO 2012 190
၆ Toyota Vanguard YGN 2011 560
၇ Honda Insight MDY 2012 230
၈ Toyota Harrier YGN 2004 463
၉ Toyota Hilux Vigo MDY 2012 330
၁၀ Toyota Vitz ယာယီ 2012 200
Read 2067 times