ဓာတ်ဆီဈေးနှုန်းမြင့်တက်နေသော အခါသမယတွင် မိမိတွင် ဓာတ်ဆီစားနည်းသော ကားပိုင်ဆိုင်ထားပါက စိတ်ချမ်းသာမှု၊ ထွက်ငွေလျော့နည်းမှု၊များ ရရှိမည်ဖြစ်ပါသည်။
ထို့ကြောင့် ကားမောင်းသူများအတွက် လူကြိုက်များပြီး ဆီစားနည်းသော ၁၃၀၀ စီစီ Toyota ကားများကို ဖော်ပြပေးလိုက်ပါသည်။
Toyota Belta
Belta ကို မြောက်အမေရိကနှင့် သြစတြေးလျဈေးကွက်များကို တင်သွင်းခဲ့သော Toyota Yaris နှင့် တောင်အာရှဈေးကွက်ကို တင်သွင်းဖြန့်ချိခဲ့သော Toyota Vios ကို အခြေခံထုတ်လုပ်ထားခြင်းဖြစ်ပြီး သိပ်သည်းကျစ်လျစ်သော Sendan ကားအမျိုးအစားဖြစ်ပါသည်။
Toyota Belta ကို ဂျပန်နိုင်ငံက Toyota Motor Corporation ကသာ ၂ဝဝ၅ ခုနှစ်က စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး Sedan ကားထဲတွင် လူကြိုက်များသော ကားအမျိုးအစားတစ်ခု ဖြစ်ပါသည်။
၂ဝ၁၂ ခုနှစ်၊ ဇွန်လအရောက်တွင် ထုတ်လုပ်မှုကို အဆုံးသတ်ခဲ့ပြီး Belta ၏နေရာမှာ Yaris ကိုတော့ သြစတြေးလျမှာ ဆက်လက်ထုတ်လုပ်နေဆဲဖြစ်ပါသည်။
Toyota Probox
ရန်ကုန်မြို့၏ အငှားယာဉ်ဈေးကွက်တွင် Toyota Probox က AD Van ၊ Honda Airwave များထက် ဈေးကွက်ဝေစုပိုရနေပြီး ၁၃ဝဝ စီစီ ထက် ၁၅ဝဝ စီစီ ကို အကြမ်းခံသည့်အတွက် ပိုပြီးရွေးချယ်လာကြပါသည်။
Toyota Probox က မီးလောင်လွယ်သည်ဟုဆိုပြီး ဝယ်လက်နည်းသွားခဲ့သော်လည်း မီးလောင်ရခြင်း အကြောင်းရင်းက အင်ဂျင် Error ကြောင့်မဟုတ်ဘဲ User Fault ကြောင့်လို့ သိလာကြသည့်အခါမှာ ဝယ်လိုအားပြန်ကောင်းလာခဲ့ပါသည်။
Toyota ကုမ္ပဏီက Corolla Van နေရာတွင် အစားထိုးရန်အတွက် Probox ကို ၂ဝဝ၂ ခုနှစ်က စပြီးထုတ်လုပ်ခဲ့ပါသည်။
Toyota Corolla Axio
Corolla ၏ မျိုးဆက်များထဲက တစ်ခုဖြစ်သော Axio ကို ၂ဝဝ၆ ခုနှစ်မှ စတင်ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပါသည်။
ထုတ်လုပ်သက်တမ်း မကြာသေးသေ်ာလည်း ဒီဇိုင်းဆန်းသစ်ပြီး ပေးလိုက်ရသောတန်ဖိုးနှင့် ညီမျှသော အရည်အသွေးတစ်ခုကို ရရှိသည့်အတွက် နိုင်ငံတကာကားဈေးကွက်တွင် သာမက မြန်မာပြည်တွင်းဈေးကွက်မှာလည်း လူကြိုက်များသည့် Sedan ကားအမျိုးအစား ဖြစ်ပါသည်။
Axio ကို Greek စကားလုံး ‘Axia ‘ (တန်ဖိုးရှိသောအရာ) မှ ဖန်တီးယူခဲ့ခြင်းဖြစ်ပါသည်။
Toyota Ractis
Mini MPV အမျိုးအစားဖြစ်သော Toyota Ractis ကို ၂ဝဝ၅ ခုနှစ်၊ အောက်တိုဘာလမှာ Toyota နှင့် Kanto Auto Works တို့က ပူးပေါင်းပြီး ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပါသည်။
Toyota Ractis က ငါးယောက်စီး ကားအမျိုးအစားဖြစ်ပြီး Toyota Vitz ကို အခြေခံ ထုတ်လုပ်ခဲ့ခြင်းသာ ဖြစ်ပါသည်။
Ractis ဆိုသော အမည်နာမမှာ Run ၊ Activity ၊Space စသည့် စကားလုံးများကို ပေါင်းစုထားခြင်းဖြစ်ပါသည်။
Toyota Vitz
Toyota ကုမ္ပဏီမှ Hatchback ကားအမျိုးအစားဖြစ်သော Toyota Vitz ကို ၁၉၉၉ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး Toyota Vitz ကို Toyota Yaris ဆိုသော အမည်တစ်မျိုးနှင့်လည်း ထုတ်လုပ်ပြီး အမေရိကန်နှင့် ဥရောပနိုင်ငံတချို့ကို တင်ပို့ရောင်းချခဲ့ပါသည်။
ဆီစားနှုန်းသက်သာပြီး ကားကြံ့ခိုင်မှုရှိသော Toyota Vitz ကို လူကြိုက်များခဲ့သည့်အတွက်လည်း ၂ဝ၁ဝ မိုဒယ်အထိ နိုင်ငံပေါင်း ခုနစ်ဆယ်ကို အစီးရေ သုံးသန်းခွဲ ရောင်းချနိုင်ခဲ့ပါသည်။
Toyota bB
Toyota ကထုတ်လုပ်သော Mini MPV ကားအမျိုးအစား Toyota bB သည် Toyota Vitz ကိုအခြေခံပြီး ဂျပန်နိုင်ငံမှာရှိသော အသက် ၂ဝ ဝန်းကျင်လူငယ်များကို ဈေးကွက်ဦးတည်ထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။
ထို့ကြောင့်လည်း ဂျပန်နိုင်ငံမှာရှိသော ဆယ်ကျော်သက်လူငယ်များကြားတွင် ရေပန်းစားခဲ့သော ကားအမျိုးအစားဖြစ်ပါသည်။
ဒုတိယမျိုးဆက်မှာတော့ အတွင်းခန်းကျယ်ဝန်းမှုနှင့် Music Player များကို အသားပေးထုတ်လုပ်ခဲ့သည့်အတွက် လူငယ်များ၏ နှစ်ခြိုက်မှုကို ရရှိခဲ့ပါသည်။
ထိုကား၏ပုံစံကို နမူနာယူပြီး Daihatsu Materi ၊ Daihatsu Boon ၊ Daihatsu Sirion ၊ Subaru Dex များက ပုံစံတူအဖြစ် ထုတ်လုပ်ထားပါသည်။