ဖော်ပြပေးမည့် ကားအမျိုးအစားများသည် မြန်မာပြည်ဈေးကွက်တွင် လူကြိုက်များပြီး ဆီစားသက်သာသော ၁၃၀၀ စီစီ အမျိုးအစားကားများ ဖြစ်ပါသည်။
Honda Civic Hybrid
Civic Hybrid ကို ၂ဝဝ၁ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုက ပထမဆုံး Hybrid Automobile အဖြစ် California Air Resources Board (CARB) က ချီးမြှင့်ခဲ့သော Advance Technology Partial Zero Emissions Vehicle (AT-PZEV) ကို ရရှိခဲ့ပါသည်။
Civic Hybrid က ၂ဝဝ၆ မိုဒယ်မှ ၂ဝ၁၁ မိုဒယ်အထိ ဒုတိယမျိုးဆက်နှင့် ၂ဝ၁၂ မိုဒယ်နှင့် အထက်ကို တတိယမျိုးဆက်အဖြစ် သတ်မှတ်ခဲ့ပါသည်။
Honda Fit
Honda Fit Series များက ၁၃ဝဝ စီစီ ကားဈေးကွက်တွင် နံပါတ်တစ်နေရာမှ ဦးဆောင်နေပါသည်။
Fit ကို ဥရောပနှင့် အနောက်နိုင်ငံများတွင် Honda Jazz ဟု လူသိများပြီး ပထမမျိုးဆက်ဖြစ်သော ၂ဝဝ၁ မိုဒယ်မှ ၂ဝဝ၇ မိုဒယ်အထိကို GD Series ဟု သတ်မှတ်ခဲ့ပြီး ဒုတိယမျိုးဆက် ၂ဝဝ၇ မိုဒယ်မှ ၂ဝ၁၂ ကို GE Series ဆိုပြီး သတ်မှတ်ခဲ့ပါသည်။
နောက်ဆုံးမျိုးဆက်ဖြစ်သော GK Series ကိုတော့ ၂ဝ၁၃ မိုဒယ်မှ စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါသည်။
Honda Fit ကို နိုင်ငံရှစ်နိုင်ငံမှာရှိသော ကားစက်ရုံ ၁ဝ ခုမှာ တပ်ဆင်ထုတ်လုပ်ထားပြီး ၂ဝဝ၁ ခုနှစ်မှ ၂ဝ၁၃ နှစ်လယ်ပိုင်းအထိ ကားအစီးရေ ငါးသန်း ရောင်းချနိုင်ခဲ့ပါသည်။
Honda Insight
Insight ကို ၁၉၉၇ ခုနှစ်မှာကျင်းပသော Tokyo Motor Show တွင် Concept ကားအနေနှင့် ပြသခဲ့သော Honda J-VX ကားကို အခြေခံထုတ်လုပ်ထားခြင်းဖြစ်ပါသည်။
Insight ကို Honda က Integrated Motor Assist စနစ်နှင့် ထုတ်လုပ်ထားပြီး ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလမှာ စတင်ရောင်းချခဲ့ခြင်းဖြစ်ပါသည်။
မြောက်အမေရိကမှာ ပထမဆုံး Hybrid ကားအမျိုးအစားဖြစ်ခဲ့ပြီး Toyota Prius ထက် ဈေးကွက်ဦးခဲ့ပါသည်။
Nissan Note
Nissan ကုမ္ပဏီက Note ကို Nissan Micra ၊ Nissan Juke များကဲ့သို့ နောက်ဖုံးဖွင့် Hatchback ကားများနှင့် ဈေးကွက်ယှဉ်ပြီး ရောင်းချနိုင်ရန်အတွက် V-Platform ကို အခြေခံထုတ်လုပ်ထားခြင်းဖြစ်ပါသည်။
Nissan Note ကို ၂ဝဝ၄ ခုနှစ်က စတင်ထုတ်လုပ်ခဲ့ပြီး ပထမမျိုးဆက်မှာ ဘော်ဒီအချိုးမပြောင်းဘဲ မီးခွက်နဲ့ ရှဲလ်ပုံစံများသာ အမျိုးမျိုးပြောင်းလဲထုတ်လုပ်ခဲ့သော်လည်း ၂ဝ၁၂ မိုဒယ်မှာတော့ ကားပုံစံတစ်ခုလုံး ပြောင်းသွားပါသည်။
Suzuki Swift
၁၃ဝဝ စီစီကားထဲမှာ လူငယ်ကြိုက်ကားအမျိုးအစားဖြစ်သော Swift ကို ၂ဝဝဝ ပြည့်နှစ်က စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၈ ခုနှစ်အထိဆိုလျှင် စတုတ္ထမျိုးဆက်ရှိခဲ့ပါပြီ။
မိုဒယ်အနိမ့်များတုန်းက ဒီဇိုင်းပုံစံ မလှပခဲ့သော်လည်း ၂ဝဝ၆ မိုဒယ်နောက်ပိုင်းမှာ ကားဒီဇိုင်းက ဆွဲဆောင်မှုရှိခဲ့ပါသည်။
အင်ဂျင်ပါဝါနည်းသော်လည်း စက်စွမ်းအားကောင်းမွန်ပြီး Swift Sport ကိုလည်း Manual Gear နှင့် Sport Type ပုံစံ ထုတ်လုပ်ထားပါသည်။
Mitsubishi Colt
Mitsubishi ထုတ်ကားများထဲတွင် Colt က သက်တမ်းအရင့်ဆုံးဖြစ်ပြီး ၁၉၆၂ ခုနှစ်ကတည်းက ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါသည်။
၁၉၆၂ ခုနှစ်မှ ၁၉၇၁ ခုနှစ်အတွင်းတွင် Colt 600 ၊800 ၊ 1000 ၊ 1100 ၊1200 ၊1500 နှင့် ၁၉၉၈ မှ ၂ဝဝ၂ အတွင်းမှာ Mirage စသော Sub-Brand များနှင့် ထုတ်လုပ်ခဲ့ပါသည်။
ယခုလမ်းပေါ်မှာ မြင်တွေ့နေသော Colt ဒီဇိုင်းအသစ်ကိုတော့ ၂ဝဝ၂ ခုနှစ်မှ စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ပြင်သစ်နိုင်ငံသား Olivier Boulay က ပုံဖော်ခဲ့ခြင်းဖြစ်ပါသည်။
Mazda Demio
Super Mini Car ဖြစ်သော Mazda Demio ကို ၁၉၉၆ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး စတုတ္တမျိုးဆက်အထိ ရောက်ရှိခဲ့ပြီးဖြစ်ပါသည်။
နောက်ဆုံးမျိုးဆက်ကို ၂ဝ၁၄ မိုဒယ်မှ စတင်ခဲ့ပြီး Geneva Motor Show တွင် Concept Car အဖြစ် ပြသခဲ့ပါသည်။
Mazda Demio စတုတ္ထမျိုးဆက်သည် Mazda CX-5 ကို အခြေခံထားထုတ်လုပ်ထားပြီး Ford Fiesta နှင့်လည်း ဒီဇိုင်းချင်းဆင်တူပါသည်။
ထိုမျိုးဆက်ကို ထုတ်လုပ်ပြီး မကြာခင်မှာပဲ Japanese Car of the Year ဆုကို ရရှိခဲ့ပါသည်။
ယခုနှစ်၏ ကားတင်သွင်းခွင့်မူဝါဒနှင့် ဂျပန်ဘယ်မောင်းကားများ၊ ဥရောပနှင့် အမေရိကန်ကကားများ ဝင်ရောက်လာသော်လည်း ကားတန်ဖိုးများသလို ပေးဆောင်ရသည့်အခွန်ကလည်းများသည့်အတွက် ဂျပန်ညာမောင်း ၁၃ဝဝ စီစီကားများလောက် ဈေးကွက်အောင်မြင်မှု မရသေးပေ။
မြန်မာပြည်ကားဈေးကွက်အနေအထားအရ ဂျပန်ကားဟောင်းများပဲ ဆက်ပြီး ဦးဆောင်ဦးမည်ဖြစ်၍ ၁၃ဝဝ စီစီ ညာမောင်းကားဈေးကွက်ကလည်း အရောင်းအဝယ် အဖြစ်များဆုံးကားများထဲတွင် ရှိနေဦးမည်ဖြစ်ပါသည်။