တစ်ပတ်အတွင်းဖြစ်ပေါ်နေသောကားဈေးကွက်အခြေအနေနှင့် ကားဈေးနှုန်းများ


၂၀၁၇ ခုနှစ်အကုန် ကာလများတွင် ကားစျေးကွက်မှာ တည်ငြိမ်မှုမရှိဘဲ ဖြတ်သန်းခဲ့ရသကဲ့သို့ ယခုနှစ်ပိုင်းအစပိုင်းတွင်လည်း မြင့်တက်ခဲ့သော ကားစျေးနှုန်းများမှာ တက်စျေးဖြင့် ငြိမ်သက်နေပြီး အရောင်းအဝယ်အေးစက်နေပါသည်။

ကားစျေးများအတက်အကျမရှိသော်လည်း အမြင့်စျေးဖြင့် ငြိမ်သက်နေသောကြောင့် စျေးကွက်အေးနေပြီး ၁၃၀၀ စီစီ ကားအချို့သာ အရောင်းအဝယ်ရှိနေကြောင်း သိရပါသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်အဝယ်သမားများသာမက နယ်အဝယ်များပါ အဆင်းနည်းနေ၍ အရောင်းအဝယ်အေးနေပြီး CIF တန်ဖိုးများ မထုတ်ပြန်တော့သည့်အတွက်လည်း ၂၀၁၈ ပါမစ်အဖြစ် တင်သွင်းမည့်ကားများကိုဆိပ်ကမ်းအရောက် တန်ဖိုးသတ်မှတ်ရန် တွက်ချက်နေ၍ ကားတင်သွင်းမှုများ လျော့နည်းသွားခဲ့သည်။

အရောင်းအဝယ်ငြိမ်နေပြီး ဝယ်လက်နည်းနေသည့် ယခုအချိန်တွင် ကားတစ်စီးကို အမြတ်ရရန် မလွယ်ကူတော့ကြောင်း ကားဝယ်/ရောင်းများက ပြောပါသည်။

ကားအရောင်းအဝယ်များ အေးစက်နေသည့်အချိန်တွင် ငွေလှည့်လိုသူများမှ စျေးချရောင်းသည့်ကားများသာ အရောင်းအဝယ်ဖြစ်နေပါသည်။

ယခုရက်ပိုင်းအတွင်း စျေးအနည်းငယ်ပြန်ဆင်းလာသော ၁၃၀၀ စီစီကားလေးများ အရောင်းအဝယ် အနည်းငယ်ဖြစ်ပြီး စလစ်ကပ်ကားများမှာမူ တက်စျေးအတိုင်းမဟုတ်ဘဲ စျေးချရောင်းသောကားများသာအရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။

အပြင်ဝယ်လက်များကလည်း တက်စျေးအတိုင်းမပေးဘဲ ယခင်ပေါက်စျေးဖြင့်သာ စျေးဆစ်ပြီးဝယ်ယူကြသဖြင့် အဝယ်အများစုမှာ စျေးတန်းစုံစမ်းရုံသာဖြစ်ပြီး လက်တွေ့အရောင်းအဝယ်မဖြစ်ကြောင်း သိရပါသည်။

ဂျပန်ညာမောင်းကားများ စျေးမြင့်တက်သွားသည့်အတွက်လည်း အပြင်အဝယ်အများစုက အရစ်ကျစနစ်ဖြင့် ရောင်းချသော Brand New ကားများအပေါ်အာရုံစိုက်လာကြသည်။

ဘဏ်များနှင့်ချိတ်ဆက်၍ အရစ်ကျစနစ်ဖြင့် ရောင်းချမှုမှာ ယခင်ကထက် အားကောင်းလာသည့်အတွက် ကားအရောင်းစင်တာများမှ တင်သွင်းထားသည့် Used ကားများကိုလည်း လက်ငင်းထက် အရစ်ကျစနစ်ဖြင့်ရောင်းဝယ်လာကြကြောင်း သိရပါသည်။

နှစ်အစတွင် ကားစျေးများ ရပ်တန့်သွားပြီး မူဝါဒအသစ်ဖြင့် ဘယ်မောင်းကားများသာ တင်သွင်းရမည်ဖြစ်သောကြောင့် စလစ်စျေးများမှာလည် ပြန်လည်ကျဆင်းသွားကာ ယခုရက်ပိုင်းအတွင်း သက်တမ်းနှစ်နှစ်ဆယ်စလစ်တစ်စောင်လျှင် ကျပ် ၁၁၂ သိန်းဝန်းကျင်သာ ပေါက်စျေးရှိကြောင်း သိရပါသည်။

ကားစျေးများ

စဉ် ကားအမျိုးအစား နံပါတ် မိုဒယ် စျေးနှုန်း
၁ Honda Fit BGO 2012 195
၂ Toyota Kluger YGN 2005 375
၃ Honda Insight MDY 2011 245
၄ Suzuki Swift BGO 2011 185
၅ Toyota Crown YGN 2003 330
၆ Toyota Vitz ယာယီ 2012 185
၇ Toyota Vanguard MDY 2011 550
၈ Toyota Belta ယာယီ 2011 210
၉ Toyota Hilux Vigo MDY 2012 325
၁၀ Nissan Juke MDY 2011 335

 

Read 8038 times