ကားဝယ်ယူခွင့်ပေါ်လစီကို စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းနေမှုများကြောင့် ယခင်နှစ် အရောင်းအဝယ်ကို မမီ


အခွန်အကောက်ဥပဒေအပြောင်းအလဲနှင့် ရန်ကုန်လိုင်စင်ဖြင့် ကားတင်သွင်းခွင့်ပြုမည်ဆိုသည့် သတင်းများကြောင့် ဧပြီလ မတိုင်ခင်ကတည်းက အေးစက်ခဲ့သည့် ကားဈေးကွက်သည် ကျောင်းဖွင့်ရာသီ နီးကပ်လာသည့်အတွက် အရောင်းအဝယ်ပြန်လည်လှုပ်ခတ်လာပြီး ရန်ကုန်လိုင်စင် နံပါတ်ထွက်ပြီးသား ကားများနှင့် နယ်လိုင်စင် ၁၃၀၀ စီစီကားများ အရောင်းအဝယ်ပြန်ဖြစ်လာပါသည်။

ယခုရက်ပိုင်းအတွင်း ဈေးကွက်ပြန်လည်လှုပ်ခတ်လာသည်ဟုဆိုသော်လည်း ဘယ်မောင်းကားများသာ တင်သွင်းခွင့်ရမည့် မူဝါဒကြောင့် တင်သွင်းရမည့်ကား ရှားပါးသွားခြင်းနှင့် ရန်ကုန်လိုင်စင်ဖြင့် ကားဝယ်ယူခွင့်ပေါ်လစီကို စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းနေမှုများကြောင့် ယခင်နှစ် အရောင်းအဝယ်ကို မမီသေးကြောင်း ကားတင်သွင်းသူများက ဆိုပါသည်။

နယ်လိုင်စင်ကားများကို မြို့ဝင်ကြေးကောက်ခံမည်ဆိုသော သတင်းများနှင့် ရန်ကုန်လိုင်စင် ပြန်ချပေးမည့်အချိန်ကို စောင့်ကြည့်နေကြသည့်အတွက် အရောင်းအဝယ်က ထင်သလောက် မကောင်းသေးပေ။

မြို့ဝင်ကြေးကောက်မည်ဆိုလျှင် ကောက်ခံသည့်ဈေးအပေါ်မူတည်ပြီး နယ်လိုင်စင်ကားဈေးက အပြောင်းအလဲ ဖြစ်သွားမည်ဖြစ်ပါသည်။

၂၀၁၈ ခုနှစ်အတွက် ကားတင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ်ချက်တွင် ဘယ်မောင်းကားများကိုသာ တင်သွင်းရမည်ဖြစ်သည့်အတွက်ကားအသစ်များတင်သွင်းရန် ခက်ခဲသွား၍ ရောက်ရှိပြီးသားကားများကို အမြတ်မြတ်နည်းနည်းဖြင့် မရောင်းချတော့ဘဲ ဈေးများထိန်းပြီး ရောင်းချနေကြောင်း သိရပါသည်။

တင်သွင်းရန် ကားရှားပါးနေချိန်တွင် ကားဟောင်းဈေးကွက်မှာ ဆက်လက်ဦးဆောင်နေပါသည်။

ကားသစ်များ တင်သွင်းရန် ခက်ခဲနေသည့်အတွက်လည်း ကားဝယ်/ရောင်းများသာမက ကားအရောင်းစင်တာများပါ ဈေးကွက်အတွင်းရှိ ရောက်ရှိပြီးသားကားများကို ရှာဖွေဝယ်ယူကာ အရောင်းအဝယ်ပြု လုပ်နေကြောင်း သိရပါသည်။

ကားအရောင်းစင်တာအများစုမှာ နံပါတ်ထွက်ပြီးသား Crown ၊Mark X ၊Mark II ၊Premio ၊RAV-4 ၊Kluger စသည့် လိုင်းပေါ်ရှိကားများကို အဓိကထားပြီး ဝယ်ယူနေကြသည်။

အသစ်တင်သွင်းရန် ကားရှားသွားသလို တင်သွင်းပြီးရင်လည်း ဈေးများသည့်အတွက် အဝယ်နည်းပြီး အရောင်းအဝယ်ပြုရသည်မှာ ခက်ခဲသွားသောကြောင့် ဂျပန်ညာမောင်းကားဈေးကွက်သာ ဆက်ပြီးကောင်းနေမည်ဖြစ်ကြောင်း ကားဝယ်/ရောင်း တစ်ဦးက ပြောကြားခဲ့ပါသည်။

ယာဉ်ရောင်းဝယ်ရေးစနစ်များတွင်လည်း ယခင်ဈေးကွက်မတည်ငြိမ်စဉ်က အက္ခရာနိမ့်ကားဟောင်းများကိုသာ အရောင်းအဝယ်ပြုလုပ်နေခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း စတိနံပါတ်ကားများါ အရောင်းအဝယ်ပြန်ဖြစ်လာကြောင်း သိရပါသည်။

၁၃၀၀ စီစီ စတိနံပါတ်ကားများ အရောင်းအဝယ်ပြန်ဖြစ်လာသည့်အတွက်လည်း စလစ်ဈေးကွက်လှုပ်ခတ်လာခဲ့ပြီး သက်တမ်းနှစ် နှစ်ဆယ် ရန်ကုန်စလစ်တစ်စောင်သည် ၁၂၆ သိန်းဝန်းကျင် ပေါက်ဈေးရှိကြောင်း သိရပါသည်။

ကားဈေးနှုန်းများ

စဉ်   ကားအမျိုးအစား  နံပါတ်  မိုဒယ်  ဈေးနှုန်း
၁ Toyota Mark II YGN 2003 200
၂ Toyota Hilux Vigo MDY 2012 295
၃ Honda Insight MDY 2010 220
၄ Toyota Probox MDY 2007 130
၅ Suzuki Swift ယာယီ 2011 220
၆ Toyota Hiace YGN 2007 400
၇ Toyota Ractis YGN 2011 185
၈ Toyota Alphard YGN 2003 360
၉ Nissan AD Van YGN 2011 295
၁၀ Daihatsu Hijet BGO 2012 98

 

 

 

Read 909 times