TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
မကြာသေးမီနှစ်များအတွင်း တရုတ်ကားများကို ရုရှားနိုင်ငံ လမ်းများပေါ်တွင် ပိုမိုမြင်ရတွေ့ရသည်။
၂၀၂၂ တွင် တရုတ်ကား အရောင်းပြခန်း ၄၈၇ ခု အသစ်ဖွင့်လှစ်ခဲ့သည်။ ၂၀၂၂ နှစ်ကုန်တွင် ရုရှားနိုင်ငံတွင် တရုတ်ကား အရောင်းပြခန်း ၁,၀၄၁ ခု ဖွင့်လှစ်ထားသည်။ ရုရှားနိုင်ငံရှိ ကားအရောင်းပြခန်းများတွင် သုံးပုံတစ်ပုံနီးပါးသည် တရုတ်ကား အရောင်းပြခန်းများဖြစ်ပြီး အရေအတွက် ဆက်လက်တိုးနေသည်။
၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလတွင် ယူကရိန်းကို ရုရှားကျူးကျော်ဝင်ရောက်ပြီးနောက်ပိုင်း အနောက်တိုင်းကားအမှတ်တံဆိပ်များစွာသည် ရုရှားနိုင်ငံမှ ထွက်ခွာသွားခဲ့သည်။
၂၀၂၂ နှစ်ကုန်တွင် အနောက်တိုင်းကား brand ၆၀ ခု ရှိသည့်အနက် ၄၆ခု သည် ရုရှားဈေးကွက်မှ နုတ်ထွက်ခဲ့ကြသည်။ ထို့ကြောင့် ရုရှားဈေးကွက်တွင် တရုတ်ကား brand များ နေရာဝင်ယူရန်အတွက် အခွင့်အလမ်း ဖန်တီးပေးခဲ့သည်။ ၂၀၂၃ တွင် တရုတ် မော်တော်ကား brand ၁၀၀ ခန့် ရုရှားဈေးကွက်သို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ခန့်မှန်းရသည်။
Chery ကားမော်ဒယ်များကို ရုရှားတွင် ပြသထားပုံ
၂၀၂၂ ခုနှစ်တွင် ရုရှားကားေဈးကွက်တွင် တရုတ်ကားပေါင်း ၁၂၂,၀၀၀ ရောင်းချခဲ့ပြီး ၂၀၂၁ ထက် ၁၃% မြင့်တက်သည်။
ဈေးကွက်ဝေစုကို ကြည့်လျှင် ရုရှားဈေးကွက်တွင် တရုတ်ကားများ၏ စျေးကွက်ဝေစုသည် ယမန်နှစ် ၂၀၂၂ နှစ်ကုန်ပိုင်းတွင် ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ရုရှား မော်တော်ယာဥ်စျေးကွက် လေ့လာဆန်းစစ်သည့် လုပ်ငန်း Autostat မှပြုလုပ်သော စစ်တမ်းတစ်ခုအရ နိုင်ငံအလိုက် ဈေးကွက်ဝေစုမှာ တရုတ် ၂၀% ၊ ဥရောပ ၁၆% ၊ ရုရှား ၁၅%၊ ကိုရီးယား ၁၁% ၊ ဂျပန် ၁၀% ၊ အမေရိကန် ၂.၅% အသီးသီး ရရှိထားသည်။
တရုတ်ကားကုမ္ပဏီများသည် ရုရှားသို့ ၂၀၀၄ ခုနှစ်အစောပိုင်းတွင် စတင်ဝင်ရောက်ခဲ့သည်။ ထိုနှစ်တွင် စီးရေ ၁၅၀ မျှသာ ရောင်းချနိုင်ခဲ့သည်။
၂၀၁၃ တွင် ရောင်းရစီးရေ ၁ သိန်းကျော် မိုင်တိုင်ကို ဖြတ်သန်းခဲ့သည်။ ရောင်းအားအကောင်းဆုံး ကားကုမ္ပဏီများမှာ Chery, Great Wall Motors, Geely တို့ဖြစ်သည်။
တရုတ်ကားကုမ္ပဏီများ အဓိက ယှဉ်ပြိုင်ရသည်မှာ ရုရှားကားများ ဖြစ်သည်။ ရုရှားကား အမှတ်တံဆိပ်များသည် အလွန်ဈေးသက်သာသည်။ ဈေးနှုန်းအနိမ့်တန်းဖြင့် ရောင်းချကြသည်။
ဈေးနှုန်းအလယ်အလတ်နှင့် တန်ဖိုးကြီးသည့် ဈေးကွက်အပိုင်းအကန့်တွင် ဥရောပ၊ အမေရိကန်၊ ဂျပန်နှင့် တောင်ကိုးရီးယား အမှတ်တံဆိပ်များက အစောကတည်းက နေရာယူထားနှင့်ကြသည်ကို တရုတ်ကားကုမ္ပဏီများ ယှဉ်ပြိုင်ကြရသည်။
လက်ရှိတွင် Chery သည် brand ၃ ခုကို အဓိက အားပြုထားသည်။ ယင်းတို့မှာ Chery, Exeed, Omoda တို့ဖြစ်သည်။
Omoda ကြော်ငြာ
၎င်း brand ၃ ခုတို့၏ ၂၀၂၂ ရောင်းအား အသီးသီးမှာ Chery ၃၈,၀၀၀ စီး၊ Exeed ၁၃,၀၀၀ စီး၊ Omoda ၁,၅၂၁ စီး ဖြစ်သည်။ ရုရှားဈေးကွက်တွင် Chery ကုမ္ပဏီသည် တရုတ်ကားကုမ္ဏီများထဲတွင် ရောင်းရစီးရေအရ ပထမ နေရာတွင် ရှိသည်။
Great Wall Motors က Haval F7 ကို ရုရှားမှာ ထုတ်လုပ်သည်
Great Wall Motors က Haval F7 မော်ဒယ်ကို ရုရှားနိုင်ငံရှိ Tula စက်ရုံတွင် တပ်ဆင်ထုတ်လုပ်သည်။
Great Wall Motors သည် လွန်ခဲ့သောနှစ်အနည်းငယ်က ရုရှားတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံခဲ့သည်။ အသစ်တည်ဆောက်ခဲ့သော Tula စက်ရုံသည် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကုန်ကျသည်။ ၂၀၁၉ တွင် တည်ဆောက်ပြီးစီးခဲ့သည်။ ၎င်းသည် တရုတ်အမှတ်တံဆိပ်တစ်ခု၏ နိုင်ငံရပ်ခြားရှိ ပထမဆုံး ရာနှုန်းပြည့်ပိုင်ဆိုင်သည့် ကားစက်ရုံဖြစ်သည်။ ၂၀၂၂ ခုနှစ်တွင် Great Wall Motors GWM သည် ရုရှားတွင် စုစုပေါင်း ကားအစီးရေ ၃၅,၀၀၀ ရောင်းချခဲ့သည်။
ရုရှားဈေးကွက်တွင် GWM ကုမ္ပဏီသည် တရုတ်ကားကုမ္ဏီများထဲတွင် ရောင်းရစီးရေအရ ဒုတိယ နေရာတွင် ရှိသည်။
တတိယနေရာတွင် Geely ရှိနေပြီး စီးရေ ၂၄,၀၀၀ ရောင်းချခဲ့သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခါစ အစောပိုင်းကာလများတွင် ဆိုဗီယက်ယူနီယံသည် ကားထုတ်လုပ်နိုင်စေရန် နိုင်ငံပိုင် ကားလုပါငန်း FAW မှ ကားများ ထုတ်လုပ်ရေးတွင် ကူညီပေးခဲ့သည်။
ယခုအခါ တရုတ်ကားကုမ္ပဏီများက ရုရှားဈေးကွက်ကို ဦးဆောင်နေသည့် နေရာသို့ ရောက်ရှိနေပြီ ဖြစ်သည်။
Source: Stockstar, OfWeek, YiChe
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U